NEWS

ဒီဇင်ဘာလ ဒုတိယတပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်

CoverLogo
524 Views

Myanmar Labour News မှာ ဒီဇင်ဘာလ (၉) ရက်ကနေ (၁၅) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါး တွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၉ 

ထိုင်းနိုင်ငံ၊ မခွန်ပထုံမြို့နယ်၊ ဘန်လင်က ကြက်မွေးမြူရေးလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတစ်ဦး လုပ်ငန်းခွင် မတော်တဆမှုကြောင့် လက်တစ်ဖက်လုံး အရင်းကနေ ဖြတ်ပစ်လိုက်ရပေမယ့် လုပ်ငန်းရှင်က ထိုက်သင့်တဲ့ နစ်နာကြေးမပေးဘဲ အလုပ်ကထုတ်ပယ်လိုက်တယ်လို့ မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ WAG အလုပ်သမားများမဟာမိတ်အဖွဲ့ဆီက သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ရရှိတဲ့လုပ်အားခကို သတ်မှတ်ထားတဲ့လမ်းကြောင်းကတစ်ဆင့် မိသားစုဆီကို ငွေလွှဲပို့ပေးဖို့ စစ်ကောင်စီလက်အောက်ခံ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီက အသိပေးကြေညာထားပါတယ်။

ထိုင်းနိုင်ငံ အယုဒ္ဓယက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်နေတဲ့ အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမား (၃၇) ဦး အဖမ်းခံရတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၁၀

လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန် မြစံပယ်လမ်းမှာ ဖွင့်လှစ်ထားတဲ့ Myanmar RUIXIN shoes စက်ရုံမှာ တနင်္ဂနွေနဲ့ အများပြည်သူရုံးပိတ်ရက်တွေမှာ ပိတ်ရက်မပေးဘဲ ခေါ်ယူနေတာကြောင့် အလုပ်သမားတွေ အခက်အခဲဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေက ပေးစာပေးပို့ထားပါတယ်။

၂၀၂၄ ခုနှစ် မေလကနေ ဩဂုတ်လတွင်း အေဂျင်စီတွေကတစ်ဆင့် ပြည်ပကိုသွားရောက် လုပ်ကိုင်ခဲ့တဲ့ အလုပ်သမား ငါးသောင်းကျော်ရဲ့ မိသားစုဆီလွှဲပို့တဲ့ငွေအထောက်အထားနဲ့အတူ တစ်ရက်ကို အေဂျင်စီ (၅၀) ကို ခေါ်ယူစစ်ဆေးမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံသားပိုင် SAFETY CLOTHING (Myanmar) CO.,LTD မှာ အလုပ်ခေါ်ယူစဉ်က ရရှိမယ်လို့ ပြောဆိုထား တဲ့ လစာအတိုင်းမပေးလိုတာကြောင့် တစ်ကဒ်ကြေးတွေ လျှော့ချနေတယ်လို့ အလုပ်သမားတွေက ပြောပါ်တယ်။

ဒီဇင်ဘာ ၁၁

ထိုင်းနိုင်ငံ၊ ပါကျင်ပူလီမြို့က ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၂) ဦးကို လုပ်ငန်းရှင်က လုပ်ခမပေးတဲ့အပြင် ပတ်စပို့ပြုလုပ်ပေးမယ်ဆိုပြီး တစ်ဦးကို ဘတ် (၁၀၀၀၀) ကနေ (၁၅၀၀၀) ထိ ကောက်ယူသွားလို့ အမှုဖွင့်ထားရတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ဆီက သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဗန်းမော်အတွင်းဝန်လမ်း အဝိုင်းမှတ်တိုင်အနီးက တရုတ်နိုင်ငံသားပိုင် San YU အထည်ချုပ်စက်ရုံမှာ အသက်မပြည့်သေးတဲ့ ကလေးအလုပ်သမားတွေကို အချိန်ပိုကြေးမပေးဘဲ အတင်းအကြပ် အလုပ်ခိုင်းစေနေတယ်လို့ FGWM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်းမှာ ဖွင့်လှစ်ထားတဲ့ Her Mite အရုပ်စက်ရုံဟာ အလုပ်သမားတွေရဲ့ လုပ်ခလစာကို လစာထုတ်ရက်မှာပေးချေဖို့ ငြင်းဆိုခဲ့ပါတယ်။

