Myanmar Labour New မှာ ပြီးခဲ့တဲ့ ဇွန်လ (၃) ရက်ကနေ ဇွန်လ (၉) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ ပြည်တွင်း၊ပြည်ပ အလုပ်သမားအရေးနဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စုစည်းတင်ဆက် ပေးသွားမှာပါ။ ဒီလိုတစ်ပတ်တာ သတင်းအနှစ်ချုပ်ကို စုစည်းဖော်ပြရတာကတော့ ပြည်သူတွေ၊ အလုပ်သမားတွေ တွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို တစ်စုတစ်စည်းတည်း အချိန်တိုတွင်းမှာ သိရှိနိုင်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။
- ဇွန်လ(၃)ရက်
Tianjin Fashion Milestone Garment စက်ရုံမှာ နေ့စဉ်ပုံမှန်အလုပ်ချိန် တရက် ၈ နာရီအပြင် အချိန်ပို ၃ နာရီဆင်းရပြီး အလုပ်သမားတွေရဲ့ နားရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာလဲ အချိန်ပို မဆင်းမနေရဆင်းခိုင်းလို့ အခက်တွေ့နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာလမ်းမှာဖွင့်လှစ်ထားတဲ့ အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၁၁၀၀ ကျော်နဲ့ လည်ပတ်နေတာပါ။ စက်ရုံမှာ VERO MOODA၊ Sinsay၊ LCWAIKIKI စတဲ့အမှတ်တံဆိပ် ကုတ်အင်္ကျီနဲ့ ဂျာကင် အထည်တွေချုပ်လုပ်နေတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာရှိတဲ့ စက်မှုဇုန်ဧရိယာထဲက ကားမှတ်တိုင်တွေအနီးမှာ လုပ်ငန်းခွင်က ပြန်လာတဲ့ အလုပ်သမားတွေရဲ့ဖုန်းတွေက စစ်ကောင်စီတပ်သားတွေက တောင်းယူစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုစစ်ဆေးတာကို ရှောင်တခင် လုပ်ဆောင်တာဖြစ်ပြီး telegram၊ facebook၊ viber၊ VPN စတာတွေအပြင် ဖုန်းခေါ်ဆိုမှု မှတ်တမ်းတွေနဲ့ ဓာတ်ပုံတွေကိုပါ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
လက်တလောမှာတော့ မလေးရှားနိုင်ငံဘက်မှ တရားဝင် နိုင်ငံခြားသား အလုပ်သမား ဝင်ရောက်မှု ပြန်လည်စိစစ်မှာ ဖြစ်တဲ့အတွက် ဇွန်လ ၁ရက်ကစပြီး ယာယီပိတ်ထားတဲ့အတွက် တရားဝင် MOU မြန်မာအလုပ်သမား စေလွှတ်မှု ယာယီရပ်ထားတယ်လို့ အေဂျင်စီအသိုင်းဝိုင်းမှ သိရပါတယ်။ ၂၀၁၇ ခုနှစ်ဇန်နဝါရီမှ၂၀၂၄ ခုနှစ်ဧပြီ လအထိ မလေးရှားနိုင်ငံသို့ MOU မြန်မာအလုပ်သမား ၂သိန်းကျော် စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း တို့မှာ အများဆုံး လုပ်ကိုင်ရတယ်လို့ ဆိုပါတယ်။
- ဇွန်လ(၄)ရက်
