NEWS

နိုဝင်ဘာ ဒုတိယတပတ်တာ တစ်ပတ်တာသတင်းအနှစ်ချုပ်ဖော်ပြချက်

CoverLogo
112 Views

Myanmar Labour News မှာ နိုဝင်ဘာလ (၄) ရက်ကနေ (၁၀) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း အလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ရာသီဥတုသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားပါတယ်။

ရည်ရွယ်ချက်ကတော့ တစ်ပတ်တာအတွင်း ပြည်တွင်း၊ပြည်ပ အလုပ်သမားရေးရာနဲ့ ဒေသဆိုင်ရာ သတင်းအချက်အလက် တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ပဲ ဖြစ်ပါတယ်။

နိုဝင်ဘာလ (၄) ရက်

တရုတ်နိုင်ငံက မြန်မာအထည်ချုပ်လုပ်သား ခေါ်ယူတာတွေ ပိုမိုတွင်ကျယ်လာပြီး လုပ်ငန်းခွင်တွင်းမှာ ချိုးဖောက်မှုတွေ လုပ်ဆောင်ကြတယ်လို့ တရုတ်နိုင်ငံရောက် မြန်မာအလုပ်သမားတွေက ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ MOU မြန်မာအလုပ်သမား (၁၆)ဦး လုပ်ခလစာမရလို့ တိုင်ကြားတာတွေ လုပ်ဆောင်ခဲ့ရပြီး လက်ရှိမှာတော့ လုပ်ခလစာ လတ်(၂)သိန်းကျော် ပြန်ရထားပါတယ်။

ပြည်ပမှာအလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရရင် အမျိုးသား ညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနကို ဆက်သွယ်တိုင်ကြားနိုင်မှာ ဖြစ်ပါတယ်။

အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းဟာ ထိုင်းနိုင်ငံကို ထွက်ခွာဖို့ကို ကြိုတင်အသိပေး အကြောင်းကြားထား တာမရှိလို့ မန္တလေးလေဆိပ်မှာ ပတ်စပို့စ် အသိမ်းခံရပြီး လှည့်ပြန်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတွင်းမှာ ရန်ကုန်မြို့က မြို့ပြပျောက်ကြားအင်အားစုတွေက စစ်ကောင်စီကို ပုံစံမျိုးစုံနဲ့ တိုက်ခိုက်မှု (၁၅) ကြိမ် ရှိခဲ့တယ်လို့ Rangoon Scout Network (RSN) က ထုတ်ပြန်ထားပါတယ်။

“Airbus: End investment in AVIC”ခေါင်းစဥ်နဲ့ လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက နိုဝင်ဘာလ (၄) ရက်မှာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

နိုဝင်ဘာလ (၆) ရက်နေ (၈) ရက်အတွင်း ဒေသအလိုက် မိုးကြီးတာနဲ့အတူ လေပြင်းတိုက်ခိုက်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ (၅) ရက်

ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်တွေမှာ လျှပ်စစ်မီးကို တစ်ရက် (၈) နာရီ မီးဖြတ်ပြီး အလှည့်ကျစနစ်နဲ့ လျှပ်စစ် ဓာတ်အားပေးနေပါတယ်။

ရန်ကုန်လေဆိပ်မှာ Black List (အမည်မည်းစာရင်း) မပါသူတွေကို မှားယွင်းတားဆီးတာတွေမရှိရေး အလေးထား ဆောင်ရွက်ဖို့ လဝကဝန်ကြီးက ညွှန်ကြားထားပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ပြည်သူတွေဟာ အကြောင်းမဲ့ ပိတ်ပင်ခံရတာတွေ ရှိနေပါတယ်။

ထိုင်းနိုင်ငံ  စမူပကန်မြို့ရှိ ကော်စက်ရုံ တစ်ရုံ မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၈ဦး ကို စက်ရုံသူဌေးက လုပ်ခ လစာမပေးတဲ့ အပြင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်က ထုတ်ပယ်ခဲ့တဲ့အတွက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အလုပ်သမား ဝန်ကြီးဌာန နဲ့ (MHAC) မဟာမိတ်အဖွဲ့တို့ ကို တိုင်ကြားခဲ့ရာမှာ လုပ်အားခနဲ့ နစ်နာကြေးတွေ ပြန်လည်ရရှိခဲ့ပါတယ်။

