NEWS

ဩဂုတ်လ နောက်ဆုံးတပတ်တာ  သတင်းအနှစ်ချုပ် ဖော်ပြချက်

CoverLogo
79 Views

Myanmar Labour News မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဖော်ပြခဲ့တဲ့ အလုပ်သမားရေးရာသတင်းတွေ၊ ရွှေ့ပြောင်းအလုပ်သမားရေးရာ သတင်းနဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ ပြည်တွင်းသတင်း အခြေအနေတွေကို အနှစ်ချုပ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီလိုတစ်ပတ်တာသတင်းတွေကို စုစည်းဖော်ပြရတဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူတွေ၊ အလုပ်သမားတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ အခြေအနေတွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။

ဩဂုတ် ၂၆

လှိုင်သာယာမြို့နယ် အတွင်း စက်မှုဇုန်​တွေက  စက်ရုံ အလုပ်ရုံ တွေ မှာအလုပ်လုပ်နေတဲ့ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်စာရင်းတွေကို ဩဂုတ်လ ၃၀ ရက် မှာ နောက်ဆုံးထား ပေးပို့ဖို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံ နခွန်ရတ်ချာစီးမား​ပြည်နယ် ပါခ်ချောင်ခရိုင်၊ ချနတ်ခရိုင်ခွဲမှာ ဆောက်လုပ်ဆဲ မြေအောက်ရထားဥမင်လိုဏ်ခေါင်းပြိုကျမှုကြောင့် မြန်မာအလုပ်သမားတစ်ဦးအပါအဝင် သုံးဦး ပိတ်မိနေတယ်လို့ ထိုင်းသတင်းဌာနတွေ မှာဖေါ်ပြထားပါတယ်။

နိုင်ငံကူးလက်မှတ် အလည်အပတ်(PV)နဲ့  ပြည်ပနိုင်ငံ​တွေကို သွားရောက် အလုပ်လုပ်ကိုင်တာ တွေကို ရန်ကုန်လေဆိပ်မှာ ပြင်းပြင်းထန်ထန်စစ်ဆေးပြီး လေဆိပ်ကနေပြန်လွှတ်တာတွေများလာတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်ခရိုင် ၊ ရွှေပြည်သာစက်မှုဇုန် (၃) မြတောင်ဝန်ကြီးဦးမှိုလမ်း ၊ အမှတ် (- ) မှာရှိတဲ့ Mr.LEIPEI JUN ( တရုတ်နိုင်ငံသား ) ပိုင် Golden Colour Fashion Myanmar အထည်ချုပ်စက်ရုံဟာ အလုပ်သမားတွေ သဘောဆန္ဒမပါဘဲ အချိန်ပိုခိုင်းလို့ တိုင်ကြားထားတဲ့အမှုမှာ အလုပ်ရှင်နဲ့ အပေါင်းအပါကို တရားရုံးက ငွေဒဏ်ချမှတ်လိုက်ပြီး ဆက်လက်ပြီးလည်း အချိန်ပိုခေါ်ယူခွင့်မရှိဘူးလို့ သိရပါတယ်။ 

ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းစာမေးပွဲဖြေဆိုအောင်မြင်ပြီး သူတွေ အနေနဲ့  သစ်တောလုပ်ငန်းသို့  ပြောင်းရွှေ့လျှောက်ထားနိုင်​ပေမဲ့ အာမခံချက်မရှိသေးဘူးလို့  သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွ မြို့နယ် ၊ တွံ့တေးမြို့နယ်၊ ပဲခူးတိုင်း၊ ဝေါမြို့နယ် စတဲ့ဒေသတွေမှာ စစ်မှုထမ်းဥပဒေ ဗန်းပြပြီး ငွေကြေးတောင်းခံမှုတွေကြောင့် သောကပွေနေရ တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာမြိုနယ် စက်မှုဇုန် ၄ ခြံအမှတ် - မှာဖွင့်လှစ်ထားတဲ့ LITA MYANMAR အထည်ချုပ်စက်ရုံမှာ အလုပ်သမားဥပဒေပါအခွင့်ရေးတွေချိုးဖောက်ပြီး ခွင့်ခံစားခွင့်မပေးတာ၊ ဆေးခွင့်ခံစားခွင့်မပေးတာ၊ WCC အလုပ်သမားကိုယ်စားလှယ်ကို အလုပ်သမားတွေ ရွေးချယ်ခွင့်မရတာ၊ စနေနေ့မှာအိုတီကြေးမပေးဘဲ အချိန်ပြည့်ခိုင်းစေတာနဲ့ အထည်စံချိန်ကို အလွန်အကျွံတောင်းခံမှုတွေ ကျူးလွန်နေတယ်လို့ အဲ့ဒီစက်ရုံမှာလုပ်ကိုင်နေတဲ့အလုပ်သမားကပြောပါတယ်။ 

