ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းနေတဲ့ အတွက် တနိုင်ငံလုံးမိုးရွာသွန်းမှု များ ပြီး မြစ်ကြီး အချို့မှာလည်း မြစ်ရေတွေ စိုးရိမ်ရေမှတ်ထက်ကိုကျော်လွန် ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရဲ့ စက်တင်ဘာ ၁၀ ရက် နေ့ မိုးလေဝသအခြေနေ ထုတ်ပြန်ချက် တွေအရသိရပါတယ်။
ထူးခြားတဲ့ အခြေအနေ အရ ယမန်နေ့က တရုတ်-မြန်မာနယ်စပ်ဒေသများမှာ ဖြစ်ပေါ်ခဲ့တဲ့ လေပွေလှိုင်းဟာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ တွေ ကို ဖြတ်ကျော်လျက်ရှိတယ်လို့ဆိုကာ ၎င်း လေပွေလှိုင်းဟာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်တယ်လို့ ခန့်မှန်း ကြောင်း မိုးဇလ က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် တိုင်းနဲ့ပြည်နယ် တွေ မှာ နေရာအလိုက်မိုးကြီးနိုင်တယ်လို့ ဆိုကာ မြန်မာ့ပင်လယ်ပြင်မှာတော့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက် လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးမယ်လို့ ဆိုပါတယ်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီ ကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့မှာ ၉ ပေမှ ၁၂ ပေခန့် ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်တယ်လို့ သိရပါတယ်။
မြစ်ရေကြီးမှု သတိပေးချက်မှာတော့စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်၁ပေခန့်ရောက်ရှိနေပြီးနောက်တစ်ရက်အတွင်း လေးလက်မခန့်ဆက်လက်မြင့်တတ်နိုင်တယ်လို့ အသိပေးထားပါတယ်။
သောင်းရင်းမြစ်ရေဟာလည်း မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ပေကျော် ရောက်ရှိနေပြီး လာမယ့်၁ရက်အတွင်း ၂ပေခွဲခန့် မြင့်တတ်လာနိုင်တယ်လို့သိရပါတယ်။
သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့စိုးရိမ်ရေမှတ်အောင်က် ၁ ပေကျော် မှာရှိနေပြီးလာမယ့်၂ရက်အတွင်း စိုးရိမ်ရေမှတ်ကိုရောက်ရှိလာမှာဖြစ်ပြီး ဘီးလင်းမြို့မှာတော့ သံလွင်မြစ်ရေဟာစိုးရိမ်ရေမှတ်အောက် ၂ပေခန့်မှာရှိနေပြီး လာမယ့် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်ကိုရောက်ရှိလာမယ်လို့ မိုးဇလ က ထုတ်ပြန်ထားပါတယ်။
အခုလို မြစ်ရေတွေ စိုးရိမ်ရေမှတ်ကျော်လွန်ရောက်ရှိနေတဲ့ အတွက် သက်ဆိုင်ရာ မြို့တွေရဲ့ မြစ်ကမ်းပါးအနီးနဲ့မြေနိမ့်ဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကျဖို့ကိုလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
စက်တင်ဘာလ ၁၀ရက်မနက်ပိုင်း အစောပိုင်း က မိုးရွာသွန်းမှုများတာကြောင့် ထိုင်းမြန်မာနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနေတဲ့ အတွက်တာချီလိပ်မြို့နယ်မှာ ရေကြီးပြီး မြေပြိုတာတွေ ဖြစ်ပွားခဲ့ကာ ဒေသခံပြည်သူတွေ ရေဘေးသင့်ဒဏ်ခံနေရတယ်လို့သိရပါတယ်။
Photo-ko Hla Moe