NEWS

မြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နှင့်တွေ့ဆုံမေးမြန်းခြင်း။

CoverLogo
1.3K Views

ယခုနှစ်စပါးအထွက်နှုန်းလျော့နည်းလာလို့ တောင်သူအများစုအရှုံးပေါ်

ယခုနှစ်စပါးအထွက်နှုန်းလျော့နည်းလာလို့ တောင်သူအများစုအရှုံးပေါ်နေတယ်လို့ တောင်သူ လယ်သမားတွေထံကသိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၁ ရက်ကတောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့်အကျိုးစီးပွားမြင့်တင်ရေး ဦးဆောင်ရေးအဖွဲ့၏ အခြေခံစပါး ဈေးနှုန်း၆၃၀,၀၀၀  ကျပ် သတ်မှတ် ထုတ်ပြန်မှုသည် လယ်သမားများ၏ တစ်ဧကကုန်ကျစရိတ်နှင့် အကျိုးအမြတ်ပေါ်တွင် အခြေမခံဘဲ လယ်သမားများအပေါ် မတရားအနိုင်ကျင့် ခြင်းသာဖြစ်၍ မိမိတို့ တောင်သူလယ်သမားနှင့် စိုက်ပျိုးအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်အလုံးစုံအဖွဲ့က ပြင်းထန်စွာကန့်ကွက်ရှုပ်ချတယ်လို့ဆိုပါတယ်။


အဲ့ဒီလိုသတ်မှတ်ချက်ကြောင့် တောင်သူလယ်သမားတွေဟာ ထုတ်ပြန်ချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကတောင် သူလယ်သမားတစ်ဦးနဲ့ တွေ့ဆုံမေးမြန်းချက်ကို ဖော်ပြပေးလိုက်ပါတယ်။

ယခုနှစ်တောင်သူလယ်သမားတွေရဲ့မိုးစပါးထွက်ရှိမှုအခြေအနေသိချင်ပါတယ်။

ယခုနှစ် လယ်သမားအများစုရဲ့ မိုးရာသီစပါးအထွက်နှုံးကို ကြည့်မယ် ဆိုလျှင် တစ်ဧက တင်း ၃၀ ထွက်သူရှိသလို တစ်ဧက တင်း ၆၀ ထွက်သူရှိတာကို တွေ့ရပါတယ်။ စပါးထွက်နှုန်းဆုတ်လာပါတယ်။

  • စပါးထွက်နှုန်းတွေကဘာ့ကြောင့်ဆုတ်လာရလဲ သိချင်ပါတယ်။

စပါးထွက်နှုန်း ဘာ့ကြောင့် လျှော့နည်းရသလဲဆိုတာကို အကြောင်းအမျိုးမျိုးတွေ့ရပါတယ်။ စစ်အစိုးရလက်ထက် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာပါတယ်။ ထို့အတူ ဒီဇယ်ဆီ ဓာတ်မြေဩဇာ ပိုးသတ်ဆေး ပေါင်းသတ်ဆေး ဈေးတွေကြီးလာပါတယ်။ ဒီဇယ်ဆီ ဈေးကြီးမှုကြောင့် ထွန်စက်ခလဲ ဈေးကြီးပြီး မြေကို ပတ်ပတ်နှက်နှက်မထွန်ယက်နိုင်သူက များပါတယ်။ ဒါကြောင့် စပါးအထွက် ဆုတ်ပါတယ်။ ဓာတ်မြေဩဇာတစ်အိတ် ၃သောင်းကနေ တစ်သိန်းကျော်အထိ ဈေးတတ်ပါတယ်။ အချိန်အခါမှီ လောက်လောက်ငှငှ သုံးနိုင်သူ နည်းတယ်။ ဒါကြောင့် စပါးအထွက်ဆုတ်ပါတယ်။ ပိုးသတ်ဆေး ပေါင်းသတ်ဆေးကိုလည်း သူ့အချိန်နဲ့သူ မသုံးနိုင်သူများပါတယ်။ ဒါကြောင့် ပေါင်းမြက်ဖုံးပြီး စပါးအထွက်နှုန်း ဆုတ်ပါတယ်။ စပါးရိတ်ချိန်မှာ စပါးရိက်ချွေစက် အချိန်မီ မရလို့ စပါးကျွန်းပြီး  ဆန်ထွက်ဆုတ်ပါတယ်။ ရိတ်ချွေစက်အားတဲ့အချိန် စပါးကောင်းကောင်းမမှည့်သေးဘဲ ရိတ်လိုက်ရလို့ စပါးအထွက်ဆုတ်ပါတယ်။ ရာသီဥတုဖောက်ပြန်လို့ စပါးဆုတ်ပါတယ်။ စိုက်စရိတ်ကြီးလို့ စိုက်ဧကရှိသလောက် မစိုက်နိုင်ပါဘူး။ စိုက်ဧကလျော့လို့ စပါးအထွက်ဆုတ်ပါတယ်။