ရွှေဆိုင်တွေအားလုံးမှာမီးလင်းရွှေတစ်ကျပ်သားကို (၄၈)သိန်းကျော်နဲ့ ရောင်းချဖို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ဇွန်လ(၄)ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ အဆိုပါကြေငြာချက်အရ ရွှေဆိုင်များနှင့်ရွှေလုပ်ငန်းရှင်တွေအားလုံး YGEA သတ်မှတ်စျေးနှုန်းနဲ့သာ အရောင်းအဝယ်ပြုလုပ်ကြဖို့နဲ့ ဒီကနေ့ နံနက်ပိုင်းရဲ့အကယ်ဒမီ မီးလင်းရွှေစျေးကွက် အဖွင့်ဈေးနှုန်း 4,871,000/-(ကျပ် လေးဆယ့် ရှစ်သိန်းခုနှစ်သောင်းတစ်ထောင်) ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။ YGEA ရဲ့ဇွန် ၃ ရက်တွင် ဈေးကွက်အပိတ်ဈေးအဖြစ် မီးလင်းရွှေတစ်ကျပ်သားလျှင် ၄၁၃၆၇၀၀ကျပ် (လေးဆယ့် တစ်သိန်းသုံးသောင်း ခြောက်ထောင့် ခုနစ်ရာ) သတ်မှတ်ခဲ့ရာမှ ဒီကနေ့ ဇွန်၄ရက်မှာတော့ ၄၈၇၀၁၀၀ ကျပ်(လေးဆယ့် ရှစ်သိန်း ခုနစ်သောင်း တစ်ရာ)အဖြစ် သတ်မှတ်လိုက်တာကြောင့် သတ်မှတ်ချက်အရ မီးလင်းရွှေတကျပ်သား ကျပ် ခုနစ်သိန်းကျော် မြင့်တက်သတ်မှတ်လိုက်တာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ တပ်သားသစ် စုဆောင်းတဲ့ ကိစ္စရပ်တွေအတွက် အောက်ခြေမှာ ဖိအားပေးတာတွေ၊ ငွေကြေးအကျိုးခံစားခွင့်ရမယ်လို့ မက်လုံးပေးတာတွေနဲ့ အာဏာသုံးကာ အဓမ္မ လုပ်ဆောင်တာတွေ ရှိနေပါတယ်။ ဖော်ပြခဲ့တဲ့ “သောကမိခင်” ဆောင်းပါးထဲမှာတော့ ငွေကြေးမက်လုံးပေးကာ လိမ်ညာတာကို ခံခဲ့ရတဲ့ မိသားစုရဲ့အဖြစ်ကို တင်ဆက်ပေးထားတာဖြစ်ပါတယ်။
ပြည်တွင်းမှာ ဒေါ်လာအပါအဝင် နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်အောင် လုပ်ဆောင်တယ်လို့ဆိုပြီး နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်သူများနှင့် ပွဲစားများအပါအဝင် ၁၄ ဦးကိုစစ်ကောင်စီက ဖမ်းဆီး စစ်ဆေးနေပြီး နောက်ထပ် ၁၁ ဦးကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။ ပြည်တွင်းငွေလဲလှယ်နှုန်း မတည်မငြိမ် ဖြစ်စေရန် လူမှုကွန်ယက် မီဒီယာများမှတဆင့် ဝါဒဖြန့်ဈေးကစားခြင်း ၊ နိုင်ငံခြားငွေဝယ်ယူ ရောင်းချခွင့်လိုင်စင်ရှိတဲ့ ငွေလဲကောင်တာတွေ တွေကလည်း ဗဟိုဘဏ် စည်းကမ်းအား ချိုးဖောက်ပြီး နိုင်ငံခြားငွေလဲနှုန်း မြင့်တက်အောင် ဈေးကစားကာ စီးပွားရေးမငြိမ်မသက်ဖြစ်အောင်လုပ်ဆောင်တယ်ဆိုပြီး ဖမ်းဆီးအရေးယူခဲ့တာလို့ စစ်ကောင်စီချုပ်ကိုင်ထားတဲ့ သတင်းစာတွေမှာဖော်ပြထားပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရကပြစ်မှုဆိုင်ရာ ဥပဒေ၊ ငြိမ်ဝပ်ပိပြားရေး ဥပဒေ၊ ကွန်ရက်လုံခြုံရေး ဥပဒေ အစရှိတဲ့ သက်ဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်အရ နယ်စပ်ဒေသတွေ အပါအ၀င် နိုင်ငံအတွင်း VPN အသုံးပြုခြင်းကို တင်းကြပ်စွာ တားမြစ်ထားတယ်လို့ ကြေညာချက်တွေ အရ သိရပါတယ်။ အဆိုပါ တားမြစ်ထားတဲ့ တရားမဝင် VPN App ကိုအသုံးပြုတဲ့ မည်သူမဆို ဒဏ်ကြေးငွေ ယွမ် ၁၅,၀၀၀ အထိ ပေးဆောင်ရမှာဖြစ်ပြီး တရားမဝင်လို့ ယူဆရသည့် ဝင်ငွေများကို သိမ်းယူသွားမည်ဖြစ်ကြောင်း၊ မှားယွင်း သောမှတ်ချက်များ၊ ဗီဒီယိုများနှင့် ကောလဟာလ သတင်းအမှားများ ကို ကြည့်ရှုရန်နှင့် ဖြန့်ဝေရန် အတွက် VPN App ကိုလက်ကိုင်ဖုန်းတွင် အသုံးပြုလျှင် ဥပဒေအရ အပြစ်ပေးခံရ မှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
လက်ရှိမှာ ကုန်ဈေးနှုန်း မြင့်တက်မှုကို ပြည်သူတိုင်း အလူးအလဲ ခံစားနေရပါတယ်။ ဒီအခြေအနေမှာ အလုပ်သမားဝန်ကြီးဌာနကတော့ အလုပ်သမား လူတန်းစားတွေရဲ့ အခြေခံလုပ်လခစာနှုန်းထားကို ပြောင်းလဲသတ်မှတ်ပေးတာ မရှိသေးပါဘူး။ အလုပ်သမားတွေက အလုပ်လုပ်ရင်းထမင်းဝလင်အောင် စားရဖို့ ပိုခက်ခဲလာပေမယ့် ဝန်ကြီးဌာနကတော့ ဒီအခြေအနေကို မျက်ကွယ်ပြုနေဆဲပါ ဒီဆောင်းပါးထဲမှာတော့ ဒေးကြေးမတိုးသေးတဲ့စက်ရုံတွေမှာ အများကြီးရှိနေပါတယ်။ “၆နှစ်ကြာ မပြောင်းလဲတဲ့ အနည်းဆုံး အခကြေးငွေ နဲ့ အခြေခံအလုပ်သမားတွေ အာဏာသိမ်းအစိုးရလက်အောက် အလူးအလဲ ရုန်းကန်နေရ” ဆောင်းပါးမှာ ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။
- ဇွန်လ(၅) ရက်
ပြည်တွင်းမှာ စားအုန်းဆီတစ်ပိဿာကို ကျပ်(၁၂၀၀၀)ထိ ရောင်းချနေပါပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်ကာလ (ဧပြီလ) က တစ်ပိဿာကို ကျပ်(၇၀၀၀)သာ ရှိခဲ့ပြီး လက်ရှိမှာတော့ မြင့်တက်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ စားအုန်းဆီမှာ ဝယ်ယူရခက်ခဲနေပြီး အရောင်းဆိုင်တွေမှာလည်း လက်လီရောင်းချခွင့် ပိတ်ပင်ထားတာပဲ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းမှ ရွှေဆိုင်များနေ့စဉ်ဖွင့်လှစ်ကာ အရောင်းအဝယ်ပြုလုပ်ရန် ရောင်းချရာတွင်လည်း သတ်မှတ်ဈေးနှုန်းအတိုင်းသာရောင်းချရန် ဇွန် ၅ ရက်မှာ အသိပေးလိုက်ပါတယ်။ အသင်းအနေနဲ့လည်း ရောင်းချရမယ့် ရွှေဈေးနှုန်းကို တနေ့ ၃ ကြိမ် ထုတ်ပြန်ပေးလျှက်ရှိပြီး လာရောက် စစ်ဆေးသည့်အခါတွင် ညွှန်ကြားချက်များလိုက်နာ ဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာအရေးယူမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာဖွင့်လှစ်ထားတဲ့ ရွှေဆိုင်တွေကို အသိပေးထားတာပါ။ ပြီးခဲ့တဲ့ မေလ နောက်ဆုံးပတ်က ရွှေဈေးနှုန်းအနေနဲ့တော့ ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားကို ပြင်ပပေါက်စျေး ကျပ် ၅၈ သိန်း ဝန်းကျင် အထိစျေးပေါက်ခဲ့ပြီး စံချိန်တင် ရွှေဈေးမြင့်တက်အောင် လုပ်ဆောင်တယ်လို့ဆိုကာ ရွှေ ဆိုင်ပိုင်ရှင်တွေ နဲ့ ကုန်သည် ၂၁ ဦးကိုဖမ်းဆီးခဲ့ပြီး နာမည်ကြီးရွှေဆိုင်ပိုင်ရှင်နဲ့ ကုန်သည်တွေအပါ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
မတရား စစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေး နှင့် အထွေထွေအကျပ်အတည်းဖြေရှင်းရေး နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ(GSC)အဖွဲ့ဝင်အဖွဲ့အစည်းများဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် တာမွေသပိတ်ကော်မတီ(Tarmwe Strike Committee)၊ လူ့ဘောင်သစ်လူငယ်(Youth For New Society)နှင့် မဟာမိတ်အဖွဲ့အစည်းများဖြစ်တဲ့ Mayangone Democratic Front(MDF)၊ Kyimyindaing Networks(KMD18)၊ လင်းရောင်နီ(လူငယ်အဖွဲ့အစည်း)၊ Owl Community တို ပူးပေါင်းကာ “မတရားစစ်မှုထမ်းဥပဒေ ကို လူထုအားနှင့် ဆန့်ကျင်ကြ" စာသားပါဘန်နာအား ကိုင်စွဲကာ မတရား စစ်မှုထမ်း ဥပဒေ ဖျက်သိမ်းရေး၊ အထွေထွေအကျပ်အတည်း ဖြေရှင်းရေး နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ဇွန်လ ၄ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာပြည်တွင်း ကုန်ဈေးနှုန်းအဆမတန်ကြီးမားလာမှုက ယခုရက်ပိုင်းအတွင်းသိသာလာသလို ပြည်တွင်းကအဓိကအခြေခံစားကုန်ထဲပါဝင်နေတဲ့ ဆန်ဈေးကလည်း နိုင်ငံအတွင်းမှာပဲ တစ်ဆထက် တစ်ဆမြင့်တက်လာနေပါတယ်။ ဒီအခြေအနေမှာ အခြေခံပြည်သူအချို့ ဟာ ဆန်ထက်ဈေးသက်သာပြီး အစားခံတဲ့ ဆန်အရော (ဆန်ကွဲ ) စားသုံးမှုရှိနေပေမဲ့ နိုင်ငံခြားငွေရရှိရာလမ်းတစ်ခုဖြစ်တဲ့ ပြည်ပကို ဆန်တင်ပို့မှုအနေနဲ့လည်းယခုလအတွင်းမှာ ဆန်တန်ချိန်ပေါင်း ၁၃၅၉၂၀ ကိုတင်ပို့နိုင်ဖို့ သက်ဆိုင်ရာ မြန်မာနိုင်ငံဆန်စပါးအသင်း ကစီစဉ်နေကြောင်း သိရပါတယ်။ လက်ရှိ ပြည်တွင်းဆန်ဈေးကွက်မှာ ဆန်ချော တစ်ပြည်ကို အမြင့်ဆုံးဈေးအနေနဲ့ ၈၅၀၀ ကျပ်အထိဈေးမြင့်တက်နေပြီး ဆန်ကြမ်းအနိမ့်ဆုံး (သို့)ဆန်နဲ့ဆန်ကွဲအရော တစ်ပြည်ကို ၃၀၀၀ ကျပ်အထိဈေးကွက်ဖြစ်ပေါ် နေတာကြောင့် အဆိုပါဈေးနှုန်းဟာ ပြီးခဲ့တဲ့ မေလဆန်းကထက် ဆန်တစ်ပြည်ကို ငွေကျပ် ၁၀၀၀ကျပ် မှ ၁၅၀၀ ကျပ်အထိဈေးမြင့်လာတယ် လို့ဆိုပါတယ်။
