NEWS

ကျော်ကျော်နှင့် ဇော်ဇော်

CoverLogo
647 Views

နယ်မှာ အလုပ်အကိုင်အဆင်မပြေလို့ ရန်ကုန်တက်လာတဲ့ ဇော်ဇော်နဲ့ ကျော်ကျော် သူငယ်ချင်းနှစ်ဦး အလုပ် ရှာဖို့ ကြိုးစားနေကြပါတယ်။ ရောက်ရှိနေတဲ့ လှိုင်သာယာမြို့ ကျယ်တော့ ဘယ်မှ မသွားတတ် မလာတတ်နဲ့။

ဒီတော့ အင်တာနက်အသုံးပြုပြီး သုံးနေကျ ဖေ့ဘွတ်ကနေ အလုပ်ရှာခဲ့ရတာပေါ့။

ရန်ကုန်မှာ ယောကျ်ားလေးတွေ အတွက် အလုပ်ကလည်း အတော် ရှားပါတယ် ။ တပတ် ကျော်တဲ့ အထိမရပါ ။ အလုပ် အကိုင် ၁၀ ခုထက်မနည်းကို လျှောက်ခဲ့ကြပါတယ်။

ဆယ်ရက်အကြာမှာတော့ ဖေ့ဘွတ်မှာပဲ အလုပ်အမှန်တကယ် လိုအပ် နေသူများ အတွက်ဆိုပြီး Wifi operator ကုမ္ပဏီတခုက နေ့တွက် ဒေကြေး ၁၂၀၀၀ ပေးမည် ၊ ဘာစာရွက်စာတမ်းမှ မလို၊ ဖောင်ကြေးပေးစရာ မလို ဆိုတော့ ဇော်ဇော်တို့ သူငယ်ချင်းနှစ်ဦးလည်း Viber ကနေ ကိုယ်ရေးအချက်အလက် CV ဖောင်တင်လိုက် ကြတယ်။

တဖက်က အကြောင်းပြန်မဲ့ Reply ကို စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော် နေကြရပါတယ် ။ ၅ မိနစ်ဆိုသည်က သိပ်ကြာ သလို သူတို့အတွက် ခံစားခဲ့ရပါတယ်။

၅ မိနစ် အကြာမှာ တဖက်ကလည်း ပြန်ပြီး အကြောင်းပြန်လာပါတယ်။

"ကုမ္ပဏီသည် ရွှေပြည်သာမြို့နယ် တစ်ပါကွေ့တွင် ရှိကြောင်း၊ အလုပ်ငန်းသဘောမှာ ရုံးတက်စရာ မလိုကြောင်း၊ အလုပ်မှာ တောက်တိုမယ်ရ လုပ်ရပြီး တတ်ကျွမ်း သူများနှင့် တွဲဖက် လုပ်ကိုင်ရမည် ဖြစ်ကြောင်း" ရှင်းပြပါတယ်။

အလုပ်မှ လူတွေ့ခေါ်လျှင် တုံ့ဆိုင်း မနေဘဲ ချက်ချင်း လာ နိုင်ကြောင်း ဝမ်းပန်းသသာ ဖြေကြတယ်။ သူငယ်ချင်းနှစ်ဦး ဝမ်းသာလိုက်သည့် အဖြစ်။

စက်တင်ဘာ ၄ ရက်မှာ အလုပ်အင်တာဗျူးအတွက် လှိုင်သာယာ ၁၂၇ ကားဂိတ်ကို လာခိုင်းလို့ သူငယ်ချင်း၂ဦး ကလည်းသွားသာသွားနေရတယ် တဘက်က အလုပ်အင်တာဗျူးမဲ့သူ ပြောထားတာက ကုမ္ပဏီရုံးက တစ်ပါကွေ့ မှတ်တိုင်လို့ ပြောပြီး အခုလာခိုင်းတော့ လှိုင်သာယာ မြို့နယ်က ၁၂၇ ကားဂိတ် ဖြစ်နေတော့ စိတ်ထဲထင့်နေ၊
တွေ့ဖို့ ပြောထားတဲ့ နေရာက လက်ဖက်ရည် ဆိုင် ဖြစ်နေပြန်တယ်။

