NEWS

မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်

CoverLogo
185 Views
 
မကွေးအကျဉ်းထောင် မှ နိုင်ငံရေးအကျဉ်းသား ၃၅ဦး ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNMက ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က မကွေးအကျဉ်းထောင်ရှိ အမျိုးသားဆောင်(၄) မှာ စတင်ခဲ့တာ ဖြစ်ပြီး ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထောင်တစ်ခုလုံးရဲ့ စားပြီးသားပန်းကန်တွေ ကို လူ ၁၀ ဦးတစ်ဖွဲ့စီဖြင့် ဆေးကြောရန် ခိုင်းစေခဲ့ရာ မဆောင်ရွက်နိုင်ကြောင်း ပြောဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
 
ဒါ့အပြင်မဆောင်ရွက်နိုင်ကြောင်း ပြောဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခေါင်းငုံ့ထိုင်ခိုင်းခြင်း၊ ခေါင်းမငုံ့သူများကို မျက်နှာအဝတ်စည်းပြီး ရိုက်နှက်ခြင်း၊ နေပူလှန်းခြင်းများ ပြုလုပ်ခဲ့ပြီး ခေါင်းကွဲဒဏ်ရာရရှိသူတွေလည်းရှိခဲ့သလို နိုင်ငံရေးအကျဥ်းသားတချို့ကိုလည်း မြေပြင်ပေါ် မှောက်ခိုင်းပြီး နံပါတ်တုတ်များ၊ ဝါယာကြိုးနှင့် မိန်းကြိုးအတုတ်များဖြင့် ရိုက်နှက်ခဲ့ကြောင်း PPNMမှ အတည်ပြုရရှိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ယခု ဖြစ်စဉ်ကြောင့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၅ ဦး တိုက်ပိတ်ခံခဲ့ရပြီး ဒီဇင်ဘာလ ၈ ရက်မှ ယနေ့အထိ ဆက်လက် တိုက်ပိတ်ခံထားရဆဲဖြစ်ကာ လက်ရှိအချိန်အထိ အရိုက်ခံရသူများရဲ့ ကျန်းမာရေးအခြေအနေကို လည်း မိသားစုဝင်တွေဘက်မှ အတိအကျ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
 
မကွေးအကျဉ်းထောင်မှာ ထောင်ဝန်ထမ်းတွေက ထောင်တွင်းရောင်းချတဲ့ ကွမ်းယာနဲ့ အစားအသောက်တွေကို မတန်တဆ ဈေးနှုန်းနဲ့ ရောင်းချနေတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေက ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ကွမ်းမဝယ်သုံးတဲ့ ကွမ်းဖြတ်တောက်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြရာ ဒီလှုပ်ရှားမှုကြောင့် နိုင်ငံရေးအကျဉ်းသား ၁၁ ယောက်ကို ထောင်ဝန်ထမ်းတွေက ထပ်မံ ရိုက်နှက်ပြီး ခြေချင်းခတ်ကာ ဒီနေ့အထိ တိုက်ပိတ်ထားတယ်လို့လည်း PPNM က ဆိုပါတယ်။
 
လက်ရှိမှာတော့ ထောင်ဝင်စာအဖြစ် ဆီနဲ့ သစ်သီးတွေကို ခွင့်မပြုတော့ဘဲ ဧည့်တွေ့ခွင့်ကိုလည်း တယောက်သာ ခွင့်ပြုပြီး ၂ ယောက်တွေ့လိုပါက ငွေပေးရတဲ့ အခြေအနေတွေပါ ရှိနေတယ်လို့ သိရပါတယ်။
 
ယခု လုပ်ရပ်တွေဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ အကျဉ်းသားဆိုင်ရာ စံချိန်စံညွှန်းတွေကို ပြင်းထန်စွာ ချိုးဖောက်တာဖြစ်တာကြောင့် PPNMအနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း မကွေးအကျဉ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက် စောင့်ကြည့်မှတ်တမ်းတင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Related posts

Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026