ဩဂုတ် ၂၇

North Shore (NorthShore Group) အထည်ချုပ်စက်ရုံ HR ဝန်ထမ်းတဦးက အာဏာပြ ဖိအားပေးမှုတွေ လုပ်ဆောင်နေတယ်လို့  အလုပ်သမားတွေက ပြောပါတယ်။ 

မှော်ဘီမြို့နယ်ရှိ Pepsi အချိုရည်စက်ရုံတာဝန်ရှိတဲ့  ကုမ္ပဏီ၊ စက်ရုံ CEO နဲ့HR ကို အလုပ်သမားက တရားစွဲဆိုထားမှုမှာ ရုံးချိန်းပေါင်း ၃၀ အထိရှိလာပြီဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မှာ အထောက်ထားမရှိတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ပန်းရောင်ကတ် လုပ်ပေးမယ့် အစီစဉ် ဟာ လက်ရှိအချိန်ထိ မရေရာ သေးပေးမယ့် ရက်ပေါင်း ၇၀ ကျော်အတွင်း  အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား တစ်သိန်းခွဲကျော် အဖမ်းခံထားရတယ်လို့ ထိုင်းနိုင်ငံရှိ အလုပ်သမားအရေးကူညီပေးနေသူတွေထံကသိရပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် မင်းကြီးမဟာမင်းခေါင်လမ်း အမှတ် -- မှာဖွင့်လှစ်ထားတဲ့ Hang Kei Myanmar စက်ရုံမှာ အလုပ်သမားဥပဒေပါ အခွင့်အရေးတွေ ခံစားခွင့်မရဘဲ ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ဩဂုတ် ၂၈

ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ လရောင်မြို့ဆောက်လုပ်ရေးတခုမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား တစ်ဦးမှာ အဆောက်အဦးခေါင်မိုးပေါ်မှ လုပ်ငန်းခွင်မတော်တဆ မှု ဖြစ်ကာပြုတ်ကျသေဆုံးခဲ့တဲ့ အတွက် နစ်နာကြေးဘတ်ငါးသိန်းခွဲ(မြန်မာကျပ်သိန်း၈၀၀ကျော်) ရရှိအောင် အကူအညီပေးခဲ့တယ်လို့  ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားရေးဆောင်ရွက်ပေးတဲ့(WAG) အလုပ်သမားမဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။ 

အလည်အပတ် အတွက် ပြုလုပ်ရတဲ့ PV နိုင်ငံကူးလက်မှတ်မှာ  အလုပ်ဗီဇာကပ်ထားပြီး အလုပ်လုပ်ကိုင်သူတွေပြည်ပကနေ အလည်ပြန်လာပြီး ခွင့်ရက်ပြည့်လို့ ပြည်ပကို ပြန်လည်သွားရောက်လိုပါက ရန်ကုန်လေဆိပ်သာမက နယ်စပ်ဂိတ်တွေ ကပါ ထွက်ခွင့်မပြု ဘူးလို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနမှ သိရပါတယ်။

ထိုင်းနိုင်ငံ၊ စမွတ်စာခွန်ခရိုင်၊ ကတွန်းဘင်မြို့နယ် လန်ဝမ့်မှာ ရှိတဲ့ SAWA INTERNATIONAL CO.,LTD (မီးသီးစက်ရုံ)မှာ လုပ်နေတဲ့ မြန်မာလုပ်သမား ၁၀၀ ကျော် ရက်အကန့်သက်မရှိ အလုပ်နားခိုင်းခံရပြီး ရရှိရမယ့် လုပ်ခ ၁၅ ရက်စာ ဘတ်၇သိန်းဝန်းကျင် ကို မပေးတဲ့ အတွက် စားဝတ်နေရေးအခက်ခဲ ဖြစ်ပေါ်နေတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ WAG မဟာမိတ်အဖွဲ့ ထံ က သိရပါတယ်။ 

