NEWS

ဩဂုတ်လ စတုတ္တပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်

CoverLogo
79 Views

Myanmar Labour News မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဖော်ပြခဲ့တဲ့ အလုပ်သမားရေးရာသတင်းတွေ၊ ရွှေ့ပြောင်းအလုပ်သမားရေးရာ သတင်းနဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ ပြည်တွင်းသတင်း အခြေအနေတွေကို အနှစ်ချုပ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီလိုတစ်ပတ်တာသတင်းတွေကို စုစည်းဖော်ပြရတဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူတွေ၊ အလုပ်သမားတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ အခြေအနေတွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။

ဩဂုတ် ၁၉ ရက်

ထိုင်းနိုင်ငံမှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ရက် ၁၂၀ စီမံချက်နဲ့ ဖမ်းဆီးရာ တစ်ရက် ကို မြန်မာအလုပ်သမား ၂၀၀၀ ကျော် အဖမ်းခံနေရတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

ပြည်ပရောက်အလုပ်သမားတွေရဲ့ မိသားစု လွှဲငွေ အထောက်အထားကို အေဂျင်စီတွေက  ဝန်ကြီးဌာနကို အနည်းငယ်သာ တင်ပြနိုင်တယ်လို့ သိရပါတယ်။

"ဥပဒေအရ နေရာတကာလုပ်လို့ မရဘူး" ဆိုပြီး လှိုင်သာယာမြို့နယ် အလုပ်သမား ညွှန်ကြားရေး ဦးစီးမှူး က လာရောက်တိုင်ကြားတဲ့ အလုပ်သမားတွေကို ဖိအားပေးပြောဆိုခဲ့လို့ တိုင်ကြားခွင့်ဆုံးရှုံးခဲ့ရပါတယ်။

ခန္ဓာကိုယ်အနှံ့ကိုင်တွယ် အစစ်အဆေးခံနေရပြီး လုပ်ငန်းခွင်ချိုးဖောက်မှုတွေ ကျူးလွန်ခံနေရတယ်လို့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာလမ်း မှာဖွင့်လှစ်ထားတဲ့ Tianjin Fashion Milestone Garment အထည်ချုပ်စက်ရုံမှာလုပ်ကိုင်နေတဲအလုပ်သမားတွေကပြောပါတယ်။

ထိုင်းနိုင်ငံ ချွန်ဘူလီ စီလချာ မြို့မှာ အထောက်အထားမပြည့်စုံတဲ့ မြန်မာအလုပ်သမားတွေ ကို အထောက်အထားစာရွက်စာတမ်းတွေပြုလုပ်ပေးမယ် ဆိုကာ ငွေကြေး လိမ်လည်သွားတဲ့ ပွဲစားကို မြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့အလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ WAG မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။ 

ဒီတပတ်မှာတော့ အလုပ်သမားတွေကို ပေးတဲ့ ထောက်ပံ့ကြေးနဲ့ပတ်သက်တဲ့ အတွင်းရေးတွေကို ပြောပြထားတဲ့ "အထည်ချုပ်လောက အတွင်းရေး ပေးစာပြန်စာ"ဆောင်းပါးကိုဖော်ပြခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဖန်ချက်ဝန်ဦးရွှေအိုးလမ်းနှင့်မောင်ကျန်သီးလမ်း ထောင့်ရှိ  Heng Mei Co. Ltd အထည်ချုပ်စက်ရုံ မှာ ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်က   အလုပ်သမားတွေ ညလုံးပေါက် အိုတီဆင်းပြီး နောက်ရက် မနက်အစောပိုင်း အိမ်ပြန်ရာမှာ  ရွှေပြည်သာ ပြန်မယ့် အလုပ်သမား ၂ ဦး  ဖယ်ရီကားမရှိတာကြောင့် စက်ရုံရှေ့ တွင် လိုင်းကားစောင့်နေစဉ်   ဓါးထောက်အလုယက် ခံရပြီး ဒဏ်ရာအချို့ရရှိခဲ့ပါတယ်။

ဩဂုတ် ၂၀ ရက်

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ဩဂုတ်၂၀ရက်နေ့ မနက်၆နာရီ ခွဲ အချိန် တိုင်းတာ ထုတ်ပြန်ချက်အရ ပဲခူး မြစ်ရေဟာ လာမယ့် ၂၄နာရီ အတွင်း မှာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ် ကို ရောက်ရှိမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံရှိ စက်ရုံ အလုပ်ရုံတွေ မှာ အလုပ်လုပ်ကိုင်ဖို့ မြန်မာအလုပ်သမား ၁၃၀၀ ကျော် ကို ထပ်မံခေါ်ယူတယ်လို့ မြန်မာသံရုံး တိုကျိုမြို့ ရဲ့ အလုပ်ကမ်းလှမ်းစာ စာရင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်- မြန်မာနယ်စပ်ဒေသမှာ  တရုတ်ငွေဈေးဆက်တိုက်မြင့်တက်လာလို့  တရုတ်လုပ်ငန်းရှင်တွေဟာ မြန်မာအလုပ်သမားတွေအပေါ် ယွမ်ဖြင့် ကျပ်လဲယူမှုကြုံနေကြရလို့ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေထံက  သိရပါတယ်။

ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင် စက်မှုဇုံ ရှိ  ဆောက်လုပ်ရေး  လုပ်ငန်းခွင်မှာ  မြန်မာအလုပ်သမား ၇၀၀ ကျော် လုပ်ခလစာ မရတဲ့ အတွက် လုပ်ငန်းရှင်ကို ဆန္ဒပြတောင်းဆိုရာ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဝင်ရောက် ဖြေရှင်းပေးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖေါ်ပြချက်အရသိရပါတယ်။

အဓိကာရလူ့အခွင့်အရေးပေါ့ကတ်ရဲ့ Episode 07 မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ အမုန်းစကားဆိုတဲ့ ခေါင်းစဥ်နဲ့ ဆွေးနွေးမှု ဒုတိယပိုင်းကို ထုတ်လွှင့်ခဲ့ပါတယ်။

ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ရွှေလင်ဗန်းစက်မှုဇုန် အလယ်ရွာ ခရေပင်လမ်းမကြီးပေါ်မှာဖွင့်လှစ်ထားတဲ့ BOY  Garment CO.LTD မှာ အလုပ်ချိန်ကို နံနက် ၈ နာရီကနေ ည‌  ၇ နာရီ ၃၀ ထိ သတ်မှတ်ထားပြီး အချိန်ပို ၃ နာရီအပါ လုပ်ကိုင်ရသလို ညလုံးပေါက် အချိန်ပိုခေါ်ယူတာတွေဆက်တိုက်ပြုလုပ်လာတာကြောင့် အလုပ်သမားသဘောဆန္ဒမေးမြန်းခြင်းမရှိဘဲ အချိန်ပိုခေါ်ယူတာမပြုလုပ်ဖို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။

Xaing Rong စက်ရုံမန်နေဂျာက လုပ်ငန်းခွင် တောင်းဆိုမှု ပြုလုပ်သူတွေကို စစ်တပ်နဲ့ ရဲ ခေါ်ပြီး ဖမ်းဆီး  ခိုင်းမယ် ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

ရန်ကုန်တိုင်း၊  လှည်းကူး မြို့နယ်မှာ ဩဂုတ်လ ၂၀ ရက်နေ့ တစ်ရက်ထဲ စက်ရုံ ကြိုပို့ယာဉ် ယာဉ်တိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ပရဟိတ အသင်းတွေထံ က သိရပါတယ်။

ဩဂုတ် ၂၁ ရက်

ရွှေပြည်သာ ဝါးတရာစက်မှုဇုန် အမှတ် - ၊ ဝန်ဆောင်မှုလမ်းရှိ Chu Yang (Myanmar) Garment Co, ltd အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အခြေခံအလုပ်သမားသမဂ္ဂခေါင်းဆောင်အလုပ်ထုတ်ခံရမှုကို အလုပ်ရှင်အလုပ်သမား ဆွေးနွေးညှိနှိုင်းခဲ့ရာ ပြေလည်မှုရပြီး  လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခွင့်ရခဲ့တယ်လို့  သိရပါတယ်။

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ ယခုတစ်ပတ်တာအတွက် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ (၆၁၇၀) ကျပ်အဖြစ်သတ်မှတ်ထားပေမဲ့ ပြင်ပစျေးကွက်မှာတော့ တစ်ပိဿာကို ၁၈၀၀၀ အထိပေါက်နေတယ်လို့ သိရပါတယ်။

ပြည်ပက လုပ်သားခေါ်ယူမယ့် အလုပ်ခေါ်စာ မရှိဘဲ လိုင်စင်ရအေဂျင်စီတွေ က အလုပ်သမား တွေ ကို ဆေးစစ်ခိုင်းခြင်း၊ ဆေးအွန်လိုင်း တင်ခိုင်း ခြင်းတို့ စိစစ်တွေ့ရှိပါက အရေးယူခံရမှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနမှ သိရပါတယ်။

