NEWS

မင်္ဂလာဒုံ JW(ADK) အထည်ချုပ်စက်ရုံ အငြင်းပွားမှု အလုပ်သမားများတောင်းဆိုချက် များနှင့်အလုပ်ရှင်ဘက်မှချုပ်ပေးသည့် စာချုပ်ပါ အချက်များကွဲလွဲမှုရှိနေ ဟုဆို

CoverLogo
1.6K Views

မင်္ဂလာဒုံ JW( GREAT GLOWING INVESTMENT  )အထည်ချုပ်စက်ရုံ အငြင်းပွားမှု အလုပ်သမားများတောင်းဆိုချက် များနှင့်အလုပ်ရှင်ဘက်မှ နို့တစ်ဘုတ်တွင် ကပ်ထားသည့် စာချုပ်ပါ အချက်များကွဲလွဲမှုရှိနေ တယ်လို့ ယင်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်က လုပ်ငန်းခွင်အတွင်း အလုပ်သမားဥပဒေပါအခွင့်အရေးများချိုးဖောက်ခံရတာအပြင် လုပ်ငန်းခွင်အတွင်း ကျေနပ်မှုမရှိသည့် အချက်များ ကြောင့် အလုပ်သမား ထောင်နဲ့ချီစက်ရုံတွင်းဆန္ဒပြမှု ဖြစ်ပွားခဲ့တာပါ။

“ညီမတို့တောင်းတုန်းက အချက် ၁၀ ချက်တောင်းထားတာလေ တခုမှမထပ်ဘူး အခုဟာက ထုတ်လုပ်မှုဆုကြေးတွေ ကွဲလွဲမှုတွေရှိတယ် စာချုပ်ကို လက်မှတ်ထိုးတဲ့နေ့တုန်းက ဓါတ်ပုံရိုက်မယ်ဆိုတော့လက်မခံဘူး အခုဟာက အဲ့အချက်တွေပါမလာဘူး ရက်မှန်ကြေးကိစ္စတွေ သူဌေးလာရင် တိုးပေးမယ် ပြောထားတာ ခုရောက်နေပြီ ဘာမှ မထူးသေးဘူး သောက်ရေကိစ္စတွေ အပ်တွေကိုယ့်ဘာသာ ဝယ်သုံးရတာလဲ ပါမလာဘူး” လို့ ယင်းအလုပ်သမားက ပြောဆိုပါတယ်။

ရန်ကုန်တိုင်း မင်္ဂလာဒုံစက်မှုဇုန် ဇေကမ္ဘာဝင်းအတွင်းဖွင့်လှစ်ထားတဲ့ JW(ADK)  အထည်ချုပ်စက်ရုံမှာ အလုပ်သမားများဆန္ဒပြမှုဖြစ်တဲ့နေ့မှာပဲ အလုပ်သမားတိုင်းရုံးမှ တာဝန်ရှိသူများနဲ့ စစ်တပ်မှလာရောက်တွေ့ဆုံပြီး အလုပ်သမားတွေတောင်းဆိုထားတဲ့အချက်တွေကို သဘောတူညီမှုရယူခဲ့တယ်လို့ သိရပါတယ်။

အလုပ်သမားများတောင်းဆိုထားသည့်အချက်များကို အလုပ်ရှင်ဘက်မှ သဘောတူစာချုပ်ချုပ်ဆိုရာတွင် စက်ရုံရှိ အလုပ်သမား ၃၅၇၁  ဦးထဲမှ  ကိုယ်စားလှယ်အယောက် ၂၀ ကို ခေါ်ယူကာ အလုပ်ရှင် ကိုယ်စားလှယ် ၃ ဦးဖြင့်  နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြတာပါ။

