NEWS

ကလေးမြို့နယ် တောင်ပိုင်းတွင် စစ်ရှောင်ဇုန်သတ်မှတ်ပေးရန် ဒေသခံများ တောင်းဆို

CoverLogo
885 Views

စစ်ကိုင်းတိုင်း၊ က‌လေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေ မကြာခဏ လာရောက် အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတာကြောင့် စစ်ရှောင်ဇုန်သတ်မှတ်ပေးဖို့ကို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ကူညီတောင်းဆို ပေးစေလိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။


ကလေးမြို့နယ်တောင်ပိုင်းဒေသမှာ စစ်တပ်ဟာ ၁ ပတ် ၁ ကြိမ်၊ ၂ပတ် ၁ ကြိမ် လာရောက်ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပစ္စည်းတွေလုယက်တာ၊ ဒေသခံတွေကို အကြမ်းဖက် သတ်ဖြတ်တာတွေကို လွန်လွန်ကျူးကျူးလုပ်ဆောင်နေပြီး ဒေသခံတွေဟာ လူရော စိတ်ပါ လုံခြုံမှု မရှိပဲ နေထိုင်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။


"နိုင်ငံတကာ အဖွဲ့အစည်းတွေ ၊ ဖြစ်နိုင်ရင်တော့ ICRC လိုမျိုး အဖွဲ့အစည်းကပဲ ဖြစ်ဖြစ်၊ဒီနေရာကတော့ ဒါ စစ်ရှောင်ဇုံပဲ၊ထိုးစစ်မဆင်ဖို့ပေါ့နော်၊ စစ်ကြောင်းမထိုးဖို့ ဆိုတာမျိုး၊လုံခြုံစိတ်ချရတဲ့နေရာ၊သိပ်အကျယ်ကြီးမဟုတ်ပါဘူး။ နေနိုင်ရုံပေါ့ ။ လူကြီးနဲ့ အဓိကကတော့ မိန်းမသားတွေ၊ကလေးတွေအတွက် လုံခြံမှုပေးနိုင်တဲ့ အာမခံချက်လောက်ဆို မဆိုးဘူးပေါ့။ သူတို့သံသယရှိရင် ယောက်ျားသားတွေ မနေနဲ့၊လူငယ်လူရွယ်တွေမနေနဲ့ဆိုလည်း ပြဿနာမရှိပါဘူး။ ဒေသခံတွေက အဲ့လိုလေးပေါ့၊စားနပ်ရိက္ခာလေးတွေ နှစ်လစာသုံးလစာ စုထားတာလေးတွေလည်း အာမခံချက်လေးရှိပြီးတော့ သက်ကြီးရွယ်အို‌တွေ၊ကလေးတွေ၊မိန်းမသားတွေအတွက် ဘေးကင်းလုံခြုံတဲ့ အစီအမံလေးကို လုပ်ပေးနိုင်ကြမယ်ဆိုရင်တော့ ကျွန်တော်တို့ ဖြတ်သန်းရတာ ပိုပြီးတော့ အဆင်ပြေမှာပေါ့"လို့  နတ်ချောင်းကျေးရွာ‌နေ ဒေသခံတစ်ဦးက ပြောပါတယ်။


ပြီးခဲ့တဲ့ သင်္ကြန်မတိုင်မီကလည်း နတ်ချောင်းကျေးရွာက စစ်ဘေးရှောင်တွေ‌ နေထိုင်တဲ့ ဘုန်းတော်ကြီးကျောင်းတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး လက်ကိုင်ဖုန်းတွေ အပ်နှံဖို့နဲ့  မအပ်ရင် သေနတ်နဲ့ပစ်ခတ်မယ်ဆိုပြီး  ခြိမ်းခြောက်ကာ လက်ကိုင်ဖုန်း အလုံး ၂၀၀ ကျော်ကို သိမ်းယူခဲ့တယ်လို့လည်း သိရပါတယ်။


နတ်ချောင်းကျေးရွာမှာ အိမ်ခြေ ၂၀၀၀ကျော်နဲ့ လူဦးရေ ၁၀၀၀၀ ကျော်ရှိပြီး လက်ရှိ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဒါ့အပြင် နတ်ချောင်းကျေးရွာအနီးက ကျေးရွာတွေမှာလည်း မီးရှို့ဖျက်ဆီးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေများလာတာ ကြောင့် အခက်အခဲတွေလည်း များလာတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။