ဒီဇင်ဘာ ၁၂

တရုတ်နိုင်ငံသားပိုင် New Fubon အထည်ချုပ်စက်ရုံမှာ တစ်ပတ်တာလုံးပိတ်ရက်မပေးဘဲ အချိန်ပိုတွေ ခေါ်ယူနေ ပေမယ့် လုပ်ခလစာအပြည့်အဝမရရှိဘဲ အချိန်ပိုနာရီကွာဟတာတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါ တယ်။

စစ်အုပ်စုကို ကူညီထောက်ပံ့တာတွေရပ်ဖို့ အရပ်ဖက်အဖွဲ့အစည်း (၃၀၀) ကျော် Airbus ကုမ္ပဏီ CEO ကို အိတ်ဖွင့် ပေးစာပေးပို့ခဲ့ပါတယ်။

၂၀၂၄ နှစ်ကုန်ပိုင်းမှာ အင်တာနက်ဒေတာ သုံးစွဲမှုကုန်ကျစရိတ် နှစ်ဆမြင့်တက်လာပြီး ဆက်သွယ်ရေး ကုမ္ပဏီတွေက အကန့်အသတ်မရှိ ဒေတာ အသုံးပြုခွင့် ရောင်းချတာကိုပါ ရပ်ဆိုင်းလိုက်ပါတယ်။

CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံကို ဒုတိယအကြိမ်မြောက် လေးရက်တာပြုလုပ်ပြီးနောက်မှာ သဘော ထား ထုတ်ပြန်ချက် (၁၀) ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ တော်လှန်ရေးအင်အားစုတွေအားလုံး CDM နိုင်ငံ့ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီးခိုင်မာအားကောင်းတဲ့ အကာအကွယ်နဲ့ ထိရောက်တဲ့ အကူအညီတွေပေးရေးကိုလည်း ထည့်သွင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၃

စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနဟာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေကို အရေးယူတာမရှိဘဲ အချိန်ဆွဲတဲ့နည်းနဲ့အမှုပျောက်သွားအောက် လုပ်ဆောင်နေတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

လူငယ်တွေကို အဓမ္မစစ်မှုထမ်းခေါ်တဲ့ ဖြစ်စဉ်တွေကနေ ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် ပြည်သူ့ရင်ခွင် People’s Embrace ကို ဆက်သွယ်တိုင်ပင်နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံကိုသွားမယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ ဗီဇာလျှောက်ထားတာကို ၂၀၂၅ ခုနှစ်ကစတင်ပြီး အွန်လိုင်း E-Visa စနစ်နဲ့ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်ထဲမှာ ပြည်ပအလုပ်အကိုင်အတွက် ကျွမ်းကျင်လုပ်သားတွေကိုပဲ စေလွှတ်ခွင့်ပြုဖို့ စစ်ကောင်စီဘက်က လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လာမယ့် ၂၀၂၅ ခုနှစ်ထဲမှာ ကုန်ကြမ်းပြတ်လပ်တာ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်တာတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ပြည်တွင်းဝယ်လိုအား ကျဆင်းနေတာကြောင့် စိုက်ပျိုးရေး၊ ကုန်စည်ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ တိုးတက်မှုမရှိဘဲ ဆက်လက်ကျဆင်းလာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။
 
ကိုရီးယားနိုင်ငံမှာ ခွန်နမ်ပြည်နယ် အာဆန်မြို့က စက်ရုံတစ်ရုံမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား တစ်ဦးဟာ ဒီဇင်ဘာလ (၁၂) ရက်မှာ မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၄

