မမြမြအေး( အမည်လွဲ) က အိမ်အကူအဖြစ် လုပ်ကိုင်နေတဲ့ အလုပ်သမားတဦးပါ။ မြန်မာနိုင်ငံမှာတော့ ဒီလုပ်ငန်းကို အိမ်ဖော်လို့ အများက ခေါ်ဝေါ်ကြပါတယ်။ ဒီအလုပ်တွေက သဘောသဘာဝအတူတူ ဖြစ်ပေမဲ့ မမြမြအေး လုပ်ကိုင်နေတဲ့ အိမ်အကူ လုပ်ငန်းက လွတ်လပ်ခွင့်၊ အကျိုးခံစားခွင့် တော့ တော်တော် ကွာခြားတယ်လို့ ဆိုရမှာပါ။
မြန်မာနိုင်ငံက အိမ်ဖော်တွေအများစုက အလုပ်ချိန် သတ်မှတ်ချက် မရှိသလို ပုဂ္ဂလိက အခွင့်အရေးတွေ ဆုံးရှုံး နေပြီး ညှဉ်းပန်းနှိပ်စက်ခံရတာတွေ ရှိတယ်လို့ စစ်တမ်းတွေက ဖော်ပြထား ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ILO ရဲ့ စည်းမျဉ်း (၁၈၉) ကို လက်မှတ် မထိုးထားသလို ၊ နိုင်ငံမှာ ပြဌာန်းထားတဲ့ အလုပ်သမား ဥပဒေက အိမ်ဖော် လုပ်သားတွေကို အကာအကွယ် မပေးထားနိုင်ဘူးလို့ အလုပ်သမားအရေး လှုပ်ရှားတွေက ပြောဆိုထားပါတယ်။
ရန်ကုန်ဇာတိ မမြမြအေးက ၁၀ နှစ်သမီး အရွယ်ကတည်း မိဘတွေသေဆုံးခဲ့တာကြောင့် ဆွေမျိုးသားချင်းတဦးရဲ့ နေအိမ်မှာ (ကျွေးခိုင်း) နေထိုင်ခဲ့ရတာလို့ ပြောပါတယ်။ ကျွေးမွေးစောင့် ရှောက်တယ် ဆိုတဲ့ စကားနဲ့သာ အဲဒီမိသားစု အတွက် လုပ်ခလစာမရဘဲ လုပ်ကိုင်ပေးခဲ့တာပါ ။ အသက် ၁၉ နှစ်အရွယ်မှာ အိမ်ထောင်ကျခဲ့ပြီး အိမ်ထောင်ဖက်ကတော့ မော်တော်ယာဉ်မောင်းတဦး ဖြစ်တယ်လို့ ပြောပြပါတယ်။
အချက်အပြုတ် အပြင်အဆင် ဝါသနာပါတဲ့ မမြမြအေးက မူလတန်းပညာသာ သင်ကြားခဲ့ရသူ တဦးပါ ။ အိမ်ထောင်ကျပြီးနောက် သားနှစ်ဦး ထွန်းကားပြီး ပြေလည်တဲ့ မိသားစုမဟုတ်ခဲ့ဘူးလို့ မမြမြအေးက ပြောပါ တယ်။ တဖက်တလမ်းက စက်ချုပ်လုပ်ငန်းကို လုပ်ကိုင်ခဲ့ပေမဲ့ မိသားစုဘဝက ခက်ခဲခဲ့တယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ် နှစ်ဦးမှာ အသက် ၃၈ နှစ် အရွယ် မမြမြအေးက လူမှုကွန်ရက်ကတဆင့် အိမ်အကူ သင်တန်းကျောင်း တခုကို တွေ့ရှိခဲ့ပါတယ်။ အရွယ်လွန်စပြုနေလို့ သတင်တန်းတက်ဖို့ အခက်အခဲတွေ့ခဲ့ရပေမဲ့ သင်တန်း တာဝန် ရှိသူတွေရဲ့ စိတ်စေတနာကြောင့် သင်တန်းတက်ရောက်နိုင်ခဲ့တယ်လို့ မမြမြအေးက ဝမ်းသားအားရ ပြောပြ ပါတယ်။