ရန်ကုန်မြို့မှာ စားအုန်းဆီကို စစ်ကောင်စီရဲ့သတ်မှတ်ဈေးနဲ့ရောင်းချပေးတဲ့နှုန်းထားအတိုင်း ပြည်သူတွေ သမဝါယမစနစ်ဖြင့်ထုတ်ယူနိုင်ရန် စားဆီစာအုပ်ထုတ်ပေးနေမှုကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက စတင်ဆောင်ရွက်နေပါတယ်။ 

ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ GYSEN Myanmar Apparel အထည်ချုပ်စက်ရုံကို  တရားမဝင် အချိန်ပိုခေါ်ယူမှုကြောင့် သက်ဆိုင်ရာ ဦးစီးဌာနမှ ဝင်ရောက်စစ်ဆေးရာ စက်ရုံတာဝန်ရှိသူတွေက  အလုပ်သမားတွေကို ထွက်ပြေးခိုင်းခဲ့လို့ အလုပ်သမားအချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အဆုံးစွန်ထိ မိုက်ကမ်းစွာဖြင့် တိုင်းပြည်၊ လူထုနှင့် တပ်ကို ဖျက်စီး ဖိနှိပ် နေသည့် အာဏာရူး မင်းအောင်လှိုင် အတွက် အသေမခံဘဲ ၊  ပြည်သူ့ဘက်သို့ အမြန်ဆုံး ဘက်ပြောင်းခိုဝင်ကြရန် လှုံ့ဆော်စည်းရုံးသည့် သပိတ်လှုပ်ရှားမှုကို ရန်ကုန်မြို့ ရှိ တော်လှန်ရေးအင်အားစုများ ပူးပေါင်း ဖော်ဆောင်ခဲ့ပါတယ်။

နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)ကနေ ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း သြဂုတ်လ ၂၈ ရက် မနက်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

ဩဂုတ် ၂၉

မြန်မာစစ်တပ်ကို အရေးယူပေးဖို့ ILO ကို ပြည်တွင်းပြည်ပ အထည်ချုပ်အလုပ်သမားတွေက တောင်းဆို လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်( CTUM Myanmar) က ဒီကနေ့ ဩဂုတ် ၂၉ ရက်က ထုတ်ပြန်ထားပါတယ်။  

အင်အားကြီးတိုင်ဖွန်းမုန်တိုင်းရှန်းရှန်း(Typhoon Shanshan) ဟာ ဂျပန်နိုင်ငံ တောင်ပိုင်း၊ ကျူးရှုးဒေသသို့ ဝင်ရောက်တိုက်ခတ်လျက်ရှိတဲ့ အတွက် အဲ့ဒီ​ဒေသက  မြန်မာနိုင်ငံသားတွေ အနေနဲ့ အကူညီလိုပါက  မြန်မာသံရုံးကို ဆက်သွယ် ဖို့ မြန်မာသံရုံး တိုကျိုက ဩဂုတ် ၂၉ ရက်မှာ အသိပေးချက်ထုတ်ပြန်ထားပါတယ်။ 

လာမယ့် စက်တင်ဘာလ ၁ ရက်နေ့က စပြီး နိုင်ငံကူးလက်မှတ် စာအုပ်ဖိုးကို ကျပ် လေးသောင်း အဖြစ် ပြောင်းလဲ သတ်မှတ် မယ်လို့ ဩဂုတ် ၂၉ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာ အသိချက် ထုတ်ပြန်ထားပါတယ်။ 

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် မက္ခရာမင်းသားကြီးလမ်း စက်မှုဇုန် ၂ မှာဖွင့်လှစ်ထားတဲ့ SlOEN MYANMAR အထည်ချုပ်စက်ရုံမှာ အလုပ်သမားဥပဒေပါခံစားခွင့်တွေဖြစ်တဲ့ ခွင့်၊ ဆေးခွင့် ၊ရှောင်တခင်ခွင့်တွေ ခံစားခွင့်မရဘဲ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ စက်မှုဇုန်(၃)၊ နဝဒေးလမ်းမကြီး၊ အမှတ် (- )ရှိ  Dongxin Gament Co.,Ltd မှာ လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု တွေဆက်တိုက်ကျူးလွန်နေတယ်လို့ အဆိုပါ လုပ်ငန်းခွင်မှာလုပ်ကိုင်နေတဲ့အလုပ်သမားတွေထံကသိရပါတယ်။