လူမှုဖူလုံရေးအဖွဲ့အနေနဲ့ ပုဂ္ဂလိကနဲ့ပူးပေါင်းပြီး မြို့နယ်အလိုက် ဆေးရုံ၊ ဆေးခန်းတွေ တိုးချဲ့ဖွင့်လှစ်နေပေမယ့် အောက်ခြေမှာတော့ အလုပ်သမားတွေအတွက် ဆေးဝါးအခက်အခဲနဲ့ ဆက်ဆံရေးအဆင်မပြေတာတွေ ရှိနေပါတယ်။

ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တွေက မကြာသေးခင်က ကောက်ယူခဲ့တဲ့စစ်တမ်းအရ ပြည်ပနိုင်ငံတွေမှာ ရွှေ့ပြောင်းအလုပ်လုပ်တာဟာ ပြည်တွင်းက အိမ်ထောင်စု (၇.၅) ရာခိုင်နှုန်းအတွက် အဓိကဝင်ငွေရလမ်း ဖြစ်နေပါတယ်။

ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ဝါးတရာလမ်းမှာ ဖွင့်လှစ်ထားတဲ့ GYSEN (Myanmar ) Apparel Co ,ltd မှာ အလုပ်သမားအင်အား လျှော့ချမယ်အကြောင်းပြကာ သမဂ္ဂအဖွဲ့ဝင် (၅၀) ကို အလုပ်ကထုတ်ပယ်လိုက်တာကို တိုင်ကြားထားပေမယ့် (၈) လကြာတဲ့အထိ ဖြေရှင်းအရေးယူတာ မရှိသေးဘူးလို့ အလုပ်သမားတွေဆီက သိရပါတယ်။

တရုတ်နိုင်ငံသားပိုင် Mai Yi Bei  Manufacturing Co ,ltd မှာ ဥပဒေပါခွင့်ရက်တွေကို ခံစားခွင့်မပေးဘဲနဲ့ ရက်ပျက်ရင် ခံဝန်ထိုးခိုင်းပြီး အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုနေပါတယ်။

စစ်ကောင်စီဟာ လူငယ်တွေကို ဖမ်းဆီးတာတွေကို ပေါ်ပေါ်တင်တင် လုပ်ဆောင်နေပြီး အဓမ္မစစ်မှုထမ်းဖို့ ဖိအားပေးနေပါတယ်။ လက်ရှိမှာ ဒီအခြေအနေကြောင့် အလုပ်လုပ်ကိုင်နေရတဲ့ လူငယ်တွေဟာ သွားလာရေး အခက်အခဲဖြစ်လာပြီး မိဘအုပ်ထိန်းသူတွေကိုယ်တိုင် လုပ်ငန်းခွင်အရှေ့ လိုက်လံခေါ်ဆောင်ပေးရတာတွေ ရှိလာပါတယ်။ ဒီအဖြစ်အပျက်တွေကို  “သတိ လူဖမ်းပွဲရှိသည်” ဆိုတဲ့ ဆောင်းပါးမှာ ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၅

Ooredoo Myanmar Limited မှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို နစ်နာကြေးမပေးဘဲ ရုတ်တရက် အလုပ်ထုတ်လိုက်လို့  အလုပ်သမားမှ တရားစွဲဆိုထားတဲ့အမှုကို ၂၀၂၅ ဇန်နဝါရီလကို ပြန်လည်ချိန်းဆိုထားပါတယ်။

တပတ်တာ သတင်းအနှစ်ချုပ်ကို မမက စုစည်းပေးထားတာပါ။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေညတိုင်းမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။


Related posts

Cover
တပတ်တာ ကုန်ဈေးနှုန်း စုစည်းချက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 31, 2026
Cover
စက်သုံးဆီ အကျပ်အတည်း နဲ့ တပတ်အတွင်း စျေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 23, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026