NEWS

နေ့စားအလုပ်သမားတွေလည်း အမြဲတမ်း အလုပ်သမားတွေနည်းတူ အလုပ်သမားခံစားခွင့် ရရှိနိုင်တယ်လို့ဆို

CoverLogo
3.5K Views

နေ့စားအလုပ်သမားတွေကိုလည်း အမြဲတမ်း အလုပ်သမားတွေနည်းတူ အလုပ်သမားခံစားခွင့်တွေ ပေးရမှာဖြစ်တယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ အလုပ်ရှင်တချို့ဟာ အလုပ်သမားဉပဒေမှာ ပြဌာန်းထားတဲ့  အချက်တွေကိုလိုက်နာမှုအားနည်းလာပြီး အလုပ်သမား အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုကျူးလွန်လာကြတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း အထွေထွေ ကြပ်တည်းလာမှုတွေ အရ အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားဦးရေ သန်းချီရှိလာပြီဖြစ်သလို ဥပဒေပါ ခံစားခွင့်တွေ၊ နစ်နာကြေး၊ လျော်ကြေးတွေ ပြည့်ပြည့်ဝဝ မရရှိကြတော့ဘူးလို့ လည်းအလုပ်သမားအရေးလှုပ်ရှားသူတွေထံက သိရပါတယ်။

အမြဲတမ်း အလုပ်သမားတွေကို အလုပ်ကထုတ်ပယ်လိုက်ကြပြီး အစားထိုးအဖြစ် နေ့စားဝန်ထမ်းတွေ ခေါ်ယူလာကြပေမယ့် နေ့စားဝန်ထမ်းတွေ ရရှိရမယ့် အခွင့်အရေးတွေကို ပေးတာ အင်မတန်နည်းပါးလာတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းက အလုပ်သမားအရေးကူညီနေသူတစ်ဦးက"ဥပဒေအရတော့ နေ့စားခေါ်ခိုင်းလည်း ကျွန်တော်တို့က ခွင့်ရက်နဲ့ အလုပ်ပိတ်ရက် ဥပဒေအရ ပေးရမှာပဲ၊ အခု  ရက်သတ္တပတ်ပိတ်ရက်တို့ အများပြည်သူပိတ်ရက်တို့ဆိုတာ သူတို့ကခံစားခွင့်ပြုတယ်၊နေ့စားအလုပ်သမားတွေကိုလေ၊ ဒါပေမယ့် လက်ရှိကာလမှာကျတော့ ခံစားခွင့်မရနေဘူး၊ နေ့စားအလုပ်သမားလို့ပြောတဲ့အတွက်ကြောင့်မို့၊ တစ်ရက်လုပ်ရင် တစ်ရက်ရမှာပေါ့၊ 

အဲ့လိုပုံစံမျိုး၊တနင်္ဂနွေလို ပိတ်ရက်မျိုးမှာ အလုပ်ခိုင်းလည်းပဲ အချိန်ပိုကြေးမရတော့ဘူး သူတို့က ၊ အခု သူတို့ ၄၈၀၀ဆို ၄၈၀၀ပဲ၊ အရင်ကာလတွေတုန်းက ပေးရတယ်၊ နေ့စားအလုပ်သမားဆိုလို့ရှိရင် အချိန်ပိုကြေးပေးရတယ်၊ နောက် ဒီ ပိတ်ရက်တွေဆိုလို့ရှိရင်လည်း အခကြေးငွေ ပေးရတယ်ပေါ့နော်၊ ဒါက ဥပဒေအရ အခကြေးငွေ ပေးချေရေး ဥပဒေအရရော၊ အလုပ်ရုံများ ဥပဒေ အရရောပေ့ါနော်"လို့ ရှင်းပြပါတယ်။

ဒီကာလမှာ အလုပ်ထုတ်ခံရတာ၊ ဝန်ထမ်းလျှော့ချခံရတာ၊ နေ့စားအလုပ်သမားတွေရဲ့ ဥပဒေပါ အခွင့်အရေးချိုးဖောက်ခံရတဲ့ ပြဿနာတွေဟာ အများအပြားဖြစ်လာတယ်လို့ သိရပါတယ်။

အလုပ်သမားဟုဆိုရာမှာ ‌အမြဲတမ်းအလုပ်သမား၊ နေ့စားအလုပ်သမား၊ ယာယီအလုပ်သမား၊ ပုတ်ပြတ်အလုပ်သမား စသည် အကုန်လုံးကို ဆိုလိုကြောင်း အလုပ်သမားဥပဒေတွေမှာ ထည့်သွင်းဖော်ပြထားပြီး ဥပဒေပါ အကျိုးခံစားခွင့်ဟာ အဆိုပါ အလုပ်သမားတွေအပေါ် အကုန်သက်ရောက်တယ်လို့ ဆိုပါတယ်။

