NEWS

မြန်မာဟာယွဲ့ အထည်ချုပ် (MYANMAR HUA YUE) အထည်ချုပ် အချိန်ပိုအလွန်အကျွံဆင်းခိုင်း လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေ ကျုးလွန်နေ

CoverLogo
902 Views

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန် ကုလားကုန်းကျေးရွာမှာ အလုပ်သမား ၉၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတဲ့ မြန်မာဟာယွဲ့ အထည်ချုပ် (MYANMAR HUA YUE) အထည်ချုပ်စက်ရုံမှာ အချိန်ပိုအလွန်အကျွံဆင်းခိုင်းနေပြီး အခွင့်အရေးချိုးဖောက်မှုတွေ ကြောင့် အခက်ကြုံနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။


အဆိုပါ လုပ်ငန်းခွင်ဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး  DOWN BARBARA LEBEK ၊ bala bala၊ စတဲ့အမှတ်တံဆိပ် ဂျာကင်၊ ဘဲမွှေးထည်တွေချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။ လုပ်ငန်းခွင်မှာတော့ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ ပြောပါတယ်။


"လူမရှိ တဲ့လိုင်းတွေဆိုရင် အလုပ်သမားတစ်ယောက်ကို  တနာရီကို နှစ်ပွိုင့်ချုပ်ခိုင်းတယ် တစ်ပွိုင့်ကို ၃၀ လောက်တောင်းတယ် နှစ်ပွိုင့်ဆိုတော့ ၆၀ လောက်ပေးရတယ်  မရရင် အိုတီ ဆင်းပေးရတယ်"လို့ ပြောပါတယ်။


လုပ်ငန်းခွင်ချိုးဖောက်မှုအနေနဲ့ အချိန်ပိုကို ညလုံးပေါက်မဖြစ်မနေဆင်းရပြီး ညစာ မကျွေးတာ ၊ ဖယ်ရီမစီစဉ်ပေးတာတွေကြောင့် အခက်အခဲဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။


"အချိန်ပိုအိုတီကို မနားမနေခေါ်ပါတယ် အောလင်း ၊ အောနိုက် ( ညလုံးပေါက်) ကို ညတိုင်း အပတ်တိုင်းဆင်းခိုင်းတယ် ပင်ပန်းလို့ တခါတလေ မဆင်းရင် အငြိုးအတေးထားခံရတယ် ခွဲခြားဆက်ဆံတယ် မဖြစ်မနေ ဖိအားပေးပြီးဆင်းခိုင်းတယ် ညဘက် အောနိုက် အောလင်းဆင်းရတဲ့အလုပ်သမားတွေကို ထမင်းမကျွေးဘဲ ခိုင်းတာ ခေါင်းဆောင်ပိုင်းတွေကို‌တော့ ကျွေးတယ် ပြန်ရင် ဖယ်ရီမပေးတော့ ကိုယ့်အစီအစဉ်နဲ့ ကိုပြန်ရတယ် အိုတီဆင်းတဲ့ ပိုက်ဆံက လမ်းစရိတ်ဖြစ်သွားတော့ ဘာမှမထူးဘူး အလုပ်သမားတွေက ခွန်အားဆုံးရှုံးတာပဲ အဖတ်တင်တယ်"လို့ အလုပ်သမားကပြောပါတယ်။


ညလုံးပေါက် အချိန်ပိုဆင်းရတဲ့အလုပ်သမားတွေထဲမှာ အဝေးပြန်ရသူတွေကတော့ စက်ရုံထဲမှာပဲ ဖြစ်သလို အိပ်ရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အချိန်ပိုကြေးတွေကို တပတ်အကြာမှ ရှင်းပေးတာကြောင့် ငွေကြေးအခက်အခဲတွေလည်းဖြစ်ပေါ်နေရတယ်လို့ ပြောပါတယ်။


လုပ်ငန်းခွင်ချိုးဖောက်မှုတွေအနေနဲ့ ဥပဒေပါ ခွင့်ခံစားခွင့်တွေ ခံစားခွင့်မရတာ ကြောင့် ခွင့်တရက်ပျက်ပါက ဒေးကြေး ၆၈၀၀ ၊ ရက်မှန်ကြေး ၄၀၀၀၀ စုစုပေါင်း ၄၆၈၀၀ ကျပ် နှင့် ကျွမ်းကျင်ကြေးတွေ အချိုးကျ ဖြတ်တောက်ခံရလို့ နစ်နာဆုံးရှုံးမှုတွေဖြစ်နေတယ်လို့ ပြောပါတယ်။


ဒါ့အပြင် ဒေးကြေးနဲ့ အိုတီကြေးကို တန်းတူမပေးဘဲ ခွဲခြားထားတယ်လို့ ပြောပါတယ်။


အလုပ်တက်ချိန်သတ်မှတ်ချက်မှာ နံနက် ၈ နာရီကနေ ည ၇ နာရီ ၃၀ ထိ ဖြစ်ပြီး စနေနေ့မှာ ညနေ ၆ နာရီ ၃၀ အထိ ဆင်းရတယ်လို့ ပြောပါတယ်။ဩဂုတ် ၂ ရက်ကစပြီး အလုပ်ချိန်ကို နံနက် ၈ နာရီကနေ ညနေ ၆ နာရီ ၃၀ ထိပြောင်းလဲခဲ့တယ်လို့ဆိုပါတယ်။


