ရန်ကုန်မြို့ ရွှေဂုံတိုင်မီးပွိုင့်မှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ ကို ပန်းရောင်းခိုင်းပြီး လုပ်အားခတွေ ခေါင်းပုံဖြတ်ရယူခဲ့သူ ၂ ဦးကို အလုပ်နှင့်ထောင်ဒဏ်ဆယ်နှစ်စီချမှတ်လိုက်တယ်လို့ သိရပါတယ်။
"အဲ့ဒီမီးပွိုင့်မှာ ကလေးတွေကအရမ်းငယ်သေးတယ်ဗျာ။ တစ်ခါတစ်လေ ရိုက်နေတာတွေတွေ့ရတယ်။ စိတ်မကောင်းဘူးပေါ့ဗျာ။ မိုးလင်းကနေညနက်အထိဗျ။ ကလေးတွေကသူတို့ကလေးတွေမဟုတ်ဘူး မွေးစားထားတယ်လို့ထင်ရတယ်။ ဒီလိုတွေအတင်းအဓမ္မခိုင်းစေဖို့ပဲဖြစ်မယ်။ ရှိသေးတယ် သုဝဏ္ဏမီးပွိုင့် ရော တောင်မြောက်လမ်းဆုံနားရော ကလေးတွေအရမ်းငယ်တယ် အကုန်ထိထိရောက်ရောက်လုပ်နိုင်ရင် ဝမ်းသာစရာပါ ကလေးတွေသနားလို့ပါ" လို့ ရန်ကုန်မြို့ က taxi အငှားယာဥ်မောင်းတစ်ဦးကဆိုပါတယ်။
အဆိုပါကလေးငယ်တွေကို နံနက် ၅ နာရီမှ ည ၁၂ နာရီအထိ ပန်းရောင်းခိုင်းတာဖြစ်ပြီး ရောင်းမကုန်ပါကရိုက်နှက်လေ့ရှိတယ်လို့သိရပါတယ်။
အဲဒီလိုအတင်းအဓမ္မအလုပ်ခိုင်းစေပြီး လုပ်အားခများခေါင်းပုံဖြတ်ရယူခဲ့သူများဟာ ဗဟန်းမြို့နယ်နေထိုင်သူနဲ့ ရွှေပြည်သာမြို့နယ်နေထိုင်သူတို့ ဖြစ်ပြီး အဆိုပါကလေးငယ်များကို နေ့စဥ်နေ့တိုင်းအတင်းခိုင်းစေရိုက်နှက်တာကြောင့် လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့တာလို့ စစ်ကောင်စီရဲ့သတင်းဌာနဖော်ပြချက်အရ သိရပါတယ်။
အဆိုပါဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်နေ ဒေါ်ရွှေဇင်ဝင်းနဲ့ ၎င်း၏သမီးဖြစ်သူ ရွှေပြည်သာမြို့နယ်နေထိုင်သူ မသန္တာဝင်းတို့က နေ့စဉ်နံနက် ၅ နာရီမှ ည ၁၂ နာရီအထိ ရွှေဂုံတိုင် ကားမှတ်တိုင်အနီးတွင် ပန်းရောင်း ရန်ခိုင်းစေခဲ့ပြီး ပန်းရောင်းမကုန်သည့်နေ့များတွင် ရိုက်နှက်ခြင်းများပြုလုပ်ကာ အဓမ္မ အလုပ်ခိုင်းစေပြီး လုပ်အားခများ ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ဗဟန်း မြို့မရဲစခန်း (ပ)၃၉/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ-၃၅ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့တာလို့သိရပါတယ်။
ဩဂုတ် ၂၇ရက်မှာတော့ ကမာရွတ်ခရိုင် တရားရုံးက တရားခံ ဒေါ်ရွှေဇင်ဝင်း(ခ)အိတီမနှင့် မေသန္တာဝင်းတို့ကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့တာလို့ သိရပါတယ်။
Photo-MOI