NEWS

စက်ရုံလုပ်သားတွေထံက အချက်အလက်များစတင်ကောက်ယူနေ၊ ပြည်သူများစစ်မှုထမ်းရမဲ့ဥပဒေထုတ်ပြန်ချက်ကြောင့် စက်ရုံအလုပ်သမားတွေကြားစိုးရိမ်မှုမြင့်တက်လျှက်ရှိ

CoverLogo
920 Views

စက်ရုံအလုပ်သမားတွေဆီကနေ စစ်ကောင်စီ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရဲ့ Biometric Enrollment Application Form စတင်ဖြည့်စွက်ပေးနေရပြီလို့ စက်ရုံအလုပ်သမားတွေထံကသိရပါတယ်။ 

 

"စက်ရုံမှာဒီလိုဖောင်တွေဖြည့်ခိုင်းနေပါတယ် ဘာမှလည်းရှင်းပြတာမရှိပါဘူး အလုပ်သမားတွေအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်မလဲဆိုတာ သိချင်ပါတယ် တကယ်စစ်ထဲဝင်ရတော့မှာလား"လို့ လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန် အတွင်းဝန်လမ်းမှာဖွင့်လှစ်ထားတဲ့ BOHUA စက်ရုံအလုပ်သမားကပြောပါတယ်။

 

စစ်ကောင်စီရဲ့ ပြည်သူများစစ်မူထမ်းရမဲ့ဥပဒေထုတ်ပြန်ချက်ကြောင့် စက်မှုဇုန်အသီးသီး စက်ရုံအလုပ်ရုံကအလုပ်သမား တွေဟာ စိုးရိမ်စိတ်များစွာဖြင့် အခက်အခဲများစွာရှိနေတယ်လို့လည်းပြောပါတယ်။

 

“သမီးတို့စက်ရုံမှာ ယောကျားလေးတွေကအရမ်းကြောက်နေကြပြီ ဒီဥပဒေကြောင့်။ သူတို့ခေါင်း ဆောင်ကိုပြောတယ်။ အချိန်ပိုမဆင်းချင်ဘူး။ အိမ်ပြန်နောက်ကျရင် ဆွဲခေါ်ခံရမှာကြောက်တယ်။ ခုကပေါ်တာဆွဲတာမဟုတ်ဘဲ ဥပဒေကြီးကိုင်ပြီးပေါ်တင်ဆွဲကြတော့မှာမို့ အချိန်ပိုမဆင်းချင်ဘူး ညနေ၄နာရီဆိုတာနဲ့ပြန်မယ်ပေါ့။ စက်ရုံဘက်ကလည်းအချိန်ပိုဆင်းရမယ် မရဘူး။အဲတာဆိုမပြန်တော့ဘူး စက်ရုံမှာအိပ်မယ် အိမ်ဖို့နေရာစီစဉ်ပေးပေါ့အဲလိုစကားပြောဆိုစရာတွေဖြစ်နေပြီ။ သူတို့ကနောက်ဆုံးအချိန်ပိုမဆင်းလို့ အလုပ်ဖြုတ်ရင်ဖြုတ် ထွက်မယ်အဲလိုတွေပါပြောနေကြတယ်။ အဆင်မပြေကြဘူး”လို့ ဒဂုံမြို့သစ်အရှေ့ပိုင်းကအထည်ချုပ်စက်ရုံတစ်ရုံမှ အလုပ်သမားကပြောပါတယ်။ 

 

စက်ရုံအလုပ်ရုံကအလုပ်သမားတွေဟာ ညဘက်အချိန်ပိုဆင်းရတာတွေအများစုရှိတာကြောင့် လတ်တလောကာလတွေမှာ စစ်မူထမ်းဥပဒေထွက်ပေါ်လာပြီးလူငယ်တွေပျောက်ဆုံးတာတွေလည်း သတင်းထွက်နေတာကြောင့် အချိန်ပိုမဆင်းလိုဘဲ မိမိနေအိမ်ကိုသာစောစွာပြန်လိုပေမဲ့ အလုပ်ရှင်ဘက်ကလည်း အချိန်ပိုမဆင်းပါကဆဲဆိုကြိမ်းမောင်းတာတွေနဲ့ အလုပ်ထုတ်တာတွေအထိပါ ရှိတာကြောင့် စက်ရုံအလုပ်သမားတွေအတွက် ယခုကာလဟာ အင်မတန်ခက်ခဲနေချိန်ဖြစ်တယ်လို့ သိရပါတယ်။ 

 

အလားတူမန္တလေးက စားသောက်ဆိုင်ကြီးတစ်ခုမှ စားဖိုဆောင်အလုပ်သမားတစ်ဦးကလည်း “ကျွန်တော်တို့ဆီမှာလည်း ညနေ၆ခွဲလောက်ဆိုရင် ဆိုင်ကအလုပ်သမားတွေအကုန်ပြန်လွှတ်နေကြပြီ။ ဆိုင်ရှင်တွေလည်း ဆိုင်အကုန်ပိတ်ပဲ။ ၇နာရီလောက်ဆိုရင်ကိုလမ်းပေါ်လူကျဲသွားပြီ။ သတင်းတွေကတက်နေတွေ့နေရတော့ ဟုတ်သည်ရှိသော်ဆင်ခြင်ပြီးဖြစ်တာပေါ့။ လမ်းပေါ်ဆွဲခံရတာထက်တော့ အိမ်မှာဆွဲခံရတာကတော်သေးတယ် ပြောဆိုလို့ရသေးတာကိုး။ ညဆိုင်းဆင်းရတဲ့အလုပ်သမားတွေအတွက်ပဲ တော်တော်ခက်မှာအကုန်လုံးကတော့ စိုးရိမ်စိတ်တွေနဲ့ပါ”လို့ ဆိုပါတယ်။ 

 

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၈/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော အရန်တပ်ဖွဲ့ဥပဒေကို စစ်ကောင်စီဖေဖော်ဝါရီ၁၂ရက်မှာ ထုတ်ပြန်ကြေငြာလိုက်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှမှာတော့ အဆိုပါဥပဒေစတင်၍ အာဏာတည်စေရမည်လို့ စစ်ကောင်စီက ဆက်လက်ထုတ်ပြန်လိုက်ပါတယ်။ 

 

ဒါ့အပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုကို အဖွဲ့စည်းလိုက်ကြောင်း အမိန့်ကြော်ငြာစာကိုလည်း စစ်ကောင်စီအဖွဲ့က ဖေဖော်ဝါရီ ၁၃ ရက်ညတွင် ဆက်လက်ထုတ်ပြန်လိုက်ပါသေးတယ်။ 

 

အဆိုပါထုတ်ပြန်ကြေငြာချက်တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရန်အလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ ၆ အရ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟို အဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၄)ဖြင့် ထုတ်ပြန်သည်လို့ ဖော်ပြပါရှိပါတယ်။  

 

ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုတွင် ဥက္ကဋ္ဌအဖြစ် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ အတွင်းရေးမှူး အဖြစ် စစ်ရေးချုပ်ရုံးစစ်ရေးချုပ်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး တို့ပါ၀င်ဖွဲ့စည်းထားတာကိုတွေ့ရပါတယ်။

 

#MyanmarLabourNews


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026