NEWS

မန္တလေးမြို့၊ ရဲဘော်ကွက်သစ်အတွင်းကအတင်းအဓမ္မနေရာဖျက်စီးရွှေ့ပြောင်းပေးရသူတွေ နေထိုင်ရေး အခက်တွေ့နေ

CoverLogo
1.2K Views

မန္တလေးမြို့၊‌ ပြည်ကြီးတံခွန်မြို့နယ်၊ ရဲဘော်ကွက်သစ်က လူနေအိမ်တွေကို စစ်ကောင်စီ တပ်ဖွဲ့တွေက တာဝါတိုင်အောက်မှာ ကျူးကျော်ထားတယ်ဆိုပြီး ဖယ်ရှားဖျက်စီးတဲ့အတွက် မိသားစု ရာချီပြီး ဒုက္ခရောက်နေကြတယ်လို့ ၎င်းတို့ထံက သိရပါတယ်။

အဆိုပါနေအိမ်တွေထံ ရွှေ့ပြောင်းပေးကြဖို့ကို စည်ပင်ဘက်က အိမ်တိုင်းစေ့ အကြောင်းကြားခဲ့တာ မရှိဘူးလို့သိရပါတယ်။
ပြောင်းရွှေ့ဖို့အတွက်ကို အိမ်‌ခြေအနည်းငယ်ကိုသာ သတိပေးစာညှပ် အသိပေးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၆ရက်နေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေနဲ့ စည်ပင် ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး အချိန်တစ်နာရီအတွင်း ရွှေ့ပြောင်းပေးဖို့ အမိန့်ပေးခဲ့ကာ ပြောင်းရွှေ့ဖို့ အချိန်မမီလိုက်တဲ့ နေအိမ်တွေကို ဘူဒိုဇာတွေနဲ့ ထိုးဖျက်ပစ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့က ထိုးခြေ ဖျက်စီးခံလိုက်ရတဲ့ နေအိမ် အလုံး၉၀ခန့်ရှိခဲ့ပြီး နတ်နန်းပါမချန် ထိုးဖျက်ခဲ့ကာ အဆိုပါ‌ရပ်ကွက်ကနေ ပြောင်းရွှေ့ ပေးရမယ့် နေအိမ် ၂၀၀ နီးပါးရှိတယ်လို့ ပြည်သူတွေကဆိုပါတယ်။အခြေခံ လူတန်းစားတွေရဲ့ နေအိမ်တွေပါသလို သိန်းထောင်ဂဏန်းအထိ ကုန်ကျထားတဲ့ လူနေအိမ်တွေလည်း ဖျက်စီးခံခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါရပ်ကွက်ဟာ ရွာဟောင်းမြေနေရာဖြစ်ပြီး ဂရံပေါက်မြေမဟုတ်ပေမယ့် လွန်ခဲ့တဲ့ နှစ်၄၀ နီးပါးကတည်းက နေထိုင်လာကြသူတွေရှိသလို အမှိုက်ခွန်၊ရေခွန်၊အိမ်ခွန်၊မီတာခတွေ ပေးဆောင်ခဲ့ကြရပြီး အမည်ပေါက် မီတာ ရရှိထားသူတွေလည်း ဖြစ်တယ်လို့ သိရပါတယ်။

ရပ်ကွက်နေပြည်သူ တစ်ဦးက"တိုက်ဆိုရင် သူတို့က တိုက်တလုံးလုံးကုန်အောင်မဖြိုဘူး၊သူတို့လုပ်တာက ဖျက်စီးလိုက်တာ၊ နေလို့မရအောင် ဖျက်စီးလိုက်တာ၊ တစ်ချက် နှစ်ချက် ဒုန်း ဒုန်း ဆို ထိုးလိုက်တာ၊ ထိုးလိုက်ပြီးတော့ တခြမ်းပြိုသွားပြီဆို တန်းလန်းပစ်ထားခဲ့တာ၊ နောက်တစ်လုံး ဆက်ဖြို၊ အဲ့လိုထိုးတယ်၊ အလုံးတွေပုံစံပျက်သွားအောင် သူတို့က လုပ်သွားတာ၊ အကုန်မဖြိုဘူး၊ ဖြိုလို့ရတဲ့ တစ်ထပ်တိုက်လေးတွေတော့ သူတို့ရ‌သလောက် နင်းချေသွားတယ်"လို့ ပြောပါတယ်။

ဖျက်စီးခံလိုက်ရသူတွေ၊ ပြောင်းရွှေ့ပေးရသူတွေထဲက ချို့တဲ့သူတွေအနေနဲ့ ရပ်ကွက်အနားက ဘုရားဝန်း၊ဓမ္မာရုံ၊လူမှုရေးအသင်းရုံး၊ဘုန်းတော်ကြီးကျောင်း စတဲ့နေရာတွေမှာ မှီကပ်ပြီး နေကြရသလို ငွေကြေးတတ်နိုင်သူတချို့ကတော့ အိမ်ငှားရမ်းနေထိုင်ကြရတယ်လို့ သိရပါတယ်။

