ထိုင်းနိုင်ငံ ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တွေ မှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ MOU မြန်မာ အလုပ်သမားတွေ အနေနဲ့ လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာပြဿနာတွေ ဖြစ်ပေါ်နေတာကြောင့်ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စေလွှတ်မယ့် အလုပ်ခေါ်စာ များ ကို ဇူလိုင် ၄ ရက်ကစပြီး ယာယီရပ်ဆိုင်းထားမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ဇူလိုင် ၅ရက် မှာ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းကို အကြောင်းကြားစာပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံကို MOU စနစ်နဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် များ ကို အလုပ်သမားစေလွှတ်ရာမှာ အလုပ်ခေါ်စာတွင်ပါရှိတဲ့ လုပ်ငန်းခွင်နှင့်အလုပ်သမားများ အမှန်တကယ် လုပ်ကိုင်ရတဲ့ လုပ်ငန်းခွင် မှန်ကန်မှု မရှိတာတွေ တွေ့ရတယ် လို့ အလုပ်သမားဝန်ကြီးဌာန ရဲ့ အကြောင်းကြားစာမှာ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် အလုပ်သမားတွေ လုပ်ငန်းခွင် ရောက်ရှိ ပြီး နောက် အလုပ်မပေးနိုင်ခြင်း နဲ့ အခြား အလုပ်သမားရေးရာ ပြဿနာ တွေ ဖြစ်ပေါ်လျက် ရှိတဲ့ အတွက် ထိုင်းနိုင်ငံ ကို စေလွှတ်နိုင်ရေး တင်ပြလာတဲ့ အလုပ်ခေါ်စာတွေ ကို ဇူလိုင် ၄ရက် ကစပြီး ယာယီရပ်ဆိုင်းထားမယ်လို့ ဆိုပါတယ်။
"ထိုင်း ကို ဆောက်လုပ်ရေး နဲ့ အလုပ်သမားခေါ်တဲ့ ခေါ်စာတွေ ကိုဝန်ကြီးဌာနက ယာယီ ရပ်ဆိုင်းလိုက်းတဲ့ သူတွေ ယာယီရပ်ဆိုင်းတဲ့အထဲ ပါမပါတော့ မသိသေးပါဘူး""လို့ ပြည်ပလုပ်သားစေလွှတ်နေတဲ့အေဂျင်စီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အခုလို ယာယီ ရပ်ဆိုင်းထားတာနဲ့ ပင်သက်ပြီး ထိုင်းလိုင်စင်ရ အေဂျင်စီ တွေ သိရှိ လိုက်နာ ဆောင်ရွက်ဖို့ အတွက် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းက ကြီးကြပ်ဆောင်ရွက်ပေးဖို့ အလုပ်သမားဝန်ကြီးဌာနက အကြောင်းကြားထားပါတယ်။
ထိုင်း နိုင်ငံ ကို ဆောက်လုပ်ရေး လုပ်ငန်းခွင် မှာ ရောက်ရှိနေတဲ့MOU မြန်မာအလုပ်သမားတွေ အနေနဲ့ လုပ်ခလစာ အပြည့်အဝမရရှိခြင်း၊ အလုပ်ပုံမှန် မလုပ်ရခြင်းနဲ့ စာချုပ်ပါအတိုင်း အလုပ်သမားအခွင့်ရေးတွေ မရရှိတာတွေ ကြောင့် အလုပ်ရှင်အလုပ်သမား ပြဿနာ တွေ မကြာခဏ ဖြစ်ပေါ်နေတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေ ထံ က သိရပါတယ်။