NEWS

တရုတ်ကန့်သတ်ချက်ကြောင့် ပြည်တွင်းကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်လာ

CoverLogo
709 Views

တရုတ်-မြန်မာနယ်စပ် မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ တရားမဝင်ကုန်စည် သယ်ယူမှုတွေကို နိုဝင်ဘာလ ၁၁ ရက်နေ့ကစလို့ ပိတ်လိုက်တာကိုအခွင့်အရေးယူကာ ပြည်တွင်းကုန်ဈေးနှုန်းမြင့်တက်မှုတွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။  

"တကယ်ဆိုရင်ပိတ်တာက ၁၁ ရက်နေ့ဆိုတော့ ကုန်ဈေးနှုန်းတက်မယ်တက်ပေါ့။ ၂၀ရက်ပတ်ချာလည် လောက်မှတက်ရင် ဟုတ်ပြီဒါကြောင့်ပဲ။ ခုကမဟုတ်ဘူး ပြီးခဲ့တဲ့လထဲကတည်းက ပြည်ပကုန်ပစ္စည်းတွေ ဝင်ခွင့်မပြုတော့ဘူးဆိုတဲ့သတင်းစထွက်လာပြီး လကုန်လောက်ကတည်းကရောက်နှင့်ပြီးသားကုန်တွေ လည်းအကုန်တက်ပဲ။ အချိုရည်ရော ဆပ်ပြာရော အကုန်တက်တယ်။ ပိုဆိုးတာကပြည်တွင်းထုတ်ကုန်တွေပါအကုန်ရောပြီးတက်လာတာ။နေပူထဲကနေမောလို့ Royal D တစ်ဗူး၀ယ်သောက်တာ၂၇၀၀ တဲ့ဗျာ။ ထိုင်းကော်ဖီ အေး တစ်ဗူး ၃၀၀၀ ကျော်နေပြီ။ လမ်းထိပ်ကဖော်ဖီမစ်တစ်ထုပ် ၆၅၀ဖြစ်နေပြီ။ ပါကင်လိုက်ကို ၁၇၀၀၀ အထိ တောင်ဖြစ်နေပြီ။ လက်ရှိမြန်မာနိုင်ငံရဲ့လုပ်ခလစာနဲ့ ဘယ်လိုတွေစားသောက်ရမလဲဗျာ။ အအေးလေးကော်ဖီ လေးတောင် မသောက်နိုင်ကြရတော့တဲ့ ဘ၀တွေဖြစ်လာပါပြီ။ ၀မ်းရေးဖြေရှင်းဖို့ကလည်းမသေရုံတမယ်ထမင်းဟင်းပေါ့ဗျာ"လို့  ဒဂုံမြို့သစ်တောင်ပိုင်းက သံချည်သံကွေးလုပ်သားတစ်ဦးကဆိုပါတယ်။  

တရုတ်မြန်မာ မူဆယ်နယ်စပ်က​နေ ကုန်ပစ္စည်းတင်သွင်းခွင့်တွေကို  နို၀င်ဘာ ၁၁ ရက်နေ့ကစတင်ပိတ်လိုက်တာဖြစ်ရာ  လုပ်ငန်းသုံးမဟုတ်တဲ့ ခရီးသည်တင်ကား၊ ဆိုင်ကယ်၊ သုံးဘီး၊ လက်တွန်းလှည်း စတဲ့ ယာဉ်တွေနဲ့ တစ်နိုင်တစ်ပိုင် ကုန်စည်သယ်ယူမှုတွေကို  တရားမဝင် လမ်းကြောင်းတွေက အသုံးပြုခွင့်ပိတ်လိုက်တာဖြစ်ပါတယ်။ 

တင်သွင်းမယ်ဆိုပါက  တရားဝင်ခွင့်ပြုထားတဲ့ ကျယ်ဂေါင် ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းကနေသာ  ခွင့်ပြုတော့မှာဖြစ်လို့ မူဆယ်နယ်စပ်ဂိတ် တရုတ်နိုင်ငံဘက် ရွှေလီအာဏာပိုင်တွေက နိုဝင်ဘာလ ၉ ရက်နေ့က ကြေညာခဲ့ပြီး နို၀င်ဘာ ၁၁ရက်နေ့မှာ ပိတ်လိုက်တာလို့သိရပါတယ်။  

