NEWS

He MeT Company Limited တွင် စက်ရုံအလုပ်သမား (၇၀) ရာခိုင်နှုန်းကို နေ့စားအလုပ်သမားအဖြစ်သာ ခိုင်းစေပြီး ချိုးဖောက်မှုများ လုပ်ဆောင်နေ

CoverLogo
791 Views

He MeT Company Limited မှာ စက်ရုံအလုပ်သမားတစ်ထောင်ကျော်ရှိပေမယ့် လုပ်သားအင်အားရဲ့ (၇၀) ရာခိုင်နှုန်းကို နေ့စားအလုပ်သမားအဖြစ်သာ ခိုင်းစေပြီး ချိုးဖောက်တာတွေ လုပ်ဆောင်နေတယ်လို့ စက်ရုံအလုပ် သမားတွေက ပြောပါတယ်။

ဒီစက်ရုံကိုတော့ တရုတ်နိုင်ငံသားက ပိုင်ဆိုင်တာဖြစ်ပြီး လှိုင်သာယာမြို့နယ်၊ အလယ်ရွာ၊ တွင်းသင်းတိုက်ဝန် ဦးထွန်းညိုလမ်းမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ 

အလုပ်သမားအင်အား တစ်ထောင်ကျော်နဲ့ လုပ်ငန်းလည်ပတ်နေ တာဖြစ်ပြီး OUTDOOR၊  MAKE TODAY AMAZING၊  Pageone၊ JEAN PASCALE စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာပဲ ဖြစ်ပါတယ်။

“လုပ်သက် (၆) လ မပြည့်မချင်း နေ့စားအလုပ်သမားလို့ သတ်မှတ်ထားတာပါ။ ရုံထဲမှာ အလုပ်သမားတစ်ထောင် ကျော်ရှိပါတယ်။ အတည်ပြုပြီး ဝန်ထမ်းက (၃၀၀)ပဲရှိတယ်။ ကျန်တဲ့ (၇၀၀)ကျော်က နေ့စား အလုပ်သမားတွေပါ။ လုပ်သက်(၆)လ မပြည့်သေးတဲ့ နေ့စားဝန်ထမ်းတွေကို စနေနေ့ နေ့လည် (၁၂) နာရီနောက်ပိုင်ကနေ ည(၇)နာရီထိ ဆင်းရလည်း အချိန်ပိုအိုတီကြေး မပေးပါဘူး။ ကုန်အမှတ်တံဆိပ်တွေဘက်က အောတစ်လာရင် အလုပ်သမား (၇၀၀) ကျော်ကို ဂိုထောင်ထဲ ဖွက်ပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံဘက်က အထည်စံချိန် တောင်းခံရာမှာ စက်လိုင်းတစ်လိုင်းကို စက်သမား၊ စူပါ၊ လီတာ ၊ ဟက်ပါ အပါအဝင်  (၅၇)ဦးသာ ရှိပေမယ့် ဝယ်လွန်သားဂျာကင်အင်္ကျီတွေကို  တစ်နာရီမှာ လူတစ်ယောက်အထည်စံချိန် (၅၀) ထိ တောင်းခံနေတာ ဖြစ်ပါတယ်။ 

နှစ်ပွိုင့်သာချုပ်ရတဲ့စက်သမားတွေကိုတော့ တစ်နာရီကို အထည် (၁၀၀)ထိ တောင်း ခံနေပါတယ်။

“သူတို့တောင်းတဲ့ အထည်စံချိန်မရရင် အောစူပါတွေက ဆဲပါတယ်။ စက်ရုံမှာ ကလေးအလုပ်သမားတွေလည်း ရှိပါ တယ်။ အသက်တွေကတော့ (၁၃)နှစ်၊ (၁၄)နှစ်၊ (၁၅)နှစ်လေးတွေလည်း ပါပါတယ်။ အဲဒီကလေးတွေကိုလည်း ဟက်ပါ၊ ခဲဆွဲ၊ စက်ချုပ်အထိ လုပ်ခိုင်းပြီးတော့ လူကြီးအလုပ်သမားတွေနဲ့ တန်းတူခိုင်းပါတယ်။ အထည်စံချိန်တွေ လည်း အတူတူပေးရပါတယ်။ ကလေးလုပ်သားတွေကို ဒီလိုခိုင်းစေနေပေမယ့် ပိုက်ဆံကိုကျတော့ တန်းတူမပေးဘဲ လုပ်အားခ ခေါင်းပုံဖြတ်ပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ အောတစ်ဝင်ရင်လည်း နေ့စားသမားတွေကို အလုပ်မလာခိုင်းသလို အလုပ်ရှင်ဘက်က အလုပ်မဆင်း ခိုင်းတာဖြစ်ပေမယ့် ပိုက်ဆံဖြတ်တောက်ပါတယ်။ 