အဓမ္မခိုင်းစေ ခံရပါက  စစ်ကောင်စီရဲ့ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှု ဆိုင်ရာ တိုင်ကြားရေးယန္တရားကို တိုင်ကြားနိုင်တယ် လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ဩဂုတ် လ ၂၁ ရက်မှာ အသိပေးကြေညာထားပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ဗိုလ်ချုပ်လမ်းမကြီးအနီး ဖွင့်လှစ်ထားတဲ့ S.H.UNITED COMPANY LIMITED  အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးချိုးဖောက်မှုတွေပြုလုပ်နေပြီး လွပ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်တွေကိုပါ ချိုးဖောက်နေတယ်လို့ အလုပ်သမားတွေ ပြောပြချက်အရသိရပါတယ်။

Pro Cap (D4 )ဦးထုတ်စက်ရုံက လစဉ် ရက်သုံးဆယ်အတွက်ပဲ လုပ်ခလစာ လက်ခံဖို့ အတင်းအကျပ် လက်မှတ် ထိုးခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် လက်မှတ်မထိုးတဲ့ အလုပ်သမားတွေကိုလည်း နေ့စားလုပ်သားအဖြစ် ပြောင်းလဲမယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုခဲ့တာလို့ သိရပါတယ်။

ရွှေပြည်သာစက်မှုဇုန်က SQI Star Co., Ltd အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို နားချိန်အပြည့်မပေးဘဲ ဖိအားပေး ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်မစတင်မီ နဲ့ ထမင်းစားချိန်မှာ နားချိန် အပြည့်အဝ မရနေတာလို့ လည်း အလုပ်သမားတွေက ပြောပါတယ်။ 

ဩဂုတ် ၂၂ ရက်

ထိုင်းနိုင်ငံ ချွန်ပူလီ နောင်ဆမ်စပ် ရှိသောဆောက်လုပ်ရေးတခုမှာ လုပ်ကိုင်နေသောမြန်မာရွှေ့ပြောင်းအလုပ်သမား များ လုပ်ခလစာ လေးလစာ မရရှိတဲ့ အတွက် ဩဂုတ်လ ၂၂ရက် မှာ မြို့နယ်အလုပ်သမားရုံးမှာ အလုပ်ရှင်ကိုတိုင်ကြားထားတယ်လို့ အလုပ်သမားအရေးကူညီပေးနေတဲ့ WAG မဟာမိတ် အဖွဲ့ ထံ က သိရပါတယ်။

နိုင်ငံ့ဝန်ထမ်းလစာ ကို ငွေသားအစား ဒီဂျစ်တယ် နည်း ဖြင့် လစာငွေပေးချေ နိုင်ဖို့ အတွက် ဗဟိုဘဏ် မှ ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် နဝဒေးဥယျာဉ် အိမ်ရာအားဗဟိုပြုပြီး  အရွယ်ရောက် အမျိုးသမီးငယ်တွေကို တရုတ် နိုင်ငံသားများနဲ့ ဖူးစာဖက်ရှာဖွေ ပေးတဲ့ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်တာတွေ ကျယ်ပြန့်လာတယ်လို့ ဒေသခံဖြစ်တဲ့ HTY Info က အသိပေးထားချက်အရ သိရပါတယ်။

မြန်မာနိုင်ငံအတွင်း မျောက်ကျောက်ရောဂါ ကူးစက်မှု မရှိစေဖို့ အတွက် ပြည်ပက ပြန်လာတဲ့ သူတွေ အနေနဲ့ လေဆိပ် မှာ ခရီးသွားရာဇဝင် ဖြည့်ရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာ ပါတယ်။

လှိုင်သာယာမြို့နယ် ရွှေရင်အေး ဘုရားလမ်း ခြံအမှတ် - မှာဖွင့်လှစ်ထားတဲ့  GLAMOUR GARMENT CO,LTD မှာ အလုပ်ချိန် တရက်ကို ၁၅ နာရီလုပ်ကိုင်နေရသလို ပိတ်ရက်မှာ အနားယူခွင့်မရှိဘဲ အချိန်ပိုခေါ်ယူတာကြောင့် ကျန်းမာရေးထိခိုက်လာတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ဩဂုတ် ၂၃ ရက်

ပြည်ပနိုင်ငံတွေ ကို အလည်အပတ်သွားရောက်ဖို့ အတွက် လုပ်ဆောင်ထားတဲ့ PV နိုင်ငံကူးလက်မှတ်  နဲ့ ပြည်ပ ထွက်သူတွေ ကို ရန်ကုန်လေဆိပ်မှာ စစ်ဆေးတာတွေ ပိုမိုတင်းကျပ်လာပြီး ပြည်ပထွက်ခွင့်မရဘဲ ပြန်လွှတ်ခံရသူတွေလည်း များလာ တယ်လို့ ပြည်ပထွက်ဖို့လုပ်ဆောင်သူတွေနဲ့လေဆိပ်သတင်းရပ်ကွက် မှ  သိရပါတယ်။

