NEWS

တရက်အလုပ်ချိန် နာရီ ၂၀ နီးပါး အလုပ်ဆင်းခိုင်းနေ

CoverLogo
692 Views

MYANMAR Long sheng Fashion စက်ရုံမှာအလုပ်သမား ၂၀၀၀ ဝန်းကျင်နဲ့လုပ်ငန်းလည်ပတ်နေပြီး အချိန်အပိုအလွန်အကျွံခိုင်းစေနေသလို အောနိုက် အောလင်း ဆင်းရတဲ့ ရက်တွေမှာဆိုရင် တရက်အလုပ်ချိန် နာရီ ၂၀ နီးပါးလုပ်ကိုင်နေရလို့ ပင်ပန်းမှုကြောင့် ထိခိုက်မှုတွေဖြစ်ပေါ်နေတယ်လို့အလုပ်သမားတွေကပြောပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ကနောင်မင်းသားကြီးလမ်း ခြံအမှတ် - မှာဖွင့်လှစ်ထားတဲ့ အဆိုပါစက်ရုံက တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး JACKS&JONES အမှတ်တံဆိပ် ဂျာကင်၊ ဝယ်လွန်၊မိုးကာ၊ လေသာ၊ ကိုလာဖီးသား ဂျာကင် အထည်တွေချုပ်လုပ်နေတာလို့ ဆိုပါတယ်။

ပုံမှန်အလုပ်ချိန်ဟာ နံနက် ၈ နာရီမှာစတင်ပြီး ညနေ ၇ နာရီ ၃၀ မှာ နာရီဝက်အနားရပြီး ည ၈ နာရီကနေ နံနက် ၅ နာရီအထိ လုပ်ကိုင်နေရသလို နံနက်အလုပ်ပြန်ချိန် ဖယ်ရီနဲ့ ပြန်ပို့ပြီးပါက နံနက် ၈ နာရီမှာ အလုပ်ပြန်ဝင် ရပြီး နောက်တနေ့ နံနက် ၅ နာရီမှ သာအလုပ်က ပြန်ရတာဖြစ်လို့ နားချိန် အိပ်ချိန် မရှိဘဲ ကျန်းမာရေးထိခိုက်လာတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"ဒဘလယ်ကြီးဆင်းနေရတာလေ နာရီနဲ့တွက်ရင် နာရီ ၂၁ နာရီ လောက်ရှိတယ် ၆ လပိုင်းကတည်းက အဲ့လို အောနိုက် အောလင်း ( ညလုံးပေါက်) မတရားဆင်းနေရတာ အလုပ်သမားတော်တော်များများက နေထိုင်မကောင်းဖြစ်တယ် အလုပ်ရှင်ဘက်ကခေါ်တဲ့ အောနိုက် အောလင်းမဆင်းလို့မရဘူး မဆင်းရင် ခွဲခြားခွဲခြားလုပ်ပြီး အငြိုးအတေးထားခံရတယ်"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့ သိရပါတယ်။ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းထားပေမဲ့ အလုပ်သမားတွေရဲ့အခက်အခဲကို ဆွေးနွေးပေးတာမရှိဘူးလို့ ပြောပါတယ်။

"WCC လားရှိတယ်လေ သူတို့က အလုပ်ရှင်က သေဆိုသေ ရှင်ဆိုရှင်ပဲ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်အခက်အခဲအတွက် တော့ ဖြေရှင်းပေးတာ မရှိဘူး"လို့ အလုပ်သမားက မှတ်ချက်ပေးပါတယ်။

အခုလို အချိန်ပိုတွေ အလွန်အကျွံဆင်းနေရချိန်မှာလည်း ချုပ်လုပ်ရတဲ့ အထည်စံချိန်တွေ ကို ချုပ်လုပ်နိုင်တာထက် ပိုမိုတောင်းခံလျက်ရှိတယ်လို့ ပြောပါတယ်။

စက်လိုင်းတစ်လိုင်းကို စူပါ ၊ ဟက်ပါ (အကူ) အပါအဝင် အလုပ်သမား ၄၃ ဦး ဝန်းကျင် ရှိပြီး တနာရီလျင် ဂျာကင် ၂၃ ထည် ချုပ်လုပ်ပေးရတယ်လို့ ပြောပါတယ်။ စက်ချုပ်သမားတစ်ဦးလျင် နှစ်ပွိုင့်မှ သုံးပွိုင့်အထိ ချုပ်ရပြီး အထည်များလက်ဝင်ခြင်း စက်လိုင်း လူဦးရေမပြည့်မီတာတွေကြောင့် အထည်စံချိန်တွေမပြည့်မီပါက ‌ေ-ာက် အသုံးအနှုန်းဖြင့် ဆဲဆိုခံရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အများပြည်သူရုံးပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့ပါ အချိန်ပိုခေါ်ပြီး မဆင်းမနေ ရ ဖိအားပေးလက်မှတ်ထိုးခိုင်း ပြီး ဆင်းခိုင်းနေတယ်လို့ ပြောပါတယ်။