  • စပါးထွက်နှုန်းနည်းလာတယ်စပါးစျေးကလည်းမရဘူးဆိုတောင်သူတွေအရှုံးနဲ့ပဲဆက်လုပ်နေရတာလား။

လယ်ယာမြေလုပ်ပိုင်ခွင့် ဆုံးရှုံးမှာကြောက်လို့ တတ်နိုင်သလောက် စိုက်သူလဲ ရှိပါတယ်။ စိုက်ဧကဟာ တော်တော်လျော့နည်းပါတယ်။ ဒါကြောင့် လယ်သမားတော်တော်များများ ရဲ့ စပါးတစ်ဧက ထွက်နှုန်းမှာ တစ်ဧက တင်း၃၀ ထွက်သူနဲ့ တစ်ဧက တင်း၆၀ ထွက်သူက အများစု ဖြစ်နေတာကိုတွေ့ရပါတယ်။


  • စပါးစိုက်ရင်လယ်တစ်ဧကကိုကုန်ကျစရိတ်ဘယ်လောက်ရှိလဲ။

တစ်ဧက ကုန်ကျစရိတ်ဟာ လယ်သမားအများစုက ၄သိန်းနဲ့ ၆သိန်းကြားမှာရှိပါတယ်။ ဒါကြောင့်လဲ အထွက်နှုန်းကွာဟချက်ရှိပါတယ်။ တင်းသုံးဆယ်ထွက်သူဟာ အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းနှင့်ဆိုလျှင် တစ်ဧကကုန်ကြစရိတ်တောင်မရပါဘူး။  တစ်ဧက တင်း ၃၀ထွက်သူက အခြေခံရည်ညွန်းစပါးဈေး ၆သိန်း ၃သောင်းနှင့် ရောင်းမည်ဆိုလျှင် တစ်သိန်းရှစ်သောင်းကိုးထောင်ရပါ့မယ်။ တစ်ဧက တင်း ၆၀ထွက်သူဟာ အခြေခံရည်ညွှန်းစပါးဈေး ၆သိန်း၃သောင်းနှင့် ရောင်းမည်ဆိုလျှင် ၃သိန်း၇သောင်း ၈ထောင်ရပါ့မယ်။ တစ်ဧကတင်း ၆၀ထွက်သူဟာလဲ အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းနှင့်ဆိုလျှင် တစ်ဧကကုန်ကျစရိတ် ၄သိန်းကုန်ကျရင် သူ့အတွက်  ရှုံးပါတယ်။

