NEWS

ပိတ်ရက်မရှိအလုပ်ဆင်းနေရလို့ ပိတ်ရက်ပေးဖို့  NISHO (2) စက်ရုံအလုပ်သမားတွေတောင်းဆို

CoverLogo
824 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် လှသင်္ဂီလမ်းမှာဖွင့်လှစ်ထားတဲ့  NISHO (2) စက်ရုံမှာ HanGTen အမှတ်တံဆိပ် ဝယ်လွန်အနွေးထည်တွေချုပ်လုပ်တဲ့ အလုပ်သမား ၂၅၀ ဝန်းကျင်ဟာ ပိတ်ရက်မရဘဲ တလလုံးဆက်တိုက် အလုပ်ဆင်းနေရလို့ ကျန်းမာရေးထိခိုက်လာတာကြောင့် ပိတ်ရက်အနားပေးဖို့ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အခုလို အချိန်ပိုနားရက်မရှိဘဲဆင်းနေရလို့ အလုပ်သမားဆက်ဆံရေးဦးစီးဌာနကို တိုင်ကြားခဲ့သော်လည်း သက်ဆိုင်ရာမှာ လုပ်ငန်းခွင်ထဲလာစစ်ဆေးပြီး နောက် မည်သိုမျှပြောင်းလဲခြင်းမရှိဘဲ အခုလိုဆက်တိုက်အချိန်ပိုဆင်းနေရတာလို့ ဆိုပါတယ်။

စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်တယ်လို့ သိရပါတယ်။ အလုပ်သမားအင်အား ၂၅၀ ကျော်နဲ့ လည်ပတ်နေပေမဲ့ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂရော လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီပါ ဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

"အလုပ်တက်ချိန်က မနက် ၇ နာရီခွဲ ကနေ ည ၇ နာရီအထိနေ့စဉ်ဆင်းရတာပါ နောက်ထပ်အချိန်ပိုကို ည ၈ နာရီအထိနေ့တိုင်းဆင်းနေရတာအခုက တစ်လလုံးပိတ်ရက်မရှိဘူး အထည်အရေးကြီးတယ်ဆိုပြီး အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မမေး မမြန်းဘဲ အောလင်းညလုံးပေါက် အမြဲလိုလိုဆင်းရတယ် အချိန်ပိုဆင်းရမယ်ဆို အလုပ်သမားကို ကြိုပြောစေချင်တာ အခုက ကြိုလည်းမပြောလဲ ခေါ်တော့မှ ချက်ချင်းကြီးလက်မှတ်တွေ အတင်းမထိုးမနေရထိုးခိုင်းပြီး ဖိအားပေးခိုင်းတာ "လို့ အလုပ်သမားကပြောပါတယ်။

အခုလို နေ့စဉ်အချိန်ပိုဆက်တိုက်ဆင်းနေရတာအပြင် အများပြည်သူအလုပ်ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေ နေ့တွေမှာ ညလုံးပေါက် အချိန်ပိုဆင်းခိုင်းပြီး နောက်ရက် တနင်္လာနေ့မှာလဲ အနားမပေးဘဲ ဆက်လက်လုပ်ကိုင်စေတာကြောင့် အိပ်ရေးမဝဘဲ ကျန်းမာရေးထိခိုက်ကာ ဖျားနာတာတွေအထိပါ ခံစားနေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

ဒါ့အပြင် အချိန်ပိုဆင်းရာမှာလည်း နားချိန်မပေးဘဲ ဆက်တိုက်အလုပ်လုပ်ခိုင်းတာ အလုပ်သမားတွေခံစားခွင့်ရှိတဲ့ ရှောင်တခင် ခွင့် နဲ့ အခြားခွင့်ခံစားခွင့်တွေကိုလည်း အလုပ်သမားအားလုံးတန်းတူညီတူ မခံစားရဘူးလို့ ဆိုပါတယ်။

"ခွင့်ကိစ္စဆိုလည်း အလုပ်သမားအခွင့်အရေးနားလည်တဲ့ အလုပ်သမားက ခံစားခွင့်ရတာရှိတယ် နားမလည်တဲ့ တချို့အလုပ်သမားတွေကတော့ မရဘူး အလုပ်တွေ ဆက်တိုက် မနားမနေလုပ်ရလို့ ကျန်းမာရေးထိခိုက်လို့ တစ်ရက်နားရင် တစ်ရက်လုပ်ခ ဒေးကြေး ၅၈၀၀ ရက်မှန်ကြေး ၁၀၀၀၀ စုစုပေါင်း ၁၅၈၀၀ အဖြတ်ခံရပါတယ် ကျွမ်းကျင်အဆင့်လိုက်ပေးထားတဲ့ အလုပ်သမားကို အဆင့်လျှော့ချလိုက်ပါတယ်။ ဥပမာ အေဂရိတ်သမားဆိုရင် ဘီကို ချလိုက်တယ် ချလိုက်ပေမဲ့ အေမှာပဲနေပြီး အေအဆင့်ကိုပဲလုပ်နေရတာ "လို့ အလုပ်သမားကပြောဆိုပါတယ်။