"ပိတ်ရက်လည်းမနားရဘူး မဖြစ်မနေ ဖိအားပေးလက်မှတ်ထိုးခိုင်းတာ အဲ့လို လက်မှတ်ထိုးခိုင်းတဲ့နေရာမှာလည်း အလုပ်သမားတွေဘက်က အချိန်ပိုတွေ မတရားဆင်းချင်နေလို့ တောင်းဆိုလို့ အလုပ်ရှင်က ခေါ်ပေးရတာဆိုတဲ့ပုံစံမျိုးနဲ့ အလုပ်သမားတွေက မိမိသဘောဆန္ဒနဲ့ ဆင်းတာပါဆိုပြီး လက်မှတ်ထိုးခိုင်းတာပါ"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်နေတဲ့ အလုပ်သမား ၂၀၀၀ ကျော်မှာ ထက်ဝက်နီးပါးက နေ့စားသမားတွေလို့ ပြောပါတယ်။

နေ့စားအဖြစ်ဝင်ရောက်လုပ်ကိုင်နေကြတဲ့ အထဲမှာလည်း အသက် မပြည့်သေးတဲ့ လူရွယ်လုပ်သားတွေ များပြီး လူကြီး အလုပ်သမားတွေနဲ့ တန်းတူခိုင်းစေတာတွေ ပြုလုပ်ပြီး  ဒေးကြေး ၄၈၀၀ ကျပ် အိုတီ တစ်နာရီလျင် ၁၂၀၀ ကျပ်သာ ပေးချေပြီးခိုင်းစေနေလို့ အခွင့်အရေးဆုံးရှုံးနေရတယ်လို့ ပြောပါတယ်။

"အသက် ၁၅ နှစ်ကနေ ၁၇ ထိ လူရွယ်လုပ်သားတွေပေါ့နော် စက်လိုင်းထဲက ကလေးတွေဆို တစ်လလောက် လုပ်ပြီးရင် အတည်ပြုခန့်တာရှိပေမဲ့ တခြားဌာနက အလုပ်သမားကလေးတွေကျတော့ နေ့စားပဲ ထားတယ် ၇ လလောက် နေ့စားလုပ်ရတဲ့သူဆို ပိတ်ရက်ခံစားခွင့် ကျွမ်းကျင်ကြေး အပိုထောက်ပံ့ကြေး ရက်မှန်ကြေးတွေ မရဘဲ လုပ်နေရတာ အရမ်းကိုနစ်နာပါတယ်"လို့ အလုပ်သမားကပြောပါတယ်။

အခုလို လုပ်ငန်းခွင်အတွင်း အလုပ်သမားများရဲ့ ကျန်းမာရေး လူမှုရေးများကို မငဲ့ညှာပဲ အချိန်ပို အလွန်အကျွံခိုင်းစေတာ အသက်မပြည့်သေးတဲ့အလုပ်သမားတွေရဲ့ လုပ်အားကို ချိုးနှိမ်ခေါင်းပုံဖြတ်နေတာတွေအပေါ်ဖြေရှင်းပေးဖို့ အလုပ်သမားတွေက လိုလားနေတယ်လို့ ပြောပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်အနေနဲ့ 
၁။ အလုပ်ရှင်ဘက်မှ အောနိုက် အောလင်းများ မတရားခေါ်ယူနေခြင်းကို ရပ်တန့်ပေးရန်။
၂။ လုပ်ငန်းခွင်ထဲတွင် ၃ လပြည့်ပြီးသော နေ့စားအလုပ်သမားများကို အတည်ပြုဝန်ထမ်းခန့်အပ်ပေးရန်။
၃။ အလုပ်သမားကိုယ်စားလှယ် wcc သည် အလုပ်သမားများကိုယ်စားပြုရွေးချယ်ထားခြင်း မဟုတ်သော ကြောင့် အလုပ်သမားများကိုကိုယ်စားမပြုခြင်း။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော အထည်စံချိန်များကိုသာ တောင်းခံရန်။
၅။ အလုပ်ရှင်ဘက်မှ တနင်္ဂနွေရက်များကို အချိန်ပိုအိုတီကို မခေါ်ရန် စတဲ့အချက်တွေ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026