"တိုင်းရင်းသားလက်နက်ကိုင်တွေကနယ်စပ်ကိုထိန်းချုပ်တာခံလိုက်ရတာကြောင့်လို့ပဲထင်ပါတယ်။ကားကြီး ကားသေး စက်ဘီး ဆိုင်ကယ်ကုန်တွေတင်ထားရင်လည်းလုံး၀လက်မခံဘူးသိရတယ်။ ဆင်ဖြူပေါက်မှာတန်းစီနေတာအရင်ကဆို ကုန်တွေအပြည့်ပဲ။ ခုကပါလာရင်ဂိုဒေါင်မှာသွားချခိုင်းတယ်တဲ့ သတ်မှတ်ထားတဲ့လမ်းကြောင်းကနေပဲ၀င်ရမယ်။ ပေးမထွက်တော့ဘူး"လို့ မူဆယ်ဒေသခံတစ်ဦးကဆိုပါတယ်။ 

တရုတ်- မြန်မာနယ်စပ် ကုန်သွယ်မှုအများဆုံးပြုလုပ်နေတဲ့ မူဆယ်မြို့ဆင်ဖြူဂိတ်မှ ခရီးသည်ယာဉ်များ၊ ၂/၃ ဘီးဆိုင်ကယ်များ၊ ဆိုက္ကားများ ဖြတ်သန်းသွားလာ ကူးသန်းရောင်းဝယ်ခွင့်မပြုတော့ဘဲ နယ်စပ်ဂိတ်ပေါက်ဖြစ်တဲ့ကျယ်ဂေါင်- မန်ဝိန်းဂိတ်မှသာ တရားဝင် ကုန်ပစ္စည်အားလုံး ဝင်ထွက်ခွင့်ပြုမည်ဖြစ်တယ်လို့ယူနန်ပြည်နယ်အစိုးရ ထုတ်ပြန်ထားတာဖြစ်ပါတယ်။  

ယခုလိုနယ်စပ်ဂိတ်ပိတ်တာကြောင့် တရုတ်နယ်စပ်ဂိတ်ကို မှီခိုနေရတဲ့ မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်းက အရောင်းအ၀ယ်နဲ့ရပ်တည်နေကြတဲ့  ဒေသခံတွေလည်း အခက်အခဲဖြစ်ကြရသလို  ကုန်ပစ္စည်းတွေလည်း အဆမတန်ဈေးတက်လာပြီလို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။ 

"အရင်ကတည်းက တရားမ၀င်လမ်းကြောင်းဆိုတာရှိထားပြီးသားပါ။ နောက်ဆုံးကျောက်မျက်ရတနာတွေကိုပါ ခိုးထုတ်နေကြတာ။ ကုန်သွယ်ရေးခိုးပေါက်က ရှိနေပြီးသား။  ဒီနေရာမရအခြားနေရာရှိပြီးသား သူတို့လုပ်လည်းအလကားပဲ"လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။  

ယခုလိုနယ်စပ်ဂိတ်ပိတ်လိုက်တာကြောင့်  ပြည်တွင်းကုန်ဈေးနှုန်းမြင့်တက်မှုတွေဟာ  ပြည်ပပစ္စည်းတွေကိုသာ မက ပြည်တွင်ထုတ်ကုန်ပစ္စည်းတွေပါအဆမတန်ခုန်တက်လာတာဖြစ်ပြီး မီးဖိုချောင်အသုံးဆောင်ပစ္စည်းတွေဖြစ်တဲ့ ဟင်းချိုမုန့်၊ ခရုဆီ၊ ပဲငံပြာရည် ဆပ်ပြာဆီ၊ ရေချိုးဆပ်ပြာ၊ အ၀တ်လျှော်ဆပ်ပြာ၊ ခေါက်ဆွဲခြောက်၊ အမျိုသမီးလစဉ်သုံးပစ္စည်း၊ အချိုရည် ကော်ဖီနဲ့ ဆေးပစ္စည်းစတာတွေဟာ ယခုရက်ပိုင်းမှာပင် ကျပ်၂၀၀ က​နေ  ၅၀၀ အထိမြင့်တက်လာတယ်လို့ သိရပါတယ်။ 

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews 

#MyanmarLabourNews


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026