အိမ်အကူလုပ်ငန်းဆိုတာ သာမန်ကိစ္စရပ်တွေ မဟုတ်ဘူးဆိုတာကို အဲဒီသင်တန်းကျောင်းနဲ့ တက်ရောက်အပြီး ပိုသိခဲ့ရတယ်လို့ ပြောပါတယ်။
“သင်တန်းမှာ အချက်အပြုတ်ပိုင်း၊ စကားပြောတွေ သင်ပေးတယ်။ သန့်ရှင်းရေးပိုင်းဆို သေချာ သင်ပေး တယ်။အ စားအသောက် သန့်ရှင်ပိုင်းတွေမှာ ဘာဟာက သန့်ရှင်းတယ်၊ မသန့်ရှင်း။ ကြက်သားလှီးပြီး ရေမဆေးဘဲ အသီး အရွက် ဆက်လှီးတာမျိုးတွေပေါ့။ လူတွေအတွက် အန္တရာယ်ရှိတဲ့ ပိုးတွေ ပါသွားနိုင်တယ်။ ဒါမျိုးတွေကို သင်ပေး ပါတယ်။” လို့ မမြမြအေးက ပြောပါတယ်။
သင်တန်းအတူတက်သူတွေက တခြားနိုင်ငံနဲ့ ပြည်တွင်းမှာ အိမ်အကူလုပ်ကိုင်နေသူတွေပါတာကြောင့် သူတို့ရဲ့ အတွေ့အကြုံ ဝေမျှမှုက တဆင့် အိမ်အကူလုပ်ကိုင်ဖို့ စိတ်ဝင်စားလာခဲ့တာလို့ ဆက်ပြောပါတယ်။ အိမ်အကူ လုပ်ငန်းကို စီးပွားရေးအခြေအနေကြောင့် လုပ်ကိုင်ခဲ့တာဖြစ်ပေမဲ့ ပွဲစားတွေနဲ့ မမြမြအေး မကြုံခဲ့ရပါဘူး။ ဒါ့အပြင် မမြမြအေးကြုံတွေ့ခဲ့ရတဲ့ အိမ်ရှင်တွေက ပြည်ပနိုင်ငံတွေက ဖြစ်တယ်လို့လည်း ပြောပါတယ်။
အိမ်ထောင်ဖက်က သဘောမတူခဲ့ပေမဲ့ အိမ်အကူ လုပ်ငန်းကို လုပ်ကိုင်ဖြစ်ခဲ့တယ်လို့လည်း မမြမြအေး က ပြောပါတယ်။ ချိတ်ဆက်ပေးမှုတခုကနေ လုပ်ဖော်ကိုင်ဖက်တဦးနဲ့ အတူ အိမ်အကူ လုပ်ငန်းကို ပထမဆုံးအနေနဲ့ လုပ်ကိုင်ဖြစ်ခဲ့တယ်လို့ မမြမြအေးက ပြောပါတယ်။
စိန်ခေါ်မှုတွေ စတင်
မမြမြအေး အိမ်အကူလုပ်ငန်း လုပ်ကိုင်ခဲ့ရာမှာ ကြားပွဲစားနဲ့ မကြုံခဲ့ရပါဘူး။ ဒါပေမဲ့ ပထမဆုံး အလုပ်ကတော့ ပျားရည်ဆမ်းတဲ့ ခရီးတခု မဟုတ်ခဲ့ပါဘူး။
အိမ်အကူလုပ်ငန်းးက အလုပ်ချိန် မနက် ၇ နာရီကနေ ညနေ ၅ နာရီ ဖြစ်ပေမဲ့ အစားအသောက် ကျွေးမွေးတယ်လို့ ပြောပါတယ်။