လုပ်ငန်းခွင်ထဲမှာ လူရွယ်အလုပ်သမားတွေနဲ့ နေ့စားအလုပ်သမားတွေခိုင်းစေပြီး လုပ်သက် ၆ လကြာမှ အတည်ပြုခန့်အပ်ခြင်းကြောင့် နစ်နာမှုတွေ ရှိတယ်လို့ ဆိုပါတယ်။


"နေ့စားအလုပ်သမားတွေဆိုရင် အလုပ်လုပ်တဲ့နေ့ပဲ ပိုက်ဆံပေးတာ ပိတ်ရက်ခံစားခွင့်ဆုံးရှုံးတယ် လုပ်ငန်းခွင်ထဲမှာ နေ့စားအလုပ်သမား ဘားတန်းအမြင့်ပေါ်ကို အဝတ်တက်ချိတ်ရင်း ပြုတ်ကျပြီး ထိခိုက်သွားတာ ဆေးခန်းပြပြီး ၃ ရက်လောက်နားလိုက်ရတာကို ပိုက်ဆံဖြတ်တဲ့အပြင် ၃ ရက်နားလို့ဆိုပြီး အလုပ်က ထုတ်ပစ်လိုက်တယ်"လို့ ပြောပါတယ်။


ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာ  စက်ချုပ်အလုပ်သမားတွေကို အထည်ဆုကြေးပေးမယ်ဟုပြောဆိုကာ အသည်းအသန် ချုပ်လုပ်ခိုင်းခဲ့ပြီး အထည်စံချိန်ပြည့်ပေမဲ့ အကြောင်းပြချက်ပေးကာ ဆုကြေးမပေးဘဲ လိမ်လည်ခိုင်းစေခဲ့တယ်လို့ ပြောပါတယ်။


"အောစူပါတွေ စူပါတွေအားလုံးနီးပါး အလုပ်သမားတွေအပေါ် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတယ် ဆဲဆိုတယ် ဝမ်တိမ်လက်မှတ်ကို အတင်းအကြပ်ထိုးခိုင်းတယ် ဌာနပြောင်းပစ်ပြီး အလုပ်လုပ်ခိုင်းတာတွေလုပ်တယ် အလုပ်ရှင်အကြိုက်ဆောင်ပြီး အလုပ်သမားတွေကို ဖိအားပေးတယ် သူတို့ ကြည့်မရတဲ့ အလုပ်သမားကို ဝမ်တိမ်ထိုးခိုင်းပြီး HR  ကို အလုပ်ထုတ်ခိုင်းတာတွေ လုပ်တယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။


လုပ်ငန်းခွင်ထဲမှာ စက်ရုံမှူး ဖြစ်သူ တရုတ်နိုင်ငံသားမှ အလုပ်သမားတွေကို တိုက်ရိုက်ပြောဆိုခိုင်းစေတာ အော်ဟစ်ပြောတာ စကားပြန်များကို အုပ်ချုပ်ခွင့်ပေးထားတာ လက်ဗွေနှိပ်နောက်ကျပါက ၅၀၀ ကျပ်ကောက်ခံခြင်း၊ အလုပ်သမားတွေသဘောမတူဘဲ အောစူပါ စူပါတွေကို ကန်တော့ရန် လစာထဲမှ ဖြတ်တောက်ခံရခြင်း ၊ လုံခြုံရေးဝန်ထမ်းများမှ အလုပ်သမားတွေကို စစ်ဆေးရာမှာ ကာအိဒြေပျက်အောင် ဆောင်ရွက်ခြင်းစတာတွေအပါအဝင် လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။


အထက်ပါ လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေ ကို ဖြေရှင်းပေးဖို့ အလုပ်သမားတွေက အချက် ၈ ချက်ကို တောင်းဆိုထားပါတယ်။ 


၁။ အလုပ်သမားများကို နိုင်ငံခြားသားများမှာ တိုက်ရိုက်အုပ်ချုပ်ခြင်း မပြုလုပ်ရန်။
၂။ အောစူပါ၊ စူပါများမှာ အလုပ်သမားများအပေါ် ရိုင်းစိုင်စွာဆဲဆိုခြင်း၊ ဝမ်တိမ်လက်မှတ်အတင်း အကြပ်ထိုးခိုင်းခြင်း။
၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ သောက်ရေကို သန့်ရှင်းအောင် ဆောင်ရွက်ပေးရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများသဘောအတူပဲ လစာထဲမှပိုက်ဆံဖြတ်ထားခြင်း၊ ကောက်ခံခြင်းမ ပြုလုပ်ရန်။
၅။ အလုပ်ရှင်မှ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်များကို ခံစားခွင့်ပေးရန်။
၆။ အလုပ်ရှင်ဘက်မှ ၃လပြည့်ပြီးသော အလုပ်သမားများကို အတည်ပြုဝန်ထမ်းခန့်အပ်ရန်။
၇။ အလုပ်ရှင်ဘက်က အလုပ်သမားများ ဆန္ဒမပါပဲ အောနိုက်၊အောလင်းမခေါ်ရန်။
၈။ အလုပ်ရှင်ဘက်မှ အချိန်ပိုအိုတီခေါ်လျင် ဖယ်ရီကားစီစဥ်ပေးရန် စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026