ဂျပန်နိုင်ငံက မြန်မာအလုပ်သမား (၁၃၀၀) ကျော် ခေါ်ယူရာမှာ အမျိုးသမီးလုပ်သား (၁၀၀၀) ကျော် ပါဝင်ခဲ့ပါတယ်။

လာအိုနိုင်ငံရှိ မြန်မာသံရုံးက BEST GARMENT LAOS Co, ltd စက်ရုံက မြန်မာအလုပ်သမားတွေကို အခွင့်အရေး ချိုးဖောက် တာတွေ လုပ်ဆောင်နေတာကို ကူညီဖြေရှင်းပေးတာမရှိဘဲ လုပ်ခလစာကို ဘဏ်ကတစ်ဆင့် လွှဲပြောင်းရေးကိုသာ ပြောဆို နေပါတယ်။

မြန်မာဂျော်နီ (Myanmar Journay) အိတ်စက်ရုံက အချိန်ပိုခိုင်းစေနေတာကို တိုင်ကြားတယ်ဆိုပြီး အလုပ်သမားတွေရဲ့ လက်ကိုင်ဖုန်းတွေကို သိမ်းဆည်းပြီး သုံးစွဲခွင့်ပိတ်ပင်ခဲ့ပါတယ်။

နိုဝင်ဘာလ (၆) ရက်

ထိုင်းနိုင်ငံ ရနောင်း-ချမ်းဖွန် တောင်တန်းရှိ တောထဲတစ်နေရာမှာ လူကုန်ကူးသူတွေက စွန့်ပစ်ထားခဲ့တဲ့ မြန်မာနိုင်ငံသား ကလေးငယ်တစ်ဦး အပါအဝင် ကိုးဦးကို ထိုင်းရဲတပ်ဖွဲက တွေ့ရှိကယ်တင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ ပါကျင်ပူလီခရိုင်ရှိ သံစက်ရုံတစ်ရုံ မှာ  Mou ဖြင့် အလုပ်လုပ်ကိုင်လျှက်ရှိ တဲ့ မြန်မာအလုပ်သမား (၁၂၆)ဦးကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ အလုပ်မှ ထုတ်ပစ်ခံခဲ့ရတဲ့ အတွက် နစ်နာကြေးဘတ် ၃ သန်း ခန့်ရရှိအောင် MHAC မဟာမိတ်အဖွဲ့နှင့် အန်ယူဂျီ အလုပ်သမား၀န် ကြီးဌာနမှ တာဝန်ရှိသူ တွေ ပူးပေါင်း ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

နိုဝင်ဘာလ (၇) ရက်

ရန်ကုန်တိုင်းဒေကြီး၊ လှိုင်သာယာမြို့နယ် ရွှေသန်လွင်စက်မှုဇုန်  ၊ မင်းဧရာလမ်းမှာ ဖွင့်လှစ်ထားတဲ့ TS Garment (သားစု) အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ခန့် လုပ်ကိုင်နေပြီး အလုပ်သမားတွေရဲ့ ကျန်းမာရေးထိခိုက်လာတဲ့အထိ အချိန်ပိုညည့်နက်ထိ ခိုင်းစေနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

“Airbus: End investment in AVIC”ခေါင်းစဥ်နဲ့ လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစု က နိုဝင်ဘာလ (၇) ရက်မှာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။


နိုဝင်ဘာလ (၈) ရက်

စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ၂၀၂၄ အောက်တိုဘာလအ တွင်း မြန်မာနိုင်ငံအနှံ့အပြားမှာ အမျိုးသမီး ၇၀ကျော် သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့(BWU) က နိုဝင်ဘာ ၅ရက်က ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံ စက်ရုံ၊ အလုပ်ရုံများရှိ မြန်မာအလုပ်သမား တွေ အနေနဲ့  Passport မှ Passport သို့လည်းကောင်း CI မှ Passport သို့လည်းကောင်း Mobile Team ဖြင့် ဆောင်ရွက်လိုပါက မြန်မာသံရုံး၊ ကောင်စစ်ဌာန ကို  လာရောက်ဆက်သွယ် ဆောင်ရွက်နိုင်တယ်လို့ ဘန်ကောက်ရှိ မြန်မာသံရုံး က နိုဝင်ဘာ ၇ ရက် နေ့မှာ အသိပေးကြေညာထားပါတယ်။