"ကျန်းမာရေး ပြဿနာကတော့ခက်တယ်ဗျ၊အနီးဆုံး ဘယ်ရွာမှာမှ ဆရာဝန်မရှိဘူး။  မြို့ပေါ်တက်ရတာဆိုတော့ မြို့ပေါ်လမ်းကြောင်းတွေကလည်း တောက်လျှောက်ပိတ်ထားတယ်။ ရောဂါ ကြီးကြီးမားမားရှိရင်တော့ ဘယ်မှ ပြစရာမရှိဘူး။ သာမန်ဖျားနာဆိုရင်တော့ ကျန်းမာရေးမှူးတို့လို ဘာတို့လိုပေါ့၊အရပ်ဘက် ဆေးသင်တန်းတက်ထားတာလေးတွေဆီမှာပဲ ထိုးကြရတဲ့အနေအထားပေါ့ ။ မိုးရာသီဆိုရင်တော့ ဘယ်လိုရင်ဆိုင်ရမလဲတော့ မသိဘူး။ လတ်တလော အနေအထားကတော့ အဲ့လိုပေါ့။ ထသွားထလာ အဖျားလောက်ပဲ ကုလို့ရတယ်၊ကြီးကြီးမားမားဆိုရင် ခက်ခဲတယ်"လို့ နတ်ချောင်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။


စားနပ်ရိက္ခာကတော့ စပါးအစိုက်များတဲ့ဒေသဖြစ်တာကြောင့် အထိုက်အလျောက် စုဆောင်းထားပေမယ့် မိုးကျပြီးနောက်ပိုင်းနဲ့ မိုးတွင်းကာလ လယ်စိုက်ခွင့် ရမရပေါ်မှာ မူတည်ပြီး  အခက်အခဲရှိနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိ စုဆောင်းထားတဲ့ ဆန်စပါးတွေကိုလည်း စစ်‌တပ်က မီးရှို့ဖျက်ဆီးတာ၊ယူဆောင်သွားတာ၊စစ်ကြောင်းထိုးချိန် ချက်ပြုတ်စားသောက်သွားတာတွေရှိသလို ၊PDF ရိက္ခာ ဆိုပြီး စွပ်စွဲအရေးယူတာတွေရှိ နေတယ်လို့ သိရပါတယ်။
ကလေးမြို့နယ်အတွင်း အိုးအိမ်စွန့်ခွာစစ်ဘေးရှောင် ထွက်ပြေးရသူ ၂၀၀၀၀ ကနေ ၃၀၀၀၀အထိ ရှိနိုင်တယ်လို့ သိရပါတယ်။ ကလေးမြို့နယ် တောင်ပိုင်းက တချို့ဒေသတွေမှာတော့ စစ်ဘေးမရှောင်ရပေမယ့် လုံခြုံမှုမရှိတဲ့ စိုးရိမ်စိတ်နဲ့ နေထိုင်နေကြရတယ်လို့ သိရပါတယ်။


နတ်ချောင်း ကျေးရွာမှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ မတ်လ အတွင်း နေအိမ် ၁၂၀ မီးရှို့ခံခဲ့ပြီး ဧပြီလ ၁၀ ရက်က တတိယအကြိမ်မီးရှို့မှုမှာ အိမ်ခြေ ၉၀ ဆုံးရှုံးပျက်စီးခဲ့ပါတယ်။

 


Related posts

Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
ပဲခူးမြို့အတွင်း ခရီးသည်တင်ယာဉ်လိုင်းများ ဖြတ်သန်းခွင့်မပေးတော့သဖြင့် ခရီးသွားများ အခက်တွေ့
Nov 15, 2025
Cover
အာဏာသိမ်းစစ်တပ်သို့ ငွေပေးချေမှုများ ရပ်တန်းကရပ်ရန် ထိုင်းရေနံကုမ္ပဏီများကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း
Nov 10, 2025
Cover
ဒေါ်မျိုးအေး လွတ်မြောက်မှု လက်ခံရန် အလွန်ခက်ခဲနေ ဟု STUM ထုတ်ပြန်
Nov 07, 2025
Cover
ပြည်တွင်း လုပ်သား ၄၀၀၀ ခန့်အလုပ်အကိုင်ပေးနိုင်မည့် ရင်းနှီးမြုပ်နှံမှု ၄ ခုခွင့်ပြုထားဟု စစ်ကော်မရှင်ထုတ်ပြန်
Nov 06, 2025
Cover
စစ်တပ်ရဲ့ ရွေးကောက်ပွဲကို နယူးဇီလန် အသိအမှတ်မပြု
Nov 05, 2025
Cover
ရန်ကုန်မှာ တိုက်ခန်းဝယ်ယူခွင့် စာရွက်စာတမ်းအတုနဲ့ လိမ်လည်မှုတွေရှိလာ
Nov 04, 2025