  • စိုက်ငွေကုန်ကျစရိတ်နဲ့လက်ရှိစပါးစျေးပြင်ပပေါက်စျေးနဲ့ဆိုဘယ်လိုရှိလဲ။

ပြင်ပပေါက်ဈေး ၁၃ဈေးနှင့် တွက်မည်ဆိုရင် တစ်ဧက တစ်ဧက စပါးတင်း၃၀ ထွက်သူဟာ ၃သိန်း၉သောင်းရပါ့မယ်။ စပါးတင်း၆၀ထွက်သူဟာ ၇သိန်း၈သောင်းရပါ့မယ်။ တစ်ဧကကုန်ကျစရိတ် ၄သိန်းတွက်ရင် တင်း၃၀ထွက်သူဟာ ရှုံးပါတယ်။ စပါးတင်း ၆၀ထွက်သူဟာ တစ်ဧက ၄သိန်းတွက်ရင် မြတ်ပါတယ်။ ၆သိန်းနဲ့တွက်ရင် အမြတ်နည်းပါတယ်။ ထို့ကြောင့် လယ်သမားအများစုရဲ့ တစ်ဧကထွက်နှုန်းနဲ့ တစ်ဧကကုန်ကျစရိတ်ကို အနီးစပ်ဆုံး တွက်ကြည့်ရင် အကျိုးအမြတ်နည်းတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်ယင်းစပါးဈေးနှုန်းကို ပြင်းထန်စွာကန့်ကွက်ခြင်းဖြစ်ပါတယ်။

  • ခုလို အခြေခံစပါးဈေးနှုန်းသတ်မှတ်လိုက်တဲ့အပေါ်ဘယ်လိုမြင်ပါလဲဲ။

သတ်မှတ်လိုက်တဲ့နှုန်းထားကလယ်သမားကိုမတရားအနိုင်ကျင့်တာဖြစ်ပါတယ် ပြင်ပပေါက်စျေးအတိုင်းရောင်းတဲ့သူလည်းရောင်းမှာပဲဖြစ်ပါတယ်စပါးပွဲစားတွေကလည်းတော်တော်ဝယ်ထားကြပါတယ်ကျန်လယ်သမားတွေလည်းခြိမ်းခြောက်တာဖိအားပေးတာခံရပါမယ် စစ်အစိုးရဟာလယ်သမားကိုဘယ်လိုအနိုင်ကျင့်ရမလဲဆိုတာခေတ်အဆက်ဆက်အတွေ့အကြုံရှိပြီးသားဆိုတော့ခုလိုအချိန်မှာလယ်သမားများကလည်စင်းခံဖို့ပဲရှိပါတယ်။ ၁၀ ဧကအောက််လုပ်ကွက်ငယ်လယ်သမားတွေတနည်းအားဖြင့်စိုက်ဘဏ်ကချေးငွေနဲ့စိုက်တဲ့လယ်သမားတွေနစ်နာပြီးရင်းနစ်နာကြမှာပေါ့။

  • စပါးစိုက်​​ခြင်းအပြင်အခြားစိုက်ပျိုးရေးလုပ်ငန်းတွေကရော

အခုဆိုရင်ဆောင်းသီးနှံမြေပဲတို့ ပဲတီစိမ်းတို့စိုက်တဲ့သူတွေလည်းစိုက်နေကြပါပြီ အရင်လိုများများစားစားမစိုက်နိုင်ကြပါဘူး အိမ်စားစရိတ်ရရုံလောက်ပဲစိုက်တဲ့သူများပါတယ်။ ခရမ်းချဥ်သီးပဲတောင့်ရှည်တွေက ဟင်းသီးဟင်းရွက်သီးနှံတွေဖြစ်ပါတယ် စိုက်ကြပါတယ် စိုက်သူများရင်သီးနှံပေါ်တာသွားဆုံရင်ကုန်ကျစရိတ်များရင်အရှုံးပေါ်တတ်ပါတယ် ဒါပေမဲ့လည်းမြေကြီးကိုအမှီပြုနေရတော့လည်းဟိုဟာလေးဒီဟာလေးစုံအောင်စိုက်ကြပါတယ်။

ဖြေကြားပေးတာကျေးဇူးတင်ပါတယ်။
#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026