ဆိုင်ထဲဝင်တော့ လူကြီးပိုင်းလောက်အရွယ် လူတစ်ယောက် က လက်ထောင်ပြီး ဇော်ဇော်တို့ နှစ်ဦးကို လှမ်းခေါ်။ ထိုသူရှေ့က စားပွဲမှာတော့ စားထားတဲ့ မုန့်ပန်းကန် မနည်းမနောကို တွေ့ရတယ် ဇော်ဇော်တို့ကလည်း သတိနဲ့ စကားအနည်းငယ်စီ ပြောဆိုနေစဉ် စားပွဲထိုးကောင်လေးက ဘာမှာမလဲမေးတော့ ဘာမှ မမှာတော့ဘဲ အလုပ်အကိုင်နဲ့ အင်တာဗျူးကိစ္စကိုသာ ဦးတည်မေးကြတယ်။

"ဘယ်မှာ လုပ်ရမှာလဲ ၊ဘယ်လိုလုပ်ရမလဲ ၊ ဘာတွေလိုသေးလဲမေးလိုက်တယ် ထိုလူက ရွှေပြည်သာမြို့နယ် ငါးကန်လမ်းတွင် လုပ်ရမည်၊ ဖယ်ရီ စီစဉ်ပေးမည်၊ ယူနီဖောင်း၊ လည်ဆွဲကတ်များလည်း ပေးမည်၊ တိုင်တစ်တိုင်နဲ့ တစ်တိုင် အကွာအဝေးကိုပေကြိုးနဲ့မှတ်တတ်ရမည်၊ အချိန်ပိုဆင်းရပါကလည်း အချိန်ပိုကြေးရမည့် ဆိုသည့် အကြောင်း ရှင်းပြပါတယ်" ။ ဒီနောက် ဇော်ဇော်တို့ ၂ဦးကို "အလုပ်ခန့်ကြောင်း" ပြောပြန်ပါတယ်။

နေ့လည်ခင်း ၂နာရီ ရွှေပြည်သာ ကန်သာယာမှတ်တိုင်က Orange သို့ လာရောက်ပြီး နေ့တပိုင်း လာလေ့လာ နိုင်ကြောင်း ခေါ်ပြီး ၊ စကားပြောလို့အပြီးမှာ ဇော်ဇော်တို့၂ယောက်လည်း ပြန်လာကြပါတယ်။

နောက်တနေ့ နေ့လည်၂ နာရီ လောက်ရောက်တော့ ကျော်ကျော်တယောက်တည်း ပိုက်ဆံ ၁၀၀၀ ယူကာ လုပ်ငန်း လေ့လာဖို့ ကန်သာယာက Orange ကို ထွက်လာခဲ့ ပြီး ကျော်ကျော်ရောက်တော့ သူ့လို အလုပ်အတွက် ဖောင်ဖြည့်နေတဲ့ သက်တူရွယ်တူရှိတဲ့ လူငယ် တစ်ယောက်ကိုလည်း တွေ့ရတယ်။ အဲ့လူငယ်ဘေးတွင်လည်း စားသောက်ပြီး ပန်းကန်များ အထပ်လိုက်ကြီး တွေ့ရပြန်တယ်။

ကျော်ကျော်က အလုပ်ခေါ်တဲ့သူ ဘယ်သွားလဲလို့ ဖောင်ဖြည့်နေသည့် လူငယ်ကိုမေးတော့ အတူပါလာတဲ့ လူငယ်ရဲ့ သူငယ်ချင်း၂ယောက်ကို သွားရှာမယ်ဆိုပြီး ထွက်သွားကြောင်း ပြောပါတယ်။

သိပ်မကြာခင်မှာပဲ လူငယ်ပြောတဲ့ သူငယ်ချင်းများ ရောက်လာကြပြီး အလုပ်ခေါ်သူကို မေးပြန်ပါတယ်။ ရောက်နှင့်နေသည့် လူငယ်ကလည်း သူတို့ကို သွားရှာကြောင်း ပြောပြပါတယ်။