မလေးရှားနိူင်ငံ ကာချမ်းမြို့ ဘန်တာတက်ကနော်လော်ဂျီရပ်ကွက် မှာ ဓါးထိုးခံရပြီး သေဆုံးခဲ့တဲ့ မြန်မာအမျိုးသမီး ရဲ့ မိသားစုဝင်များ နဲ့ အဆက်သွယ် မရတဲ့ အတွက် သဂြိုလ်ဖို့ အတွက်အခက်ခဲ ဖြစ်နေတယ်လို့ မြန်မာလူမှုကူညီရေး အသင်း မလေးရှားထံက သိရပါတယ်။

ထိုင်းနိုင်ငံ၊ စမွတ်စခွန်၊မဟာချိုင်မြို့ဝပ်ခွတ်ခန်ရှိ လမ်းတံတားဆောက်လုပ်ရေးလုပ်ငန်း တစ်ခု မှာ လုပ်ကိုင်နေသော မြန်မာ (MOU) အလုပ်သမား (၂၇)ဦး မှာ လုပ်ခမရတဲ့ အပြင် အလုပ်က ရပ်နားခံရတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံက သိရပါတယ်။

Myanmar Labour News မှာ အောက်တိုဘာလအတွင်း သတင်း ၁၀၈ ပုဒ် ဖော်ပြထားတဲ့ အထဲမှာ အလုပ်သမား အခွင့်အရေးနဲ့ ဥပဒေတွေကို ချိုးဖောက်တဲ့သတင်း  စုစုပေါင်း ၄ဝ ပါဝင်ပါတယ်။ ဒီသတင်းတွေထဲမှာ စက်ရုံပေါင်း ၃၃  ရုံ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။

နိုဝင်ဘာလ (၉) ရက်မှာလည်း တိုင်းနဲ့ပြည်နယ်တွေမှာ မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မှာ ဆီဆိုင်မီးလောင်ပေါက်ကွဲပြီး ယာဉ်မောင်းသေဆုံးခဲ့ပြီး မီးသတ်ဝန်ထမ်းတွေ အပါအဝင် လူ(၂၀) ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ ပြည်တွင်းမှာ လူကုန်ကူးတဲ့ဖြစ်စဉ်တွေဟာ ပြည်သူတွေဆီ ချဉ်းကပ်မှုတွေ ပိုဆိုးလာပါတယ်။ ဆင်းရဲကြပ်တည်းမှုရဲ့ နောက်ဆက်တွဲအနေနဲ့ တရုတ်နိုင်ငံမှာ ဇနီးမယားပြုလုပ်မယ့်လမ်းကို ရွေးချယ်သူတွေလည်း ပေါများလာပါတယ်။ ဒီလိုရွေးချယ်မှုဟာ လက်တွေ့မှာ အဆင်ပြေရဲ့လားဆိုတာ “ခါးသီးသော ဆုံးဖြတ်ချက်များ၏ နောက်ကွယ်” ဆိုတဲ့ ဆောင်းပါးမှာ ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လုပ်ကိုင်နေတဲ့  မြန်မာအလုပ်သမားတွေ အနေနဲ့ နိုင်ငံအတွင်း သက်တမ်းလွန်နေ ထိုင်ပါက မည်သည့်အထောက်အထားလက်မှတ်ကိုင်ဆောင်သူမဆို   တစ်နေ့လျှင်ဘတ်ငါးရာမှ နှစ်သောင်းအထိ အရေးယူသွားမှာဖြစ်ပြီး ပြည်ဝင်ခွင့်ပိတ်တဲ့အထိ အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက နိုဝင်ဘာ ၈ မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ (၉) ရက်

ကိုရီးယားနိုင်ငံသားပိုင် Real Star စက်ရုံမှာ အခြေခံလုပ်ခလစာကို အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ နှုန်းအတိုင်းမပေးတဲ့အပြင် အချိန်ပိုနာရီတွေပါခေါ်ယူပြီး လုပ်အားခခေါင်းပုံဖြတ်နေတယ်လို့ စက်ရုံအလုပ်သမား တွေက ပြောပါတယ်။

