NEWS

နေ့စားအလုပ်သမားတွေထံက လုပ်အားခ ခေါင်းပုံဖြတ်နေ

CoverLogo
1.2K Views

HUITAI MANUFACTURING(MYANMAR) Co.,ltd အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၃၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေပြီး နေ့စားအလုပ်သမားအဖြစ် ၅၀ ကျော်ခန့်ထားပေမဲ့ လုပ်သက် ၃ လပြည့်သည့်တိုင် နေ့စားအဖြစ်သာဆက်လက်ခိုင်းစေတာ လုပ်အားခတွေခေါင်းပုံဖြတ်နေတဲ့အပြင် လုပ်ငန်းခွင်အတွင်း စံချိန် အလွန်အကျွံတောင်းခံချုပ်လုပ်ခိုင်းနေပြီး ဆဲဆို ခိုင်းစေမှုတွေကြောင့်လည်း ဂုဏ်သိက္ခာမဲ့စွာလုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၅ ရွှေရင်အေးကျောင်းလမ်းမှာဖွင့်လှစ်ထားတဲ့အဆိုပါ စက်ရုံက တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး Sinsay အမှတ်တံဆိပ် ကုတ်အင်္ကျီတွေချုပ်လုပ်နေတာလို့ ဆိုပါတယ်။

"နေ့စား ၅၀ ကျော်ရှိတယ် တချို့တွေဆို လုပ်သက် ၃ လကျော်သွားပြီ အတည်ပြုဝန်ထမ်းမခန့်ဘဲ နေ့စားပဲဆက်လုပ်နေရပြီး အလုပ်ချိန် မနက် ၇ နာရီ ခွဲကနေ ည ၇ နာရီအထိကို ၈၀၀၀ နဲ့ရှင်းပေးတယ် စနေနေ့ဆို မနက် ၇ ခွဲကနေ ညနေ ၅ နာရီအထိ ၆၀၀၀ ပဲပေးတယ်။ တနင်္ဂနွေနေ့ဆို တနေကုန် အလုပ်ဆင်းရပြီး ၅၀၀၀ ပဲရှင်းပေးတယ် အခုလို နေ့စားပဲဆက်ခန့်ပြီး   အလုပ်ကျတော့ မတရားခိုင်းနေတာ ခေါင်းပုံဖြတ်နေတာ နေ့စားဆို ကျွမ်းကျင်ကြေး ရက်မှန်ကြေးလဲမရှိဘူး ပိတ်ရက်လည်းမရှိဘူး"လို့ အလုပ်သမားကပြောပါတယ်။

အခုလို လုပ်သက် ၃ လကျော်သွားတဲ့အလုပ်သမားတွေကို နေ့စားအဖြစ်ဆက်လက်ခိုင်းစေနေပြီး အလုပ်သမားဥပဒေပါ ခံစားခွင့်တွေ မပေးဘဲ ခွဲခြားဆက်ဆံတာအပြင် အချိန်ပိုဆင်းရန် ငြင်းဆန်ပါက လည်းအလုပ်မှ ချက်ချင်းထုတ်ပယ်တာကြောင့် နစ်နာမှုတွေဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်အတွင်းမှာ စက်လိုင်းတလိုင်းလျင် အလုပ်သမား ၄၅ ဦးဝန်းကျင်ရှိပြီး တရက်လျင် ကုတ်အင်္ကျီ အထည်၂၀၀ ထိ ချုပ်လုပ်ရန် သတ်မှတ်ထားသလို ၂၀၀ ကျော်အထိ ချုပ်လုပ်ခိုင်းနေတာလည်းရှိတယ်လို့ အလုပ်သမားကပြောပါတယ်။

"အလုပ်ရှင်ဘက်က တောင်းတဲ့အထည်စံချိန်အတိုင်းမရရင် ကြီးကြပ်တဲ့စူပါတွေက အော်ဟစ်ဆဲဆိုပြီး ခိုင်းပါတယ် နေ့စဉ်နဲ့အမျှပါပဲ တရုတ်နိုင်ငံသားတွေကလည်း စက်လိုင်းထဲဝင်ပြီးအော်ဟစ်တာတွေလုပ်တယ်"လို့ အလုပ်သမားကပြောပါတယ်။

အခုလို လုပ်ငန်းခွင်အတွင်း အခက်အခဲများဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး လုပ်ငန်းခွင်အတွင်းမှာ ညှိနှိုင်းဖြေရှင်းပေးဖို့ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းထားခြင်းမရှိသလို အလုပ်သမားများကို ဖိနှိပ်ခြင်း ဂုဏ်သိက္ခာမဲ့ အောင်ပြောဆိုဆက်ဆံမှုတွေကျူးလွန်နေတယ်လို့ ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့လည်း လူမှုဖူလုံရေး ဆေးခွင့် ရှောင်တခင်ခွင့်တွေ မရရှိဘဲ ခွင့်တိုင်ပြီး အလုပ်တရက်ပျက်ပါက ဒေးကြေး ၄၈၀၀ ထောက်ပံ့ကြေး ၁၀၀၀ ရက်မှန်ကြေး ၁၀၀၀၀ ကျပ်ဖြတ်တောက်ခံရလို့ နစ်နာတယ်လို့ ဆိုပါတယ်။

တခါတရံ လုပ်ငန်းခွင်အတွင်း သောက်ရေပြတ်လပ်မှုရှိပြီး ရာသီဥတုပူပြင်းမှုကြောင့် ရေမသောက်ရဘဲ လုပ်ကိုင်ရတဲ့နေ့တွေရှိတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ လုပ်သက် ၃လပြည့်ပြီးသောအလုပ်သမားတွေကို နေ့စားအဖြစ်မှ အတည်ပြုဝန်ထမ်းခန့်အပ်ပေးဖို့ နိုင်ငံခြားသားများမှ တိုက်ရိုက်အုပ်ချုပ်ခြင်း အော်ဟစ်ပြောဆိုခြင်းများမပြုလုပ်ဖို့ အထည်စံချိန်တောင်းခံရာမှာ အလုပ်သမားတွေချုပ်လုပ်နိုင်တဲ့စံချိန်ကိုသာသတ်မှတ်တောင်းခံဖို့ အထည်စံချိန်တောင်းခံရာမှာလည်း ကြီးကြပ်သူများမှ အော်ဟစ်ဆဲဆိုခြင်းများ မပြုလုပ်ရန် တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

 

 


Related posts

Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026