လှိုင်သာယာ မြို့ နယ် စက်မှုဇုန် ၂ ဖန်ချက်ဝန် ဦးရွှေအိုးလမ်း မှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် Popular Garment စက်ရုံဟာ စက်ရုံဖွင့်လှစ်လည်ပတ်တာ နှစ် ၂၀ ထက်မနည်း ရှိပြီဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် အဆိုပါ စက်ရုံ တစ်မိုးအောက်ထဲမှာ Beaume International Garment နာမည်ဖြင့်လုပ်ငန်းထပ်မံဖွင့် လှစ်လုပ်ကိုင်ရာ ယခင် စက်ရုံမှ အလုပ်သမားတွေရဲ့ လုပ်သက်ကို မရှင်းမလင်းပြုလုပ်ထားလို့ ဖြေရှင်းပေးဖို့ အလုပ်သမား တွေကတောင်းဆိုထားပါတယ်။လက်ရှိမှာတော့ ယခင်စက်ရုံဖြစ်တဲ့ Popular Garment နာမည်အောက်မှာ အလုပ်သမား စုစုပေါင်း ၇၀ ကျော်သာ ကျန်တော့ပြီး ပြီးခဲ့တဲ့လထဲမှာ အလုပ်သမား ၄၀၀ ကျော်လုပ်ကိုင်ခဲ့တာလို့ ဆိုပါတယ်။ အခုလို တမိုးအောက်ထဲမှာ စက်ရုံ ၂ ရုံဖွင့်လှစ်နေတဲ့ အတွက် ရုံခွဲပေးဖို့ နဲ့ လုပ်သက်တွေ ရှင်းလင်းပေးဖို့ တောင်းဆိုတဲ့ အလုပ်သမား ၃၂ ဦးအလုပ်ထုတ်ခံခဲ့ရပါတယ်။ အမျိုးသမီး လုပ်သား ၂၀ ကျော်ပါတဲ့ အဲ့ဒီ ၃၂ ဦးထဲမှာ လုပ်သက် နှစ် ၂၀ ဝန်းကျင်အလုပ်သမားတွေ အများစုဖြစ်နေတာလို့ ဆိုပါတယ်။ အခုကတော့ လုပ်သက်ရင့် အလုပ်သမား တွေထဲက လုပ်သား ၇၀ ကျော်သာကျန်တော့တာလို့ အလုပ်သမားကပြောပါတယ်။ စက်ရုံအနေနဲ့ကတော့ ဝန်ထမ်းအသစ်ခေါ်ယူရာမှာ Beaume International Garment အနေနဲ့သာ အလုပ်အကိုင်ခေါ်ယူနေတာလို့ အလုပ်သမားကပြောပါတယ်။
ပြည်တွင်းက အမျိုးသားတွေ ပြည်ပ ထွက် အလုပ်လုပ်ခွင့်ကို အသက်ကန့်သတ်လိုက်တာကြောင့် ပြည်ပအလုပ် အကိုင်အေဂျင်စီတွေအနေနဲ့ လုပ်သားရှာဖွေရာမှာ အခက်ကြုံနေရတယ် လို့ အေဂျင်စီ အသိုင်းဝိုင်းမှ သိရပါတယ်။ အမျိုးသားတွေ ကို အသက် ၂၃ ကနေ ၃၁ နှစ်အထိ ပြည်ပထွက် အလုပ်လုပ်ခွင့်ပိတ်ပင်လိုက်တာကြောင့် ပြည်ပ လက်တလောမှာ အမျိုးသား များ ပြည်ပထွက်အလုပ်လုပ်ခွင့်ကန့်သက်ချက်တွေကြောင့် အချို့ အလုပ်ခေါ်စာ တွေမှာ အသက် (၄၀) ဝန်းကျင် အထိ တိုးမြှင့်ခေါ်ယူလာတယ်လို့ဆိုပါတယ်။ အလုပ်အကိုင်အတွက် လုပ်သား ရှာဖွေရာမှာ ယခင်ထက်အချိန်ကြန့်ကြာနေပြီး စိစစ်နေရတယ် လို့ဆိုပါတယ်။
- ဇွန်လ(၆) ရက်