ရွှေပြည်သာ ဝါးတရာစက်မှုဇုန် အမှတ် -  ၊ ဝန်ဆောင်မှုလမ်းရှိ Chu Yang (Myanmar) Garment တွင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ဆွဲဆိုထားမှု အပါ အမှုပေါင်း ၁၃ မှုအထိရှိခဲ့တဲ့ Chu Yang Myanmar စက်ရုံလုပ်ငန်းရှင်ကို အလုပ်သမားကတရားစွဲဆိုထားရာ ပထမဆုံးရုံးချိန်းကို ဩဂုတ်၂၂ရက်က စတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဖူးခက် မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှု ဖြစ်ပေါ်ခဲ့ကာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦးအပါအဝင် လူ၈ဦး သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရ သိရပါတယ်။

စစ်အာဏာရှင်လက်အောက် လုပ်ငန်းခွင်အခြေအနေအဆိုးရွားဆုံး ဖြစ်နေပြီး "ILO က စစ်အာဏာရှင်ကို ပုဒ်မ (၃၃)အရ အမြန်ဆုံးအရေးယူပေး"ဖို့ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု MLA နဲ့ အလုပ်သမားအဖွဲ့အစည်းတချို့က တောင်းဆိုထားပါတယ်။

နေအိမ်၊ စီးပွားရေးလုပ်ငန်းတွေ၊ မရွှေ့ပြောင်းနိုင်တဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးကို ထားခဲ့ပြီး နေရာသစ်မှာ ပြန်လည်ရပ်တည်ရတာဟာ စစ်ဘေးရှောင်အများစုအတွက်တော့ စကားလုံးနဲ့ ဖော်မပြနိုင်တဲ့ အခက်အခဲတွေဖြစ်ပါတယ်။မြို့ပြကို ရွှေ့ပြောင်းလာတဲ့ စစ်ဘေးရှောင်တွေရဲ့ သောကကို ကိုယ်ချင်းစာ နားလည်ပြီး ဖေးမကူနိုင်ရေး "စစ်ရှောင်သောကဆိုတဲ့ ဆောင်းပါးကိုဖော်ပြခဲ့ပါတယ်။

ဩဂုတ် ၂၄ ရက်

ထိုင်းအစိုးရက ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတစ်ဦးစီကို ဘတ်တစ်သောင်းစီ ထောက်ပံ့ပေးသွားမယ့် အစီအစဥ် အတွက် ဩဂုတ်လ ၂၂ ရက်က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် က အတည်ပြုပြောကြား ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။

ဩဂုတ် ၂၅ ရက်

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဖူးခက် မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျမှု ဖြစ်ပေါ်ခဲ့တာကြောင့်  မြန်မာရွှေ့ပြောင်းအလုပ်သမား ၉ ဦးအပါအဝင် သေဆုံး၁၃ ဦးထိ ရှိလာတယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရ သိရပါတယ်။

အခုဖော်ပြခဲ့တာကတော့ ဩဂုတ်လ စတုတ္တပတ် တပတ်တာသတင်းအနှစ်ချုပ်စုစည်းမှုဖြစ်ပါတယ်။


Related posts

Cover
စက်တင်ဘာ ဒုတိယပတ် သတင်းအနှစ်ချုပ်ဖော်ပြချက်
Sep 15, 2024
Cover
စက်တင်ဘာလ ဒုတိယပတ် ရွှေဈေး ငွေဈေးနဲ့ ကုန်ဈေးနှုန်းများစုစည်းမှု
Sep 15, 2024
Cover
စက်တင်ဘာ ပထမတပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Sep 08, 2024
Cover
စက်တင်ဘာ ပထမတစ်ပတ်အတွင်း ကုန်ဈေးနှုန်းများစုစည်းမှု
Sep 08, 2024
Cover
ဩဂုတ်လ နောက်ဆုံးတပတ်တာ  သတင်းအနှစ်ချုပ် ဖော်ပြချက်
Sep 01, 2024
Cover
ဩဂုတ်လ နောက်ဆုံးတပတ်တာ ရွှေဈေးငွေဈေးနဲ့ကုန်ဈေးနှုန်းများ စုစည်းမှု
Sep 01, 2024
Cover
ဩဂုတ်လ စတုတ္ထပတ် ကုန်ဈေးနှုန်းများစုစည်းမှု
Aug 25, 2024
Cover
ဩဂုတ်လ တတိယပတ်သတင်းအနှစ်ချုပ်ဖော်ပြချက်
Aug 18, 2024