ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရန် ကျားဖောင်ပေါ်သို့ ပို့ဆောင်ကာ အဓမ္မခိုင်းစေပြီး လုပ်အားခ ခေါင်းပုံဖြတ်ရယူခဲ့သူ နှစ်ဦး ကို လူကုန်ကူးမှုဥပဒေဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် စီ ချမှတ်လိုက်တယ်လို့ ဇူလိုင် ၃၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာဖေါ်ပြထားပါတယ်။
ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်နေ အောင်ဇော်ဦး (ခ) ကြွက်နီနှင့် မြောင်းမြမြို့နေ ဇော်နိုင်တို့က လပွတ္တာမြို့နယ်နေ ဦး -----၊ ၃၄/၂၀၂၃ နှစ်အား မြောင်းမြမြို့ရှိ ပေါင်မုန့်စက်ရုံတွင် အလုပ်အပ်ပေးမည်ဟု လိမ်လည်ပြောဆိုကာ ဖျာပုံမြို့နယ် နောက်မီးကျေးရွာမှ လူဝကြီး (ခ) သန်းနိုင် ထံတွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ရန် ကျားဖောင်ပေါ်သို့ ပို့ဆောင်ပြီး လုပ်အားခငွေကျပ် ၇၅၀၀၀၀ အား ခေါင်းပုံဖြတ်ရယူခဲ့တယ်လို့ဆိုပါတယ်။
၎င်းပြစ်မှုကျူးလွန်သူတွေ ကို ကန်ဘက်နယ်မြေရဲစခန်း (ပ) ၇၃/၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ရာ လပွတ္တာခရိုင်တရားရုံးက ယနေ့တွင် တရားခံ အောင်ဇော်ဦး (ခ) ကြွက်နီနှင့် ဇော်နိုင်တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့တယ်လို့ သတင်းဖော်ပြချက်အရသိရပါတယ်။