NEWS

ဆန်ဈေးလျှော့ချရောင်းနေပေမဲ့ စက်ရုံ အလုပ်ရုံ အလုပ်သမားတွေ ဈေးကြီးပေးဝယ်ယူနေရ

CoverLogo
433 Views

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သက်သာသောနှုန်းထားဖြင့် ဆန်ရောင်းချပေးမယ့် အစီအစဉ်မှာ  စက်ရုံအလုပ်ရုံ အလုပ်သမားများထံရောင်းချပေးတယ်လို့ ဆန်စပါးအသင်းကထုတ်ပြန်ထားပေမဲ့ အလုပ်သမားတွေကတော့  ဈေးကြီးပေး၀ယ်ယူနေရဆဲသာဖြစ်တယ်လို့ သိရပါတယ်။ 

"သူတို့ကထုတ်ပြန်ပေမဲ့လည်း ကျွန်မတို့စက်ရုံအလုပ်သမားတွေကတကယ်မရပါဘူး။  ပေါ်ဆန်းတစ်ပြည်ကို ဆန်ကောင်းရင်  ၆၈၀၀ ပေး၀ယ်ရပါတယ်။ အရမ်းကောင်းတာမဟုတ်ရင် ဆန်တစ်ပြည် ၆၄၀၀ ပေးရပါတယ်။  မနေ့ညက၀ယ်တာပါ။သူတို့ကြေညာထားတာကတော့  ပေါ်ဆန်းမွှေးတစ်ပြည်ကို၅၀၀၀ ကြေညာထားတယ်။ ပြီးရင်တန်းစီပြီး၀ယ်ယူရပါတယ်။ ပြီးရင်မှတ်ပုံတင်ဘာာညာပေးရသေးတာ။  ကျွန်မတို့အလုပ်သမားတွေက မိုးလင်း၆နာရီထိုးတာနဲ့ထပြင်ဆင်ပြီး စက်ရုံဖယ်ရီအမီပြေးရတာ။ ဘယ်ချိန်၀ယ်ရမလဲဘယ်ချိန် အချိန်ပေးပြီးတန်းစီရမလဲ ဒါကိုကျွန်မတို့စက်ရုံအလုပ်သမားတွေ သက်သာသောနှုန်းထားကိုခံစားဖို့မရပါဘူး"လို့ စက်မှုဇုန် အလုပ်သမားတစ်ဦးကဆိုပါတယ်။  

သက်သာသောနှုန်းထားဖြင့်ဆန်ရောင်းချခြင်းအစီစဉ်မှာ  ရန်ကုန်တိုင်းဒေသကြီး အတွင်း လက်လီဆိုင် (၅၈) ဆိုင်မှ တစ်ပြည် (၃၀၀၀) ကျပ်ဖြင့် ဧည့်မထဆန် ရောင်းချခြင်းနဲ့  စက်မှုဇုန်များ၊ စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ အလုပ်သမားမိသားစုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများသို့ ရောင်းချပေးခြင်းများလုပ်ဆောင်လျှက်ရှိ တယ်လို့  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကထုတ်ပြန်ထားတာဖြစ်ပါတယ်။ 

အလားတူပဲ အခြားတိုင်းဒေသကြီးနဲ့ပြည်နယ်အချို့က ဆန်အသင်းတွေအနေနဲ့လည်း ဆန်တပြည်လျင် ၃၀၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးနေပေမဲ့ အိမ်ထောင်တစ်ခုလျင် ၂ ပြည်နှုန်းနဲ့ ရောင်းချပေးနေတယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သက်သာသောနှုန်းထားဖြင့် ဆန်ရောင်းချပေးမည့်အစီအစဉ်တွင် အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ပါလာမှသာ ရောင်းချပေးမည်ဖြစ်ပြီး  မိသားစုတစု အတွက် တလစာ ပေါ်ဆန်းတအိတ်နှင့် ဧည့်မထဆန်တအိတ် ဝယ်ယူနိုင်မယ်လို့ ဆိုထားပါတယ်။ 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ သတ်မှတ်ဈေးနှုန်းများအတိုင်းကို  ဇွန်လ ၂၄ ရက်နေ့မှစတင်ပြီး  ရန်ကုန်မြို့ရှိ ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင် ဆန်စပါးကုန်စည် ဒိုင်တို့တွင် ရွှေဘိုပေါ်ဆန်းတအိတ်လျှင် ၁၃၅,၀၀၀ မွ ၁၄၅,၀၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်းတအိတ်လျှင် ၁၁၀,၀၀၀ မှ ၁၂၀,၀၀၀ ကျပ် ၊ ဧည့်မထတအိတ်လျှင် ၇၂,၀၀၀ မှ ၇၅,၀၀၀ ကျပ် ဖြစ်ပြီး ပေါ်ဆန်းတပြည် ၅,၀၀၀ ကျပ်၊ ဧည့်မထတပြည် ၃,၀၀၀ ကျပ်နှင့်  ပေါ်ဆန်း ငါးပြည်တအိတ်လျှင် ၂၅,၀၀၀ ကျပ်ဖြင့် ရောင်းချပေးမယ်လို့ဆိုထားတာပါ။  