ရန်ကုန်ရှိ ထိုင်းသံရုံးမှာ ရွှေ့ပြောင်းလုပ်သားဗီဇာလျှောက်ထားနိုင်တယ်လို့ ဇွန်လ(၅)ရက်မှာ သံရုံးက ထုတ်ပြန်ကြေညာထားပါတယ်။ ရွှေ့ပြောင်းလုပ်သား ဗီဇာ ( Non-LA Visa )များကို တစ်ရက်လျှင် အယောက် (၄၀၀) နှုန်းဖြင့် လျှောက်ထားနိုင်ပြီး ပြည်ပကိုတရားဝင်လုပ်သားပို့ဆောင်ပေးနေတဲ့ MOU ကုမ္ပဏီ တွေ အနေနဲ့ ဝက်ဆိုက် မှ တစ်ဆင့် ဘွတ်ကင် ယူပြီး မှသာလျှောက် ထားနိုင်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံတွင် ဇွန်လ ၁ ရက်ကစပြီး ဗီဇာမူဝါဒများ ဖြေလျှော့ကာ ဗီဇာကင်းလွတ်ခွင့်ဖြင့် ရက်ပေါင်း ၆၀ နေထိုင်ခွင့် ပြုမယ့် နိုင်ငံပေါင်း ၉၀ ကျော်စာရင်းထုတ်ပြန်လိုက်ပေမဲ့ အဲ့ဒီထဲမှာ အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံ ပါဝင်လာခြင်းမရှိဘူးလို့ ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်များအရ သိရပါတယ်။
ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်နေတဲ့ MOU မြန်မာအလုပ်သမားတွေ ရဲ့ဘဏ်စာရင်းနဲ့ဘဏ်စာအုပ်တွေကို အွန်လိုင်းလောင်းကစားလုပ်ကိုင်သူတွေနဲ့ငွေကြေးခဝါချလိုသူကအသုံးချတာတွေရှိနေတယ်လို့ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိမြန်မာသံရုံးကဇွန်လ(၆)ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ လက်ရှိမှာ MOUလုပ်သားတွေဟာ ဒီအခြေအနေတွေကြောင့်ဘဏ်စာရင်းပိုင်ရှင်တွေကိုဆင့်ခေါ်ဝရမ်းထုတ်ခံရတာ၊ဖမ်းဝရမ်းထုတ်ခံရတာနဲ့အချုပ်ထောင်မှာချုပ်နှောင်ခံရတာတွေရှိနေပါတယ်။ ဒါကြောင့် နစ်နာသူအလုပ်သမားတွေအနေနဲ့ဘဏ်စာရင်း၊ ဘဏ်စာအုပ်အလွဲသုံးစားအလုပ်ခံရရင်ကာယကံရှင်ရဲ့နိုင်ငံကူးလက်မှတ်မိတ္တူ(ဓာတ်ပုံပါ)၊ တယ်လီဖုန်းနံပါတ်၊ စာရင်းဖွင့်ခဲ့တဲ့ဘဏ်အမည်နဲ့နယ်မြေ၊ဘဏ်စာရင်းဖွင့်ရာမှာလိုက်ပါဆောင်ရွက်ပေးသူဓာတ်ပုံ(ရှိပါကယူဆောင်လာရန်)စတာတွေကိုကာယကံရှင်ဖြစ်စေမိတ်ဆွေကဖြစ်စေယူဆောင်လာပြီးမြန်မာသံရုံးနဲ့အလုပ်သမားသံအရာရှိရုံးတွေကိုလာရောက်အကူအညီတောင်းခံနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။
အလုပ်ရှင်နဲ့အလုပ်သမားတွေကြားမှာ အသုံးပြုနေတဲ့ အငြင်းပွားမှု ဖြေရှင်းမှု ယန္တရားဟာ လက်တွေ့မှာ အလုပ်မဖြစ်တော့တဲ့ အခြေအနေမှာ ရှိနေပါတယ်။ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုတွေဟာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပေမယ့် အလုပ်ရှင်တွေကို ထိထိရောက်ရောက် အရေးယူနိုင်တာ မရှိတဲ့ အခြေအနေဖြစ်ပေါ်နေပါတယ်။ ဒီအခြေအနေတွေကို “အလုပ်မဖြစ်တော့တဲ့ အလုပ်သမားအရေး ဖြေရှင်းမှုယန္တရားများ”ဆောင်းပါးမှာ ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။
- ဇွန်လ(၇)ရက်