ထိုင်းနိုင်ငံ နခွန်ရတ်ချာစီးမား​ပြည်နယ် ပါခ်ချောင်ခရိုင်၊ ချနတ်ခရိုင်ခွဲမှာ ဆောက်လုပ်ဆဲ မြေအောက်ရထားဥမင်လိုဏ်ခေါင်းပြိုကျမှုကြောင့် မြန်မာအလုပ်သမားတစ်ဦးအပါအဝင် ပိတ်မိနေသူ ၃ဦးထဲ မှ မြန်မာအလုပ်သမား၏ ရုပ်အလောင်းကို ယနေ့ဩဂုတ်လ ၂၉ရက်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။

စစ်ကောင်စီရဲ့ မြန်မာနိုင်ငံကလေးအလုပ်သမာပပျောက် ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီအနေနဲ့  ကလေး လုပ်သားပပျောက်ရေးစီမံချက်ဆိုကာ နှစ်ရှည်စီမံချက်နဲ့ လုပ်ဆောင်သွားမယ်လို့ ဆိုထားပေမဲ့ တကယ်တမ်းအလုပ်အဖြစ်ဘူးလို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဝေဖန်ထားပါတယ်။

ဝါးတရာ စက်မှုဇုန်က U&G (Myanmar) Fashion Co.,Ltd ပိုင် အထည်စက်ရုံမှာ အလုပ်သမားတွေကို ညနက် အချိန်ပို (အိုတီ)တွေ ဆက်တိုက် ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ညနက်အထိ အချိန်ပို လုပ်ကိုင်နေရတာ နှစ်လနီးပါးရှိနေပြီး၊ စနေနေ့တွေမှာဆို အောလင်း လုပ်ကိုင်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဩဂုတ် ၃၀

ပြီးခဲ့တဲ့တစ်ပတ်ခန့်က ဒေါ်လာဈေး စံချိန်တင် မြင့်တက်မှုတွေရှိလာခဲ့လို့ ကုန်ဈေးနှုန်းတွေပါ မြင့်တက်လာခဲ့ရာ ယခုရက်ပိုင်းဒေါ်လာဈေးပြန်လည်ကျဆင်းလာခဲ့ပြီဖြစ်ပေမဲ့လည်း  ကုန်ဈေးနှုန်းတွေကတော့ ပြန်လည်ကျဆင်းလာခြင်းမရှိတဲ့အပြင် ဆက်လက်မြင့်တက်လာနေတာတွေ့ရပါတယ်။ 

ရန်ကုန်မြို့ ရွှေဂုံတိုင်မီးပွိုင့်မှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ ကို ပန်းရောင်းခိုင်းပြီး လုပ်အားခတွေ ခေါင်းပုံဖြတ်ရယူခဲ့သူ ၂ ဦးကို အလုပ်နှင့်ထောင်ဒဏ်ဆယ်နှစ်စီချမှတ်လိုက်တယ်လို့ သိရပါတယ်။ 

ဩဂုတ်လ (၃၀) ရက်တွင် ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့ကြီးအချို့တွင် ရောင်းချရမည့် စက်သုံးဆီ အခြေခံရည်ညွှန်းဈေးသတ်မှတ်နှုန်းထားဟာ  ယခင်ထက်သတ်မှတ်ဈေးနှုန်းပြန်လည်မြင့်တက်လာတယ်လို့ စက်သုံးဆီကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။   

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးမှာ အခက်ခဲ ဖြစ်နေ ပြီး မိမိကိုယ်ရေးအချက်အလက်တွေကို မပြောပြနိုင်တဲ့ အတွက်၎င်းကိုသိရှိသူတွေ အနေနဲ့    မြန်မာသံရုံး ကိုဆက်သွယ်ပေးဖို့ ဩဂုတ်လ ၃၀ ရက် နေ့မှာ မြန်မာသံရုံးဆိုလ်းမြို့က မေတ္တာရပ်ခံထားပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာပွဲစား က အလုပ်ရှာပေးမယ်ဆိုကာ ငွေများ လိမ်လည်ယူပြီး စွန့်ပစ်ထားခဲ့တဲ့ အတွက် မြန်မာအလုပ်သမား၁၂ဦးအစာ​ရေစာပြတ်ပြီး  ဒုက္ခရောက်နေတယ်လို့ ထိုင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်။