စာချုပ်ချုပ်ဆိုစဉ်က စာချုပ်ကို မှတ်တမ်းဓါတ်ပုံရိုက်ကူးခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ အဆိုပါ သဘောတူစာချုပ်ကို အလုပ်ရှင် နှင့် အလုပ်သမားများ၏လက်ဝယ်တွင်ထားရှိရမှာ ဖြစ်ပေမယ့် အလုပ်သမားများထံသို့ ဖြန့်ဝေခဲ့ခြင်းမျိုးလည်းမရှိဘဲ စက်ရုံတွင်း ကြေညာစာရွက်အဖြစ်သာကပ်ထားတယ်လို့ ဆိုပါတယ်။

“စာချုပ်က အော်ဒါရှိတဲ့လဆိုရင် ထုတ်လုပ်မှုဆုကြေး ၁၅၀၀၀ ကျွမ်းကျင်မှုဆုကြေး ၉၀၀၀ ပေးမယ် အော်ဒါမရှိတဲ့လတွေဆိုရင်ထုတ်လုပ်မှုဆုကြေး ၇၅၀၀ ကျွမ်းကျင်မှုဆုကြေး ၉၀၀၀ အဲ့လိုပေးမယ်လို့ ပြောတယ် အဲ့တုန်းကကျတော့ A2- တွေ ဘာတွေမပြောထားပေမယ့် စာချုပ်မှာလည်းကျတော့ A3- ရတဲ့ လိုင်းတွေကို ၉၀၀၀ ပဲပေးမယ် ထုတ်လုပ်မှုဆုကြေးမထည့်ပေးထားဘူး ကျွမ်းကျင်မှုဆုကြေးပဲပေးမယ်တဲ့ အော်ဒါမရှိဘူးဆိုရင် တရုံးလုံးက A3- ပဲရမှာလေ အဲ့ဒါလိုလုပ်ထားတယ် ခုစာချုပ်က ကပ်သာကပ်ထားတယ် လက်မှတ်တွေလည်း မထိုးထားဘူး အဲ့လိုမျိုးတွေရှိနေတယ်”လို့  အဆိုပါ စက်ရုံလုပ်သားတစ်ဦးက ဆိုပါတယ်။

စာချုပ်ပါ အချက်အလက်တွေ ကွဲလွဲမှုရှိနေတာနဲ့ ယင်းဖြစ်စဉ်အပေါ် ကျေနပ်မှုမရှိပါက ဆက်လက်တောင်းဆိုမှုတွေပြုလုပ်လိုသူတွေကို ခြိမ်းခြောက်တာနဲ့ အချိန်ပြည့် စောင့်ကြပ်ကြည့်ရှု့တာတွေပြုလုပ်နေတယ်လို့ အမည်မဖော်လိုတဲ့ လုပ်သားတစ်ဦးကပြောဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာညှိနှိုင်းရေးကော်မတီဖွဲ့စည်းပြီး အလုပ်သမားကိုယ်စားလှယ်များ ပြန်လည်ရွေးချယ်ကာ တောင်းဆိုချက်များရှိပါက ယင်းအဖွဲ့အစည်းမှတဆင့်တောင်းဆိုရန် လက်ခံသဘောတူကြောင်း နဲ့ လုပ်ငန်းခွင်အတွင်း စူပါ အောစူပါ များရဲ့  ရိုင်းစိုင်းစွာအော်ဟစ် ဆဲဆိုခြင်းများမရှိစေရန် ဝန်ခံကတိလက်မှတ်ရေးထိုးဖို့ သဘောတူထားပေမယ့်လက်တွေ့မှာတော့ ပိုမိုဆိုးရွားနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“ညီမတို့ကတော့ အဆုံးထိသွားချင်တယ်။ အခွင့်အရေးတွေထပ်ပြီးချိုးဖောက်အုံးမှာလားဆိုတာစောင့်ကြည့်ရမှာပဲ လစာထုတ်တဲ့အခါကျရင် ဘယ်လို ဖြစ်လာမလဲတော့ မသိသေးဘူး”လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026