NEWS

စားအုန်းဆီလက်ကားရည်ညွှန်းစျေး တပိဿာ ၆၁၇၀ သတ်မှတ်၊ ပြင်ပပေါက်စျေး ၁၈၀၀၀ အထိ မြင့်တက်လာ

CoverLogo
606 Views

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ ယခုတစ်ပတ်တာအတွက် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ (၆၁၇၀) ကျပ်အဖြစ်သတ်မှတ်ထားပေမဲ့ ပြင်ပစျေးကွက်မှာတော့ တစ်ပိဿာကို ၁၈၀၀၀ အထိပေါက်နေတယ်လို့ သိရပါတယ်။ 

ပြည်သူအများစု အားထားပြီးအသုံးပြုနေရတဲ့ စားအုန်းဆီ ဈေးမြင့်တက်ခြင်းနဲ့ လိုသလောက်ဝယ်မရနိုင်တာတွေကြောင့် ဆီအသုံးပြုရတဲ့ တပိုင်တနိုင်လုပ်ငန်းငယ်တွေ ရပ်တန့်လာပြီဖြစ်သလို အခြေခံပြည်သူတွေပါ ဆီအတွက် အခက်အခဲ တွေ ကြုံလာကြရတယ်လို့ သိရပါတယ်။

"သူတို့သတ်မှတ်တာထက်အပြင်မှာတန်းစီဝယ်ရင် ၆၂၀၀၊  ၆၅၀၀ ပေါ့။ ခုကတန်းစီတဲ့ဟာမလာတာ ၃ရက်ရှိပြီ ။ အပြင်က ၁၇၅၀၀ နဲ့ ၁၈၀၀၀ အထိဖြစ်နေပြီ။ ၁၆၀၀၀ စျေးတောင်ရှားနေပါပြီ။ ကျွန်တော်တို့မကိုက်လို့တန်းစီရတဲ့ဆီစောင့်တာ။ မလာတော့အကြော်ပါ မရောင်းနိုင်ဘူး ရပ်ထားရတယ်။ ကြာလေဒုက္ခရောက်လေပါ"လို့ အကြော်စုံ ကြော်ရောင်းသူကဆိုပါတယ်။ 

စစ်ကောင်စီ လက်အောက်ခံဆီအသင်းရဲ့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းမှာ ဩဂုတ် (၁၉) ရက်မှ ဩဂုတ် (၂၅) ရက် အထိ ရောင်းချရမည့် ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေး ၆၁၇၀ ကျပ်ဖြစ်လို့ ပြီးခဲ့တဲ့တစ်ပတ်ရဲ့သတ်မှတ်စျေး(၅၉၄၅) ကျပ်နှင့် နှိုင်းယှဉ်လျှင် (၂၂၅) ကျပ် မြင့်တက်ခြင်းဖြစ်သလို  ပြင်ပစျေးကွက်တွင်လည်း  တစ်ပိဿာ (၁၃၀၀၀) ကျပ်ကနေ ၁၇၀၀၀ မှ ၁၈၀၀၀ ကျပ်အထိ မြင့်တက်လာတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရဲ့  သတ်မှတ်အရောင်းဆိုင်များမှာလည်း အိမ်ထောင်စုတစ်စုလျှင် ဆီငါးဆယ်ကျပ်သားတစ်ဘူးစီကို အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်ပြသခြင်းဖြင့်  သတ်မှတ်စျေး ဝန်းကျင်ဖြင့် ရောင်းချပေးနေခြင်းမျိုးရှိသော်လည်း တန်းစီဝယ်ယူသူများပြားသောကြောင့် အကန့်အသတ်ဖြင့်သာရောင်းချပေးနိုင်သလို ယခင်လိုမကြာမကြာရောင်းချခြင်းမရှိဘူးလို့ သိရပါတယ်။ 

စားအုန်းဆီလက်ကား ရည်ညွှန်းဈေးနှုန်းကို ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုတွေနှင့်အညီ ပြည်တွင်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းဖြစ်ပေါ်စေရန် စားအုန်းဆီ အဓိကတင်ပိုနေတဲ့ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတွင်ဖြစ်ပေါ်နေတဲ့ ဈေးနှုန်း၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်၊ ဘဏ်စရိတ်၊ အခွန်အခများကို ထည့်သွင်းတွက်ချက်ပြီး ထုတ်ပြန်ခြင်းဖြစ်တယ်လို့ စစ်ကောင်စီရဲ့ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီကဆိုပါတယ်။

 


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026