မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် MICS - TUsF – Myanmar ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကို နယ်သာလန်နိုင်ငံ လူထုက ထောက်ခံတဲ့ လှုပ်ရှားမှုကို မေလ ၁ ရက်မှာ စတင်ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
နယ်သာလန်နိုင်ငံကလူထုက ကိုသက်နှင်းအောင် အပေါ် ထောက်ခံမှုကို ပြသတဲ့ အနေနဲ့ စာရေးပို့နေတာလို့ လည်း သိရပါတယ်။ ကိုသက်နှင်းအောင်ရဲ့ မိသားစုကိုလည်း ဒီကမ်ပိန်းနဲ့ ပတ်သက်တာတွေကို ပြသသွားမှာ ဖြစ်ပြီး MICS-TUsF အဖွဲ့ချုပ်အနေနဲ့ ကိုသက်နှင်းအောင်အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာကမ်ပိန်းတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလထဲမှာ MICS အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကို စစ်ကောင်စီက ထောင် ၇ နှစ်ထပ်ချခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဇွန်လထဲမှာ စစ်ကောင်စီက ကိုသက်နှင်းအောင်ကို ဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ တရားစွဲဆိုကာ အလုပ်ကြမ်းနဲ့ ထောင် ၂ နှစ် ချခဲ့တာဖြစ်ပါတယ်။
ဒီနောက် ၂၀၂၃ ခုနှစ်၊ ဇွန်(၂၆)ရက်မှာ ကိုသက်နှင်းအောင် ထောင်က လွတ်မြောက်ခဲ့ပေမဲ့ အဲဒီကတည်းက ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ ပျောက်ဆုံးပြီး ၅ လနီးပါးအကြာမှာ ကိုသက်နှင်းအောင် စစ်ကောင်စီက ၅၂/က နဲ့ တရားစွဲဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ် ခဲ့တာလို့ နီးစပ်သူတွေဆီက သိရပါတယ်။