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်က Great Summer Myanmar Garment Co, Ltd အထည်ချုပ်စက်ရုံက အများပြည်သူ အလုပ်ပိတ်ရက်တွေမှာ အချိန်ပိုဆင်းခိုင်းတဲ့အပြင်  ကြိုဖို့ယာဉ်တွေကို ထပ် စောင့်ခိုင်းတာကြောင့် ညနက်မှ နေအိမ် ပြန်နိုင်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ထိုင်းနိုင်ငံ မဟာချိူင် ဘန်ထိုရပ် နယ်မြေရှိ စက်ရုံ တွင် လုပ်ငန်းခွင်မတော်တဆ ကြောင့်အသက်ဆုံးရှုံးခဲ့တဲ့ မြန်မာအလုပ်သမား တစ်ဦး အတွက် ကူညီဆောက်ရွက် ပေးရာ ပကန်ဆံခွန် နစ်နာကြေး ဘတ် ၈ သိန်းခွဲကျော်  ကို ကျန်ရစ်သူမိသား စု က ရရှိခဲ့တယ်လို့ MHAC မဟာမိတ်အဖွဲ့ မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ ထံက သိရပါတယ်။

မြန်မာစစ်ကောင်စီကို အလုံးစုံ စီးပွားရေးပိတ်ဆို့အရေးယူနိုင်သော အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့ (ILO) ရဲ့ အခြေခံဥပဒေ အပိုဒ် -၃၃  အရ အရေးယူဖို့ ထပ်မံတင်ပြတောင်းဆိုထားပြီး ၂၀၂၅ မှာ အတည်ပြုနိုင်မယ် လို့  သိရပါ တယ်။

အာဏာသိမ်းစစ်တပ်က အလုပ်သမားတွေရဲ့ တစ်ရက် (၈) နာရီ အလုပ်ချိန်အတွက် ကျပ် (၆၈၀၀) ပေးချေဖို့ သတ်မှတ်ထားပေမယ့် အလုပ်သမားတိုင်း မရသေးဘူးလို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ တိုင်းနဲ့ပြည်နယ်တွေမှာ စစ်မှုထမ်းအင်အား စုဆောင်းရာမှာ စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက မသမာမှုမျိုးစုံနဲ  လုပ်ဆောင်နေကြပြီး ပြည်သူလူထုကို ခြိမ်းခြောက်ငွေညှစ်တာတွေကို အကြီးအကျယ် လုပ်ဆောင်နေ ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန်၊ မြစံပယ်လမ်းရှိ (CHARIS COMPANY LLMITED )ပန်းပု ထုတ်လုပ်တဲ့ စက်ရုံမှာ အမျိုးသမီးအလုပ်သမားတွေအပေါ် ကိုယ်ထိလက်ရောက်ကျူး လွန်မှုဖြစ်ပွားခဲ့ပြီး ဖြေရှင်းပေးဖို့ ဆန္ဒပြတောင်းဆိုတဲ့  အလုပ်သမားတွေကို  စက်ရုံက အလုပ်ထုတ်လိုက်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်

တန်​ဆောင်တိုင် ကထိန်ရာသီမှာ ကထိန်အလှူအတွက်  ​လော်စပီကာ နဲ့ ဆောင်းဘောက်တွေအသုံးပြုရာမှာလိုအပ်တာထက်ပိုမိုအသုံးပြုနေပြီး ဆူညံသံတွေကြောင့်စိတ်အနှောက်အယှက်တွေဖြစ်နေရတယ်လို့ပြည်သူတွေကပြောပါတယ်။ 

ဝါးတရာစက်မှုဇုန် Zhong Xin Wang စက်ရုံမှာ နိုဝင်ဘာ ၇  ရက် မနက်ပိုင်းက အလုပ်သမားတဦး ဓာတ်လိုက်မှု ဖြစ်ပွားခဲ့တယ်လို သိရပါတယ်။  အဲဒီနေ့ မနက် ၈နာရီခွဲ ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အင်းစိန်ဆေးရုံကို ပိုဆောင် ကုသထားတယ်လိုအလုပ်သမားတွေက ပြောပါတယ်။ 

တောင်ကိုရီးယားနိုင်ငံ ရှိ NUG ကိုယ်စားလှယ်ရုံးက   နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံး နေတဲ့ မြန်မာနိုင်ငံသားတွေကို သက်တမ်းတိုးပေးတယ်လို သတင်းတွေ ထွက်လာချိန်မှာ စစ်ကောင်စီရဲ့ မြန်မာသံရုံး ဆိုလ်းမြိုက တံဆိပ်တုံးအတု တွေ နဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး တာကို စိစစ်တွေ့ရှိပါက ၎င်းနိုင်ငံကူးလက်မှတ်ကို ဖျက်သိမ်းပြီး အမည်မည်း စာရင်း ရေးသွင်းမယ်လို နိုဝင်ဘာ ၉ရက် ညနေပိုင်းမှာ ကြေညာလိုက်ပါတယ်။ 