စင်္ကာပူ နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို အထူးအစီစဉ် အနေနဲ့ အစိုးရရုံးပိတ်ရက် ဇွန် ၂၃ ရက် (တနဂ်နွေနေ့) နံနက် ၉ နာရီခွဲမှ မွန်လွဲ ၂ နာရီအတွင်းလက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံအတွင်းရောက်ရှိ၀င်ရောက်လုပ်ကိုင်နေကြတဲ့ တရားမဝင်မြန်မာအလုပ်သမားများအပါအ၀င် နိုင်ငံခြားသားအလုပ်သမားများကို တရား၀င်အလုပ်သမားများအဖြစ် နေထိုင်အလုပ်လုပ်ကိုင်နိုင်ဖို့ နေထိုင်ခွင့်အထောက်အထားလက်မှတ် ပန်းရောင်ကတ်ပြုလုပ်ပေးဖို့ ထိုင်းအစိုးရအတည်ပြုလိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။
မြိုနယ် အလုပ်သမားရုံးက တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေးခဲ့သည့် Tha Shu (Myanmar) Fashion Co ,Ltd အထည်စက်ရုံမှာ လုပ်ငန်းခွင်လိုအပ်ချက်တွေကို ပြုပြင်ပေးတာမရှိဘူးလို အလုပ်သမားတွေက ပြောပါတယ်။ထမင်းစားဆောင် အတွင်း စက်ရုံ ပစ္စည်းတွေ ချထားလို့ စားသောက်ဖို့ ကျပ်တည်းနေတာ၊ သောက်ရေ မသန့် ရှင်းတာ၊ စက်ရုံအတွင်း ကိုယ်ပိုင်ရေးဗူး ယူခွင့်မပေးတာ၊ လုပ်ငန်းခွင်စတင်ချိန်ကတည်းက စက်ရုံတံခါး တချပ် တည်းသာ ဖွင့်ထားပေးလို့ အလုပ်သမားတွေ ပူလောင်မှုဒဏ် ခံစားရတဲ့အပြင် အပူဒဏ်လျှော့ချစေမဲ့ ပန်ကာလို ပစ္စည်းတွေ လုံလောက်အောင်တပ်ဆင်မထားတဲ့ အကြောင်း Myanmar Labour News ကို Tha Shu (Myanmar) Fashion Co.,Ltd အထည်ချုပ် လုပ်သားတွေက ပေးစာ ပေးပိုခဲ့တာဖြစ်ပါတယ်။
ပြည်ပနိုင်ငံသို့ထွက်ခွာမည့် နိုင်ငံကူးလက်မှတ် PJ( Passport for Job-PJ)အလုပ်အကိုင် အမျိုးအစားကနေ PV-(Passport for Visit-PV )အလည်အပတ် အမျိုးအစားသို့ ပြောင်းလဲနေ မှုများကို ပြုလုပ်ခွင့်မပြုတော့ဘူးလို့ စစ်ကောင်စီက ပိတ်ပင်လိုက်ပါတယ်။ ပြီးခဲ့တဲ့မေလက ပြည်တွင်းကအလုပ်သမားတွေအနေနဲ့ ပြည်ပနိုင်ငံများသို့ထွက်ခွာခွင့်တွေကို စစ်ကောင်စီကပိတ်ပင်လိုက်ပြီးနောက် အသက် ၂၃ နှစ်ကနေ အသက် ၃၂ နှစ်အထိ အမျိုးသားတွေ အားလုံးကို ပြည်ပထွက်အလုပ်လုပ်ခွင့် ပိတ်ပင်ခဲ့တာကြောင့် ပြည်ပသို့သွားရောက် လုပ်ကိုင်ကြမဲ့အမျိုးသားတွေဟာ နိုင်ငံကူးလက်မှတ် အလုပ်အကိုင်(PJ)ကို အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) သို့ ပြောင်းလဲလျှောက်ထားမှုတွေ များပြားလာပြီး ပြည်ပနိုင်ငံတွေဆီအလည်အပတ်နဲ့ ထွက်ခွာနေမှုတွေလည်း မြင့်တက်လာတယ်လို့ သိရပါတယ်။
ဇွန်လ(၈)ရက်