အဲ့ဒီလိုသက်သာသောနှုန်းထားဖြင့် နေရာနှစ်နေရာတွင်သာ ရောင်းချပေးခြင်း ဖြစ်ပြီး ရပ်ကွက်အတွင်းကလက်လီရောင်းချမှုမှာလည်း နေရာနှစ်ခုလောက်ကသာ တစ်ပြည်ချင်းစီရောင်းချပေးနေတာကြောင့် အဆမတန်ဈေးကြီးနေတဲ့ ဆန်ဈေးနှုန်းလျှော့ချမှု   ထိရောက်မှုမရှိနိုင်သလို  အောက်ခြေအလုပ်သမားများအတွက်ဆန်၀ယ်ဖို့တန်းစီရန်အချိန်မပေးနိုင်တာကြောင့် ဆန်ဈေးကြီးပေးစားနေကြရမှာသာဖြစ်တယ်လို့  ဆန်အရောင်းကိုယ်စားလှယ်တစ်ဦးကဆိုပါတယ်။ 

"ကျွန်မတို့အရှေ့ဒဂုံမှာတောင် ဆိုင်နှစ်ဆိုင်ကပဲရောင်းပေးနေတာ။ အဲ့တာလည်းတန်းစီရတာ။ တန်းစီနေတဲ့အတန်းကြီးကအရှည်ကြီးပဲ တနေပါကုန်သွားမယ်။ လူပိုရှိရင်တော့ဟုတ်တာပေါ့။. လူပိုမရှိရင် ၇၀၀၀ နီးပါးပေးစားရတဲ့ဆန်ကို ၅၀၀၀ နဲ့စားရဖို့ကတစ်နေကုန်အလုပ်ပျက်ခံပြီး တန်းစီရမှာလေ။ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ဒီလိုသာတန်းစီရမယ်  အထောက်အထားတွေပြ၀ယ်ရမယ်ဆိုရင်တော့ ဒီနည်းကတော့ ဆန်းဈေးကျဖို့မဖြစ်နိုင်ပါဘူး။ မြို့နယ်တစ်မြို့နယ်ကိုဆန်ဆိုင်နှစ်ဆိုင်တည်းမဟုတ်ဘဲ  ဆန်ဆိုင်အများစုကသာ အခုလိုလုပ်ပေးနိုင်မယ်ဆိုရင်တော့ ဖြစ်နိုင်ချေရှိတာပေါ့။ စားဆီကိုပဲကြည့်ပေါ့။ ဈေးကျလို့လားခုဆို ၁၂၀၀၀ ဈေးတောင်ဖြစ်နေပြီ။ ဆီဆိုပိုပြီး ရောင်းအားသာခဲ့တာပဲ ဆန်ကိုခုလိုနေရာနှစ်နေရာလောက်နဲ့တော့ လုံး၀သက်ရောက်မှုမရှိနိုင်ပါဘူး"လို့ ဆန်အရောင်းကိုယ်စားလှယ်တစ်ဦးကဆိုပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းက  ဆန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေသည်ဟုဆိုကာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက်  ယခုလို ဈေးနှုန်းလျှော့ချကာရောင်းပေးမယ်ဆိုတဲ့  အစီအစဉ် ပြန်လည်ပြုလုပ်လာခြင်းဖြစ်ပါတယ်။ 

ပြင်ဆင်သတ်မှတ်လိုက်တဲ့ဈေးနှုန်းတွေကတော့ အနိမ့်ဆုံးဈေးနှုန်းအဖြစ် ဧည့်မထ  ၂၄ ပြည်တစ်အိတ်ကို ကျပ် ၇၀,၀၀၀ ကနေ   အမြင့်ဆုံး ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်ကို ကျပ် ၁၄၅,၀၀၀ သတ်မှတ်ထားပြီး သတ်မှတ်ဈေးနှုန်းထက်ပိုရောင်းချရင် ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက်ထားတာဖြစ်ပါတယ်။ 

အဲဒီလိုသတ်မှတ်ဈေးကြေညာပေးပေမဲ့လည်း  ဈေးကွက်အတွင်း ပေါက်ဈေးမှာတော့  ရွှေဘိုပေါ်ဆန်းတအိတ်မှာ အနည်းဆုံး ၁၈၅,၀၀၀ ကျပ်ရှိပြီး ဧည့် မထဆန် တအိတ်မှာ အနည်းဆုံး  ၉၅၀၀၀ ကျပ် ကျော်အထိရှိနေတာပဲဖြစ်ပါတယ်။

 

 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026