ရပ်ကွက်နေပြည်သူတစ်ဦးက"ဝယ်ဖို့ရာလည်း မလွယ်ဘူးလေ၊ အခုက အိမ်ငှားရှာဖို့ရာလည်းမလွယ်ဘူး၊တချို့ တနေ့လုပ်မှ တနေ့စားရတဲ့သူတွေဆိုရင် သူတို့အိမ်ငှားဖို့ရာတောင် မလွယ်တော့ဘူးလေ၊ အဲ့လို အိမ်ငှားလည်း မရှာနိုင်တော့ဘူး၊ပိုက်ဆံလည်းမတတ်နိုင်တော့ဘူးပေါ့၊အဲ့လို‌လူတွေကျ ဘုန်းကြီးကျောင်းတို့ ဘာတို့ အဲ့လိုမျိုးတွေမှာ ကပ်နေကြရတာပေါ့"လို့ ဆိုပါတယ်။

နေအိမ်တွေကို နင်းချေထိုးဖျက်နေချိန်မှာ မိမိနေအိမ်ထဲက ရရာပစ္စည်း ဝင်သယ်ကြသူတွေ ကိုလည်း ရန်ရှာခံရသလို ပြည်သူ နှစ်ဦးသုံးဦးခန့် ပါးရိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လကတည်းက မန္တလေးမြို့အနှံ့မှာ ကျူးဆိုတဲ့အကြောင်းပြချက်နဲ့ နှစ်ဆယ်ချီ နေထိုင်လာကြသူတွေကို စစ်ကောင်စီ လက်အောက်ခံ တိုင်းအစိုးရနေရာ ယူထားသူတွေက အတင်းအဓမ္မ ဖျက်စီးရွှေ့ပြောင်းမှုတွေ အမြောက်အများလုပ်ကိုင်လာခဲ့ကြတာဖြစ်ပါတယ်။

ဖျက်ဆီးခံလိုက်ရပြီး ပြောင်းရွှေ့ပေးရတဲ့ မိသားစုအရေအတွက်ကို အတိအကျမသိရပေမယ့် အိမ်ခြေ ထောင်ချီ ဒုက္ခရောက်ခဲ့ကြတယ်လို့ မြို့ခံတွေထံက သိရပါတယ်။အဲ့ဒီလို လုပ်တာဟာ စစ်ကောင်စီကို မထောက်ခံတဲ့ လူတွေကို ဒုက္ခရောက်စေချင်တဲ့အတွက် ခြိမ်းခြောက် လုပ်ကိုင်တဲ့သဘောလို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံတစ်ဦးက"ဘာမှ အကျိုးမရှိပဲနဲ့ သူတို့က သပ်သပ်ကို ပြည်သူကို အကြောက်တရားရအောင် ဒုက္ခပေးသလိုမျိုး၊သူတို့ကို မထောက်ခံတဲ့ သူ ဒုက္ခရောက်စမ်းကွာဆို လုပ်တဲ့ပုံစံမျိုးပဲ၊ ဘယ်သူ ဒုက္ခရောက်ရောက် သူတို့လှည့်မကြည့်ဘူး၊သူ့ဟာသူ ငတ်ငတ်ပြတ်ပြတ် သေသေကြေကြေ သူတို့မစဉ်းစားဘူး။သူတို့မှာ ဦးနှောက်မရှိဘူး၊ တကယ်တမ်းတော့ သူတို့က လာလိုက်တာနဲ့ မိစ္ဆာပုံစံမျိုးတွေ၊ လူ့မိစ္ဆာပုံစံပဲ"လို့ ပြောပါတယ်။

နေအိမ်ကနေ ပြောင်းရွှေ့ပေးကြရသူတွေထဲက ချို့တဲ့မိသားစုတွေ၊ အကူအညီလိုအပ်နေသူတွေကို နေထိုင်ရန် နေရာ တစ်လ နှစ်လခန့် ကူညီပေးတဲ့သူရှိပါက နေချင်ကြတယ်လို့ ရွှေ့ပြောင်း ပြည်သူတွေထံက သိရပါတယ်။


Related posts

Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026
Cover
အလုပ်ကိုင်အခွင့်အလမ်း ၂၅၀၀ခန့်ရရှိမည့် လုပ်ငန်းအသစ် ၁၇ခု ကို စစ်ကော်မရှင် ခွင့်ပြု
Feb 27, 2026
Cover
ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖေါ်ဝါရီ ၂၈ ရက်မှ စတင်ပိတ်သိမ်းမည်။
Feb 25, 2026
Cover
မှတ်ပုံတင်အတု ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုများရှိနေဟုဆို
Feb 21, 2026