ထိုသူကို ဖုန်းဆက်တော့ စက်ပိတ်ထားသည့်ဟု ဖုန်းက ဖြေကြားနေပါတယ်။ လူငယ်နဲ့ သူ၏ သူငယ်ချင်းတို့ သိပ်မသင်္ကာလို့ ဆိုပြီး သူတို့ ကိုယ်ပိုင်ဖုန်းတွေကို ကျန်ခဲ့သည့် လူငယ် ဖုန်းနဲ့ဆက်ကြည့်တော့လည်း စက်ပိတ်ထား သည်ဟို သိရပြန်ပါတယ်။

ကျော်ကျော် မျက်စိလည်လာသည်နှင့် လူငယ် သုံးဦးကို မေးကြည့်ရာ စားသောက်ထားသည့် ပန်းကန်များမှာ အလုပ် ခေါ်သူ စားထားသည့် ပန်းကန်များဖြစ်ကြောင်း၊ ဖုန်းနဲ့ Wifi ချိတ်ဆက်နည်း သင်ပေးမှာဖြစ်လို့ လိုအပ်တဲ့ app တွေ ကူးပေးမယ်ဆိုပြီး ဖုန်းတောင်းကြောင်း ၊ လူငယ် နှစ် ဦးရဲ့ ဖုန်းကိုယူထားစဉ် အဲလူငယ် နှစ်ဦးကို လမ်းက တိုင်တွေရဲ့ အကွာအဝေးကို သေချာမှတ်ခဲ့ဆိုပြီး စေလွှတ်ခဲ့ကြောင်း ပြောပြပါတယ်။

လူငယ် သုံးဦး အလိမ်ခံလိုက်ရပြီကို ကျော်ကျော် သိလိုက်ရသည်နှင့် အဲ့ဒီနေရာကနေ ပြန်ထွက် လာလိုက်တယ်။
ကျန်ခဲ့သည့် လူငယ် သုံးယောက်ကတော့ အလုပ်မရသည့်အပြင် ဖုန်းနှစ်လုံးနှင့် လိမ်လည်သူရဲ့စားသောက်ဖိုး ပါ ရှင်းပေးလိုက် ရပါတယ်။

လူငယ်တွေအတွက် အလုပ်အကိုင်ရှားသလို လိမ်လည်သူတော့ လွယ်လှတယ်။

အခန်းပြန်ရောက်တော့ အကြောင်းစုံကို ဇော်ဇော်အား ရှင်းပြခဲ့တယ်။

ဒါကတော့ ကျော်ကျော်နဲ့ဇော်ဇော်တို့ အလုပ်လျှောက်ရင်း ပထမဆုံးရခဲ့တဲ့ သင်ခန်းစာလေးတစ်ခုပေါ့။

( ဤအဖြစ်အပျက်မှာ အလုပ်ရှာသည့် အလုပ်သမား ၂ ဦး၏ ကိုယ်တွေ့ဖြစ်ရပ်ဖြစ်ပြီး ယင်းတို့ကိုယ်တိုင်ပြန်လည်ရေးသား ပေးပို့လာခြင်းဖြစ်ပါသည်။) 


Related posts

Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026
Cover
Eurostyle အထည်ချုပ် ၂၄ နာရီ အတင်းအဓမ္မ အလုပ်ဆင်းခိုင်းပြီး၊ နောက်နေ့တွင် ညဆိုင်း ဝင်ခိုင်း
Mar 05, 2026
Cover
Nay Shwe Win အထည်ချုပ် အချိန်ပိုအလွန်အကျွံခေါ်
Mar 02, 2026
Cover
G & F Myanmar ခွင့်ယူလို့ လိုင်းစူပါက ဆူပူ၊ ကိုယ်ထိလက်ရောက် ကျူးလွန်
Feb 27, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026
Cover
XING YUAN ( Myanmar) အထည်ချုပ် လိုင်းစူပါ ဆဲဆို ခိုင်းစေ
Feb 18, 2026
Cover
Juntai (Fu Yuan) Garment Co.,Ltd စက်ရုံတွင် ဆဲဆို ဖိအားပေး အထည်စံချိန်တောင်းနေ
Feb 17, 2026