ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန် ရှိဟိုစိမ့်မြန်မာ Hosheng Myanmar အထည်ချုပ် စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမား သမဂ္ဂခေါင်းဆောင် ၆ ယောက်ကို စစ်တပ်ကဖမ်းဆီးထားပြီးစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
"ရွှေပြည်သာထဲကစစ်ကြောရေးတစ်ခုမှာ စစ်ဆေးနေတယ်လို့သိရပြီ။ စစ်တပ်အုပ်ချုပ်ရာနယ်မြေမှာ သမဂ္ဂလက်မခံဘူးတဲ့။ အခြားမြို့နယ်မှာသွားဖွဲ့ စစ်အုပ်ချုပ်ရေးနယ်မြေမှာ လာမဖွဲ့နဲ့တဲ့။ သမဂ္ဂဖွဲ့ပြီး အလုပ်သမားတွေဆူပူအောင်လုပ်လို့တဲ့။ ဒီပုံအတိုင်းဆို ပုဒ်မ၅၀၅ တပ်နိုင်တယ်။ ခုကတော့ပုဒ်မ မတပ်ရသေးဘူး။ ကျွန်တော်တို့သိရသလောက်က ၆ယောက်ပဲ"လို့ အမည်မဖော်လိုသူတစ်ဦးက ဆိုပါတယ်။
လုပ်ငန်းခွင်ထဲမှာလုပ်ကိုင်နေတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၇ ဦးကို အလုပ်ခွင်အတွင်း ဆူပူမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်တယ်ဆိုကာ စက်ရုံတာဝန်ရှိသူတွေက ဇွန်လ ၁၀ မှာအလုပ်ထုတ်ခဲ့လို့ ၎င်းတို့ ၇ ဦးကို အလုပ်ပြန်လည်ခန့်ထားပေးရန် စက်ရုံထဲက အလုပ်သမား ၆၀၀ ကျော်က စုပေါင်းဆန္ဒပြမှုဖြစ်ပွားခဲ့တာပါ။
ဇွန်လ ၁၄ ရက်နေ့ မှာတော့ ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ရုံးမှာ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားခေါင်းဆောင် ၇ ဦးနဲ့ စက်ရုံတာဝန်ရှိသူ တို့ ညှိနှိုင်းပေးမယ်ဆိုတာကြောင့် သွားရောက်ရာကနေ အပြန်ထွေအုပ်ရုံးရှေ့မှာတင် အလုပ်သမားသမဂ္ဂခေါင်းဆောင် ၇ ဦးထဲမှ အတွင်းရေးမှူးဖြစ်သူ မသူသူစံကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး နောက်ရက်တွေမှာလည်း ကျန်ရှ်ိအလုပ်သမားတွေကိုဆက်လက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မသူသူစံအပါအဝင် နောက်ထပ် သမဂ္ဂခေါင်းဆောင် ၅ ဦးနဲ့ အလုပ်သမားအရေးအကူအညီပေးသူ ၂ ဦးထပ်မံဖမ်းဆီးခံထားရပြီး အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
“အလုပ်သမား တွေ အဖမ်းခံနေရတာဟုတ်ပါတယ် အလုပ်သမားတွေနဲ့ အဆက်အသွယ်မရတော့ပါဘူး နောက်က လိုက်သွားတဲ့ သူတွေနဲ့ပါအဆက်အသွယ်မရတော့ဘူး စနေနေ့က လိုက်သွားတာပါ”လို့ အလုပ်သမားအရေး လှုပ်ရှားနေတဲ့ သတင်းရင်းမြစ်တစ်ဦးကပြောဆိုပါတယ်။
အဆိုပါ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၆ ဦးနှင့် အလုပ်သမားအရေးကူညီပေးသူ ၂ ဦးအပါ စုစုပေါင်း ၁၂ ဦးကျော် ဖမ်းဆီးခံထားရတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး စစ်ကောင်စီနဲ့ နီးစပ်သူအချို့ကတော့ ဟိုစိမ့်ကအလုပ်သမား ၆ယောက် လို့သတင်းရပြီး မည်သူမည်ဝါမသိရှိရဘဲ စစ်အုပ်ချုပ်ရေးနယ်မြေဖြစ်လို့ စစ်ဘက်တရားရုံး၌သာ ရုံးတင်နိုင်တယ်လို့ သိရပါတယ်။
Hosheng Myanmar အထည်ချုပ်စက်ရုံမှာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ZARA, Inditex စတဲ့အမှတ်တံဆိပ်တွေ ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။
#MyanmarLabourNews