NEWS

နေ့စားအလုပ်သမားတွေကို ဥပဒေမဲ့အလုပ်ထုတ်ပယ်မှု ဖြေရှင်းပေးစေလိုဟုဆို

CoverLogo
886 Views

လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမားအခွင့်အရေးများချိုးဖောက်ခံရမှုကြောင့် ကုန်အမှတ်တံဆိပ်ဘက်မှ စစ်ဆေးရေးများလာရောက်စစ်ဆေးခြင်းမပြုမီ နေ့စားအလုပ်သမားတွေကို အလုပ်ကနေ ဥပဒေမဲ့ ထုတ်ပယ်လိုက်ပြီး စစ်ဆေးရေးဝင်ပြီးနောက်ပိုင်းမှာတော့ နောက်ထပ်နေ့စားအလုပ်သမားတွေကို ထပ်မံခိုင်းစေနေတာကြောင့် အလုပ်ထုတ်ပယ်ခံလိုက်ရတဲ့ နေ့စားအလုပ်သမားတွေအတွက် တရားမျှတမှုရှိဖို့  ဥပဒေနဲ့ အညီဖြေရှင်းဆောင်ရွက်ပေးစေလိုတယ်လို့ BOFEI GARMENT Co.,ltd စက်ရုံအလုပ်သမားတွေကပြောပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာ လမ်းနဲ့ မြတောင်ဝန်ကြီးဦးမိုလမ်းထောင့်မှာဖွင့်လှစ်ထားတဲ့ BOFEI GARMENT Co.,ltd အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေကို တိုင်ကြားမှုတွေ ပြုလုပ်တာ ၊ သတင်းဌာနတွင် ဖော်ပြခံရပြီးနောက်ပိုင်း ကုန်အမှတ်တံဆိပ်ဘက်မှ စစ်ဆေးရေးတွေ လာရောက်စစ်ဆေးခဲ့တာလို့ အလုပ်သမားကပြောပါတယ်။

စစ်ဆေးရေးတွေ မလာရောက်ခင်မှာပဲ နေ့စားအလုပ်သမား အယောက် ၄၀ ကျော်ကို အလုပ်ကနေ ကြိုတင်အသိပေးတာမရှိဘဲ  ဥပဒေမဲ့ထုတ်ပယ်ခဲ့ပြီး အဲ့ဒီအလုပ်သမားတွေဟာ လုပ်သက် ၃ လပြည့်ပြီးတဲ့အလုပ်သမားတွေဖြစ်တာကြောင့် နစ်နာမှုတွေရှိနေလို့ တရားမျှတမှုရှိအောင်ဆောင်ရွက်ပေးစေလိုတယ်လို့ လုပ်ငန်းခွင်ထဲမှာလုပ်ကိုင်နေတဲ့ အလုပ်သမားတွေထံကသိရပါတယ်။

အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၄၀၀ ကျော်နဲ့  page one young အမှတ်တံဆိပ်ကို ချုပ်လုပ်နေတာဖြစ်ပြီး လုပ်ငန်းခွင်အတွင်းမှာတော့ အလုပ်သမားရေးရာ အငြင်းပွားမှုတွေဖြေရှင်းရန် ဖွဲ့စည်းနိုင်တဲ့ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့ သိရပါတယ်။

"ဇန်နဝါရီလထဲမှာ စက်ရုံရဲ့ လုပ်ငန်းခွင်ချိုးဖောက်မှုတွေကို ဆိုရှယ်မီဒီယာပေါ်မှာဖော်ပြခံရတယ်ပေါ့နော် အဲ့ဒါနဲ့ပတ်သက်လို့ ကုန်အမှတ်တံဆိပ်ဘက်က စစ်ဆေးရေး တွေ ရောက်မလာခင် နေ့စားအလုပ်သမား ၄၀ ကျော်ကို အလုပ်ရှင်ဘက်က ကြိုတင်ပြောကြားတာမရှိဘဲ ဥပဒေမဲ့အလုပ်ကထုတ်လိုက်တာပါ စစ်ဆေးရေးတွေဝင်တုန်းကလည်း အလုပ်သမားတွေကို သင်ပေးထားပြီး လုပ်ငန်းခွင်ထဲမှာ အားလုံးကောင်းမွန်ကြောင်းဖြေခိုင်းတာပါတကယ်တော့ ချိုးဖောက်မှု‌တွေအများကြီးဖြစ်နေတာလေ စစ်ဆေးရေးတွေ လာပြီးတော့လဲ ဘာမှပြောင်းလဲသွားတာမရှိပါဘူး အရင်အတိုင်းပဲ နေ့စားအသစ်တွေတောင်ထပ်ပြီးခေါ်ထားလိုက်သေးတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ သောက်သုံးရေမသန့်ရှင်းဘဲ သံချေးစော်နံနေသည့် သောက်ရေများသာ သောက်သုံးရန် စီမံပေးထားတာကိုလည်း ပြုပြင်ပေးတာမရှိဘူးလို့အလုပ်သမားကပြောပါတယ်။

အလုပ်ချိန်မှာ နံနက် ၇ နာရီ ၃၀ ကနေ ညနေ ၆ နာရီ ၁၀ အထိ လုပ်ကိုင်နေရပြီး ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အချိန်ပိုအောလင်း အောနိုက်များဆင်းပေးနေရပြီး ငြင်းဆန်ခွင့်မရှိဘဲ လုပ်ကိုင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။ 

"အချိန်ပိုဆင်းဖို့ ငြင်းဆန်မယ် မဆင်းဘူးဆိုရင် ခွဲခြားဆက်ဆံခံရတာပေါ့ အငြိုးအတေးထားပြီး အလုပ်ကနေ ထုတ်တဲ့အထိ လုပ်တယ် လူမှုဖူလုံရေးကြေး လစဉ်ထည့်ဝင်ပေမဲ့ ဖူလုံရေးဆေးခွင့်လိုဟာမျိုးခံစားခွင့်မရှိဘူး နေထိုင်မကောင်းလို့ လူမှုဖူလုံရေး ဆေးခန်းသွားပြလို့ ခွင့်ပေးရင်လည်း စက်ရုံဘက်က ခွင့်မပေးဘူး ရှောင်တခင်ခွင့်လည်း မပေးဘူး တရက်ပျက်တာနဲ့ ဒေးကြေးး ၅၆၀၀ ကျပ်နဲ့ ရက်မှန်ကြေး ၁၀၀၀၀ ကျပ် အဖြတ်ခံရပါတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

အခုလို လုပ်ငန်းခွင်အတွင်း လူမှုဖူလုံရေးခံစားခွင့်မရတာနဲ့ ရှောင်တခင်ခွင့်ခံစားခွင့်မရတာတွေကို အလုပ်ရှင်ဘက်က ပြေလည်အောင်ဖြေရှင်းပေးရန် နေ့စားအလုပ်သမားတွေကို ကြိုတင်အသိပေးခြင်းမရှိဘဲ အလုပ်ထုတ်ပယ်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းပေးရန် သောက်သုံးရေ ညစ်ညမ်းနေမှုကို ပြုပြင်ပေးရန် စတဲ့အချက်တွေကို ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။

 


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026