ရန်ကုန်တိုင်း၊ သာဓုကန်စက်မှုဇုန် အပိုင်း(၄)၊  ကျောက်စိမ်းလမ်း၊အမှတ် (၃၀)မှာ ဖွင့်လှစ်ထားတဲ့ HERMITE အရုပ်အမွှေးပွ စက်ရုံကအလုပ်သမားတွေကို အချိန်ပိုတွေ အလွန်အကျွံကို ဖိအားပေးပြီးဆင်းခိုင်းနေကြောင်း အလုပ်သမားတွေရဲ့ ပေးစာကိုဖော်ပြခဲ့ပါတယ်။

၂၀၂၄ ခုနှစ်  အောက်တိုဘာလ အတွက် ပြည်ပရောက်အလုပ်သမားတွေ က မိသားစု ထံ လွှပိုငွေ အထောက်အထား မပြနိုင်တဲ့ လိုင်စင်ရ အေဂျင်စီ ၂၉၀ ကျော်ရှိတယ် လို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်။ အခုလို မိသားစုထံလွှဲပို့ငွေ အထောက်အထား အတင်းအဓမ္မတောင်းခံတာကြောင့်လည်း အေဂျင်စီတွေ အခက်တွေ့နေရပါတယ်။

ယခု၂၀၂၄ ခုနှစ် အတွက် နဲ့ လာမယ့်၂၀၂၅ ခုနှစ်‌ အတွက်ထုတ်ဝေထားတဲ့ပြက္ခဒိန်များအနက် အများပြည်သူရုံးပိတ်ရက်များ မှားယွင်းဖော်ပြထားတဲ့ပြက္ခဒိန်ထုတ်‌ဝေသူများအား စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာန ကဝန်ခံကတိလက်မှတ် ရေးထိုးခိုင်းကာခေါ်ယူသတိပေးထားတယ်လိုသိရပါတယ်။

စက်ရုံ၊ အလုပ်ရုံ နဲ့ ဆိုင်တွေမှာ အလုပ်လုပ်ကိုင်နေကြရတဲ့  အလုပ်သမားတွေအတွက် အစိုးရက သတ်မှတ်ပေးထားတဲ့ သတ်မှတ်ချက်အရ အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ် သာဖြစ်ပါတယ်။ ထောက်ပံ့ကြေး ဆိုပြီး ၁၀၀၀ ကျပ်စီ ၂ ကြိမ်တိုးပေးထားပေမယ့် ၆၈၀၀ ကျပ် အပြည့်မရတဲ့ လုပ်သားတွေလည်း ရှိနေတာပါ။ ပြည်တွင်းမှာ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုတွေကြောင့် အနည်းဆုံးအခကြေးငွေ တိုးပေးဖို့ လိုအပ်နေတယ်ဆိုတာကို တပတ်အတွင်း ကုန်ဈေးနှုန်းစုစည်းချက်မှာ ဖတ်ရှု့နိုင်ပါတယ်။

ယခုတပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်ကို မမ က စုစည်းပေးထားတာပါ။


Related posts

Cover
ဒီဇင်ဘာ တတိယတပတ်တာ တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Dec 22, 2024
Cover
ဒီဇင်ဘာ တတိယတပတ်တာ ကုန်ဈေးနှုန်းများစုစည်းမှု
Dec 22, 2024
Cover
ဒီဇင်ဘာလ ဒုတိယတပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Dec 15, 2024
Cover
ဒီဇင်ဘာလ ဒုတိယတပတ်တာ ကုန်ဈေးနှုန်းများစုစည်းမှု
Dec 15, 2024
Cover
ဒီဇင်ဘာလ ပထမတစ်ပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Dec 08, 2024
Cover
ဒီဇင်ဘာလ ပထမတပတ်တာ ကုန်ဈေးနှုန်း စုစည်းမှု
Dec 08, 2024
Cover
တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက် ( နိုဝင်ဘာ ၂၅- ဒီဇင်ဘာ ၁)
Dec 01, 2024
Cover
တပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှု (နိုဝင်ဘာ ၂၅-ဒီဇင်ဘာ ၁)
Dec 01, 2024