အဲ့ဒီအထည်ချုပ်စက်ရုံလုပ်ငန်းခွင်ထဲမှာ လုပ်သက် ၆ လမှ တစ်နှစ်ရှိ နေ့စားအလုပ်သမားတွေကိုလည်း ခိုင်းစေနေပြီး အမြဲတမ်းအလုပ်သမားအဖြစ် ခန့်အပ်ခြင်းမရှိတာကြောင့် နစ်နာမှုတွေ ဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

"လုပ်သက် ၆ လ ကနေ ၁ နှစ်အထိ နေ့စားသမားတွေအများကြီးရှိပါတယ် သူတို့ကို နေ့စားအဖြစ်ပဲ ခန့်ထားပြီး လုပ်သက်ခွင့် လူမှုဖူလုံရေးခံစားခွင့် ခွင့်ရက်တွေ ခံစားခွင့် တွေမရဘူး အဲ့တော့ အရမ်းနစ်နာပါတယ်။ အဲ့ဒီနေ့စားသမားတွေထဲမှာ ကျွမ်းကျင်လုပ်သားတွေ အများကြီးပါပါတယ်  ကျွမ်းကျင်သမားတွေဆိုရင်တော့ ၆ လကျော်လောက်မှာ လစားအဖြစ်ခန့်မလိုလုပ်လိုက် ပြီးရင် အလုပ်မရှိလို့ဆိုပြီး အလုပ်ထုတ်လိုက် ပြီးရင်ပြန်ခေါ်လိုက် အဲ့လိုပုံစံမျိုးတွေလုပ်နေတာ နည်းလမ်းမျိုးစုံနဲ့ အခွင့်အရေးချိုးဖောက်တာတွေလုပ်နေတာ "လို့ နေ့စားအလုပ်သမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လုပ်ငန်းခွင်ထဲက အလုပ်သမားက ပြောဆိုပါတယ်။

လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအနေနဲ့ အထည်စံချိန်ကို အလုပ်သမားတစ်ဦးချုပ်လုပ်နိုင်တာထက်ပိုတဲ့ အထည်စံချိန်တောင်းခံပြီး တစ်နာရီလျင် အထည် ၇၀ ထိတောင်းခံနေပြီး စံချိန်အပြည့်မရရှိပါက ရိုင်းစိုင်းကြမ်းတမ်းစွာ အော်ဟစ်ဆဲဆိုပြီး ကာယိန္ဒြေပျက်အောင် ပြုလုပ်လေ့ရှိတယ်လို့ ပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အထက်ပါကဲ့သို့ ညစ်ညမ်းစွာ ဆဲဆိုတာ အပြင် လုပ်ငန်းခွင်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေမှာလည်း ချို့တဲ့နေပြီး ဆေးပေးခန်းမရှိတာ လုပ်ငန်းခွင်အတွင်း မီးဘေးအန္တရာယ်စိတ်ပူနေရတာ အိမ်သာများစနစ်တကျ စီမံမှုမရှိဘဲ သန့်ရှင်းမှုမရှိတာ ညလုံးပေါက်ဆင်းရတဲ့ရက်တွေမှာလည်း လုံခြုံမှုမရှိတာ စတာတွေကို လည်း ပြုပြင်ပေးခြင်းမရှိသလို လုပ်ငန်းခွင်ဆိုင်ရာ စည်းကမ်းပိုင်းနဲ့ပတ်သက်ပြီးလာရောက်စစ်ဆေးမှုများလည်းရှိမနေဘူးလို့ ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ အချိန်ပိုခေါ်ပါက ကြိုတင်အသိပေးရန်နဲ့ အလုပ်သမားများဆန္ဒကို မေးမြန်းရန် ၊ တနင်္ဂနွေပိတ်ရက်ကို အလုပ်ပိတ်ပေးရန် လုပ်သက် ၆ လမှ ၁ နှစ်အထိ လုပ်သက်ရှိအလုပ်သမားတွေကို အတည်ပြုဝန်ထမ်းခန့်ပေးရန် အထည်စံချိန်တောင်းခံရာမှာ လုပ်ငန်းခွင်အတွင်း အော်ဟစ်ဆဲဆိုတာ မလုပ်ရန် ပျက်စီးနေသော အိမ်သာများကို ပြုပြင်ပေးရန် နဲ့ လုပ်ငန်းခွင်ထဲမှာ ဘေးအန္တရာယ်ကင်းရှင်းအောင် စီမံပေးရန် စတာတွေကို ပြုပြင်ပြောင်းလဲပေးရန် တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026