စက်မှုဇုန်များတွင် လျှပ်စစ်မီးယခင်အတိုင်း တစ်ရက် ကို လေးနာရီပြန်လည် ရရှိပြီ ဖြစ်တယ်လို စက်ရုံတွေထံ က သိရပါတယ်။ လျှပ်စစ်မီး လုံလောက်မှု မရှိတဲ့ အတွက် မေလ ၁၉ ရက်က စပြီး စက်မှုဇုန်များ ရှိ စက်ရုံတွေ ကို တစ်ရက်လျှင် လျှပ်စစ်မီး ၂နာရီသာ ပေးခဲ့ကာ ယခုဇွန်လ ပထမအပတ်မှာ လးနာရီပြန်လည် ပေးတာ ဖြစ်တယ်လိုဆိုပါတယ်။ အခုလိုလျှပ်စစ်မီး လုံလောက်စွာ မရခြင်းနဲ့ အခြားအကြောင်းရာတွေကြောင့် စက်ရုံ အချို ပိတ်သိမ်းတာတွေ များပြီး ရန်ကုန်တိုင်းရှိစက်မှုဇုန် များ က စက်ရုံ၊ဂိုဒေါင် ငှားရမ်း ဝယ်ယူ မှုတွေ ပါ လျော့ကျလာတယ်လို အိမ်ခြံမြေနဲ့စက်ရုံ၊ဂိုဒေါင် အကျိူးဆောင်လုပ်သူတွေထံက သိရပါတယ်။
- ဇွန်လ ၉ ရက်
ထိုင်းနိုင်ငံတွင် ဆေးရုံတက်ပြီး ဆေးကုသမှုခံယူနေတဲ့မြန်မာအလုပ်သမားတစ်ဦးကို ထိုင်းရဲတပ်ကြပ်ကြီးဆိုသူက လူနာမေးဟန်ဆောင်ကာ သေနတ်ဖြင့်၀င်ရောက်ပစ်သတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မြန်မာအလုပ်သမားကို ပစ်သတ်တဲ့ပြစ်မှုကျူးလွန်သူသေနတ်သမားဟာ ရဲတပ်ကြပ်အရာရှိသူဖြစ်ပြီး ဇွန် ၆ ရက် ညသန်းခေါင်အချိန်(ဇွန်၇ရက်နံနက်အစောပိုင်း) ဆေးရုံသို့ ရောက်ရှိလာပြီး ကျော်စိုးအောင် တက်ရောက်နေသည့်အခန်းကို သူနာပြုများထံ မေးမြန်းခဲ့ကာ ခွဲစိတ်လူနာဆောင်ဆီ တက်လာကာ အိပ်ပျော်နေတဲ့ကျော်စိုးအောင်ရဲ့ ဦးခေါင်း နောက်စေ့ကို သေနတ်ဖြင့် တစ်ချက်တည်း ပစ်ခတ်ထွက်ပြေးခဲ့တာဖြစ်ပြီး ဇွန် ၇ ရက်နေ့ခင်းမှာတော့ကျူးလွန်သူကို ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
Great Summer အထည်ချုပ်စက်ရုံမှာ အလုပ်ချိန် ၇ နာရီ ဆက် လုပ်ကိုင်ရပြီး အလုပ်သမားတွေမှာ အပြင် သောက်ဆေး ယူခွင့်မရလို့ ကျန်းမာရေး ပိုချို့ယွင်းလာတယ်လို့ သိရပါတယ်။ အနော်ရထာစက်ရုံ၊ အနော်ရထာလမ်းက Great Summer Myanmar Garment စက်ရုံ ဟာ Cherry Apparel Myanmar စက်ရုံကို အမည်ပြောင်း ဖွင့်လှစ်ထားတာ ဖြစ်ပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ အလုပ်သမားတွေက ပြောပါတယ်။စက်ရုံအတွင်း မုန့်နဲ့ ပြင်ပ ဆေးဝါးတွေ ယူခွင့်မရဘဲ သုံးစွဲပါက သတိပေး(ဝမ်ထိန်) လက်မှတ်ထိုးခိုင်းပြီး ခြိမ်းခြောက်ပြောဆိုတာတွေ ပြုလုပ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း ကလည်း လုံခြုံရေးက ခွင့်မပြုလို့ ကျန်းမာရေးအတွက် ဆေးသောက်ခွင့်မရခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
အခုဖော်ပြပေးခဲ့တာတွေကတော့ တပတ်တာ ဖော်ပြခဲ့တဲ့ သတင်းအနှစ်ချုပ်ဖြစ်ပါတယ်။