စက်မှုဇုန်စက်ရုံတွေကတဆင့် လုပ်သားစာရင်းနဲ့အလုပ်သမားအချက်အလက်တွေကောက်ယူနေမှု အလုပ်သမားတွေထံအသိပေးခြင်းမရှိဘူးလို့ စက်ရုံအလုပ်ရုံ အလုပ်သမားတွေ ဆီကသိရပါတယ်။

မြန်မာအားသစ်မာန် ကားစက်ရုံ လုပ်ခလစာတိုးမြှင့်ပေးရေး တောင်းဆိုမှုပြုလုပ်ခဲ့ပြီး  စစ်တပ် ထောက်ခံကြောင်း အတင်းအကျပ် လက်မှတ်ထိုးခိုင်းခဲ့တာတွေ ပြုလုပ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းမှာရှိတဲ့  မြို့နယ် ၃၁ ခုကို ပုဒ်မ ၁၄၄ အရ ည ၁ နာရီမှ မနက် ၃ နာရီအထိ  ညမထွက်ရ အမိန့် ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်နေ့ ရက်စွဲဖြင့်  ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၃၁

သမဂ္ဂဖွဲ့ဖို့ စိတ်ဝင်စားတဲ့ စက်ရုံတွေက အလုပ်သမားတွေဟာ စဖွဲ့ဖို့ စည်းရုံးတဲ့ကာလမှာပဲ အလုပ်ဖြုတ် ခံနေရပြီး အချိန်ကြာလာတာနဲ့အမျှ သမဂ္ဂ အင်အားချိနဲ့ လာနိုင်တယ်လို့လည်း အလုပ်သမားအရေးဆောင်ရွက်သူ က သုံးသပ်ပါတယ်။"အထည်ချုပ်စက်ရုံတွေမှာ သမဂ္ဂဖြိုခွဲမှု ဘာတွေဖြစ်လာနိုင်သလဲ"ဆိုတဲ့ သတင်းဆောင်းပါးမှာ အပြည့်အစုံဖတ်ရှု့နိုင်ပါတယ်။

ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် ၊ မြလမ်း၊ အမှတ် (-)တွင် ဖွင့်လှစ်ထားသော GOLDEN PROPITIOUS (Myanmar )  Garment Co, Ltd အထည်ချုပ်စက်ရုံမှာ  အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးအလုပ်သမားဟာ  စက်ရုံတွင်းအကြမ်းဖက်ခံရပြီး အလုပ်မှထုတ်ပယ်ခံလိုက်ရတယ်လို့ သိရပါတယ်။ 

ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ Myamar Pou Chen စက်ရုံမှာ ကျောင်းတက်နေသော အလုပ်သမားများကို ကျောင်းတက်ရန်အတွက်  ယခင်ကပေးသော ခွင့်(၂) လကို ယခုနှစ်တွင် မပေးတော့တာကြောင့် ကျောင်းပြန်တက်မယ့် အလုပ်သမားတွေအနေနဲ့  အခက်အခဲဖြစ်နေပါတယ်။

တပတ်တာသတင်းအနှစ်ချုပ်ကို "ဆုလာဘ်ဖြူ"က စုစည်းထားတာပါ။


Related posts

Cover
စက်တင်ဘာ ဒုတိယပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Sep 15, 2024
Cover
စက်တင်ဘာလ ဒုတိယပတ် ရွှေဈေး ငွေဈေးနဲ့ ကုန်ဈေးနှုန်းများစုစည်းမှု
Sep 15, 2024
Cover
စက်တင်ဘာ ပထမတပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Sep 08, 2024
Cover
စက်တင်ဘာ ပထမတစ်ပတ်အတွင်း ကုန်ဈေးနှုန်းများစုစည်းမှု
Sep 08, 2024
Cover
ဩဂုတ်လ နောက်ဆုံးတပတ်တာ ရွှေဈေးငွေဈေးနဲ့ကုန်ဈေးနှုန်းများ စုစည်းမှု
Sep 01, 2024
Cover
ဩဂုတ်လ စတုတ္ထပတ် ကုန်ဈေးနှုန်းများစုစည်းမှု
Aug 25, 2024
Cover
ဩဂုတ်လ စတုတ္တပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Aug 25, 2024
Cover
ဩဂုတ်လ တတိယပတ်သတင်းအနှစ်ချုပ်ဖော်ပြချက်
Aug 18, 2024