မန္တလေးတိုင်းဒေသကြီး ၊ ပြည်ကြီးတံခွန်မြို့နယ်ထဲက ဆောက်လက်စအဆောက်အဦးရဲ့ မြေအောက်ရေကန်အတွင်းမှာ ဆောက်လုပ်ရေးလုပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ သြဂုတ် ၁၈ ရက် နံနက် ၉ နာရီခန့်က အလုပ်သမားနှစ်ဦးဟာ အဆောက်အဦးရဲ့မြေအောက်ရေကန်အတွင်းသို့ သစ်သားပြားများဆင်းဖြုတ်ယူရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အလုပ်သမားနှစ်ဦးလုံးသေဆုံးမှု ဖြစ်ပွားခဲ့တာလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
"သြဂုတ် ၁၈ ရက် ၊ နံနက် ၉ နာရီ ၅ မိနစ်ခန့်က ၊ မန္တလေးတိုင်းဒေသကြီး ၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၈ လမ်းနှင့် ၁၂၉ လမ်းကြား၊ ၅၈(C)လမ်း၊ အကွက်အမှတ်(ဒဒ-၁၃)၊ (ဆ)ရပ်ကွက်တွင် ဆောက်လက်စအဆောက်အဦ၏ မြေအောက်ရေကန်အတွင်းသို့ ဆင်း၍ သစ်သားပြားများဖြုတ်ယူရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး သတိလစ်၍ ရေနစ်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့က သတင်းရရှိသဖြင့် ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ဆယ်ယူပေးခဲ့ပြီး ကျား(၂)ဦး(သေဆုံး)တယ်"လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားတာပါ။
သေဆုံးသွားတဲ့ဆောက်လုပ်ရေးအလုပ်သမားနှစ်ဦးကို လောကပါလလူမှုကူညီရေးအသင်းနှင့် ထာဝရတွဲလက် လူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်(၂)စီးဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူပြီးခဲ့တဲ့မေလ ၁၇ ရက်နေ့ကလည်း အောင်မြေသာစံမြို့နယ်က ၆၃ လမ်းနဲ့၆၄လမ်းကြားက ၂၃လမ်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရဲ့ မြေအောက်ရေလှောင်ကန်မှာ အလုပ်သမားတစ်ဦး အသားပြားဆင်းဖြုတ်ရာက အောက်ဆီဂျင်ပြတ်တောက်ပြီး အလုပ်သမားတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ပါသေးတယ်။
#MyanmarLabourNews