ဒါ့အပြင် ဒီလူတွေကို အတည်ပြုဝန်ထမ်းအဖြစ် မခန့်အပ်တာ ကြောင့်လည်း အလုပ်သမားတွေမှာ နစ်နာတာတွေ ဖြစ်ပေါ်နေပါတယ်။

“အလုပ်ထဲမှာ မိန်းကလေးတစ်ယောက်ကို သရဲပူးလို့ဆိုပြီး ယောက်ကျားအားနဲ့ ပါးလေးချက်ရိုက်ပါတယ်။ ကောင်မလေးကလည်း အိမ်ကိုမပြောရဲပါဘူး။ အလုပ်လုပ်နေရင်း ထိခိုက်တာတွေရှိရင်လည်း အလုပ်ရှင်က တာဝန် ယူ လုပ်ပေးတာ မရှိပါဘူး။ နောက်ဖယ်ရီကား (၁၄) ပေကားတစ်စီးကို အလုပ်သမား (၆၅)ယောက်ထိ စီးခိုင်းပါ   တယ်။ ဖယ်ရီကားတွေကလည်း အလုပ်လွှတ်ချိန်ထက် နောက်ကျပြီးမှ ရောက်ပါတယ်။ နောက်ပြီး ဥပဒေပါ ခွင့်ရက်တွေ မပေးပါဘူး။ အရေးပေါ်နေမကောင်းလို့ ခွင့်တိုင်ရင်လည်း ခွင့်မပေးပါဘူး။ တစ်ရက်ပျက်ရင် ဒေးကြေး (၅၈၀၀)၊ ထောက်ပံ့ကြေး (၁၀၀၀)၊ ရက်မှန်ကြေး (၁၀၀၀)နဲ့ ကျွမ်းကျင်ကြေးပါ A အဆင့်ဆို (၆၀၀၀) ကျပ်၊ B အဆင့်ကို (၅၀၀၀) ကျပ်နဲ့ C အဆင့်ကို (၄၀၀၀)ကျပ်အထိ အဆင့်လိုက် အဖြတ်ခံရပါတယ်။ ဆေးလည်း မရှိပါဘူး။ အိမ်သာတွေကလည်း ညစ်ပတ်ပါတယ်။ နောက်လိုင်း (၁၁)က စူပါကလည်း အလုပ်သမားတွေရဲ့ အထည်ဆုကြေး (၈) သိန်းကို အပြည့်အဝမပေးဘဲ အလုပ်သမား (၅၇) ဦးကို (၃)သိန်းပဲ ရတယ်ပြောပြီး စူပါက ခေါင်းပုံဖြတ်ပါ တယ်”လို့ သူကပြောပါတယ်။

စက်ရုံအလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်တွင်းမှာ ချိုးဖောက်ခံနေရတာတွေကို မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီ တောင်းခံထားတာပဲ ဖြစ်ပါတယ်။ 

အလုပ်သမားတွေက လူငယ်၊လူရွယ် အလုပ်သမားများကို လူကြီးအလုပ်သမားတွေလို တန်းတူမခိုင်းရေး၊ ဥပဒေပါ ခွင့်ခံစားခွင့်များကို ပေးရေး၊ (၃) လပြည့်ပြီးတဲ့ အလုပ်သမားတွေကို အတည်ပြုဝန်ထမ်း ခန့်အပ်ပေးရေး၊ ညဖက် (၁၂) နာရီထိ နှစ်လတိတိဆင်းခဲ့ရတဲ့ အချိန်ပိုအိုတီကြေးတွေ ပြန်‌‌‌ပေးရေး၊ ဖယ်ရီမလုံလောက်မှုကို ဖြေရှင်းပေးရေး အပါအဝင် လိုင်း(၁၁)က စူပါခေါင်းပုံဖြတ်ထားတဲ့ အထည်ဆုကြေး (၅) သိန်းကို ပြန်ပေးရေး စတာတွေကို လိုလားနေတယ်လို့ ပြောပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026