"ဒီ ဥပဒေထဲမှာပါတဲ့ အကျိုးခံစားခွင့်တွေက အကုန်ရတယ်၊ ဒီထဲမှာ အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ အလုပ်သမားတွေနဲ့ အကုန်သက်ဆိုင်တယ်လို့ သဘောသက်ရောက်တယ်၊ ဒီ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက်ဆိုလည်း ထိုနည်းလည်းကောင်းပဲ၊ နေ့စားအလုပ်သမား၊ ယာယီအလုပ်သမား၊ ပုတ်ပြတ်အလုပ်သမား အကုန်ထည့်ထားတဲ့အတွက်ကြောင့်မို့ ဒီ ပိတ်ရက်တွေကို အမြဲတမ်းအလုပ်သမားတွေကဲ့သို့ အကုန်ခံစားခွင့်ရှိတယ်ပေါ့နော်၊ 

ဒီ ရက်သတ္တပတ်ပိတ်ရက်၊ အများပြည်သူပိတ်ရက်တွေကို ခိုင်းမယ်ဆိုလို့ရှိရင် သူတို့ကို အမြဲတမ်းအလုပ်သမားတွေကဲ့သို့ နှစ်ဆပေးရမယ်ပေါ့နော်၊ ဒါမှမဟုတ် အဲ့ဒီရက်တွေမှာ ပိတ်တယ်ဆိုလို့ရှိရင် သူ့ရဲ့ ရရမယ့် အခြေခံလစာပေါ့နော်၊ အနည်းဆုံးအခကြေးငွေနဲ့ပြောလို့ရှိရင် ၄၈၀၀ပေါ့၊ ၄၈၀၀ထည့်ပေးရမယ်၊ သူ အလုပ်ဆင်းသည် ဖြစ်စေ၊ မဆင်းသည်ဖြစ်စေပေါ့၊ အဲ့ဒီဟာမျိုးပေးရမယ်ဆိုတာ၊ အခုကာလမှာ အဲ့ဒါတွေမပေးတော့တာ၊ အရင်တုန်းကလည်း အဲ့လိုမျိုး ဒီလိုပုံစံမျိုးတွေလုပ်တာရှိခဲ့ဘူးတယ်၊ ကျွန်တော်တို့ တိုင်ကြားပြီးတော့ တောင်းပေးခဲ့ရတဲ့ စက်ရုံတွေလည်း အများကြီးရှိတယ်"လို့အလုပ်သမားအရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

လက်တလောကာလမှာတော့ အလုပ်ရှင်တွေဘက်က ပြောင်ပြောင်းတင်းတင်းချိုးဖောက်လာကြပေမယ့် အလုပ်သမားတွေဘက်က ရပ်တည်ပေးမယ့် အဖွဲ့အစည်းတွေဟာလည်း အကြပ်အတည်းတွေကြားထဲကနေ ရပ်တည်ပေးဖို့ ပိုမိုခက်ခဲလာတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဌာနဆိုင်ရာ ရုံးတွေဟာလည်း ပိတ်ထားတဲ့အခြေအနေတွေ၊လက်နက်ကိုင် စစ်သားတွေ စောင့်ကြပ်နေတဲ့အခြေအနေတွေကြောင့် သွားရောက်တိုင်ကြားဖို့ပါ ခက်ခဲလာကြတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နေ့စားအလုပ်သမားတွေအနေနဲ့လည်း လူမှုဖူလုံကြေးတွေ ပေးသွင်းရမှာဖြစ်ပြီး အကျိုးခံစားခွင့်လည်း ရရှိရမှာဖြစ်တယ်လို့ သိရပါတယ်။၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအရ နေ့စားအလုပ်သမားအနေနဲ့ လူမှုဖူလုံရေးကြေး ပေးသွင်းထားခြင်းမရှိဘဲ လုပ်ငန်းခွင်မှာ ထိခိုက်မှု တစုံတရာဖြစ်ပေါ်ပါက ကုသမှုကုန်ကျစားရိတ်အားလုံးကို အလုပ်ရှင်ဘက်က ကျခံရမယ့်အပြင် ဒဏ်ကြေးပါပေးသွင်းရမယ်လို့ ဥပဒေမှာ ပြဌာန်းထားပြီးဖြစ်တယ်လို့ ဆက်လက်သိရပါတယ်။


 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026