“အိမ်ရှင်က ကပြားတွေပါ။ မြန်မာစကားလည်း နားလည်ပါတယ်။ ဒါပေမဲ့ အိမ်ရှင်မှာ မန်နေဂျာ တယောက်ရှိ ပါတယ်။ အလုပ်ကတော့ အဆင်မပြေခဲ့ဘူး” လို့ ပြောပါတယ်။
အဓိက ပြဿနာက ဘာသာစကား မကျော်လွှားနိုင်ခဲ့တာဖြစ်ပြီး လူမှုဆိုင်ရာ အခက်အခဲတွေ တွေ့ကြုံခဲ့ရတယ်လို့ ပြောပါတယ်။ ပထမဆုံးအတွေ့အကြုံ ဖြစ်လို့ ရပိုင်ခွင့်နဲ့ တောင်းဆိုမှု လိုအပ်ချက်တွေ ရှိခဲ့တယ်လို့လည်း ပြောပါ တယ်။
“အလုပ်ခေါ်တာ သန့်ရှင်းရေး၊ အဝတ်လျှော်၊ မီးပူတိုက်ပေါ့ ။ ဒါပေမဲ့ ချက်တဲ့ပြုတ်တဲ့ အလုပ်လည်း ခိုင်းတယ်။ အိုတီ တနာရီ ငါးထောင်က၊ ကျွန်မတို့ နားလည်ထားတဲ့ သဘောတူညီချက်ပေါ့။ ည ၁၁ နာရီလောက်မှ ပြန်ခိုင်း တယ်။ လမ်းစာရိတ်အပါ ငါးထောင်ပဲ ပေးတယ်။ ပြောပြလည်း မရခဲ့ဘူး” လို့ ပြောပါတယ်။
မမြမြအေးအတွက် ပထမဆုံး အိမ်အကူဘဝမှာ အဆိုးအဝါးဆုံး အဖြစ်အပျက်ကို ကြုံ ခဲ့ရတယ်လို့ ဆိုပါတယ်။
“ငယ်ငယ်ကတည်းက စားရင် အေးဆေးစားမယ်၊ အိပ်ရင် စိတ်ချလက်ချ ကောင်းကောင်းအိပ်မယ် ဆိုပြီးနေခဲ့တာ၊ အဲဒီ အိမ်မှာတော့ မဖြစ်ခဲ့ပါဘူး” လို့ ပြောပါတယ်။
နေလည်စာ နောက်ကျမှ စားရတာ ၊ စားတဲ့ နေရာထိုင်ခင်း မကောင်းတာနဲ့ အစားအသောက်ကို ဖြစ်သလို ကျွေးမွေးတာတွေကို မမြမြအေးတို့ ကြုံခဲ့ရတာပါ။
“ဒါတွေအတွက် စောဒက မတက်ခဲ့ပါဘူး။ စိတ်မကောင်းတော့ ဖြစ်ခဲ့ရတယ်” လို့ ပြောပါတယ်။
ပထမ အိမ်အကူအတွေ့အကြုံ ငါးလ အကြာမှာ အချိန်ပိုနဲ့ ကားစရိတ် ကိစ္စဖြစ်ပွားအပြီး မမြမြအေးတို့ နှစ်ယောက် အလုပ်ကနေ နုတ်ထွက်ခဲ့ပါတယ်။
“ကိုယ့်ကို ဆက်သွယ်ပေးတဲ့ သူတွေကို အကျိုးကြောင်းပြောပြပြီး ထွက်ခဲ့တာပါ။ ဒီလို သေချာပြောပြလို့ ထင်ပါ တယ်။ နောက်အလုပ်ရှာတာ မခက်ခဲတော့ဘူး” လို့ မမြမြအေးက ပြောပါတယ်။
ဒုတိယ အိမ်အကူ အလုပ်မှာ ၄ နှစ်ကျော်ကြာ
ဒုတိယ အိမ်အကူအလုပ်မှာတော့ ၄ နှစ်ကျော် ကြာမြင့်ခဲ့ပါတယ်။
မမြမြအေး အင်တာဗျူးဝင်၊ နှစ်ရက် အစမ်းခန့်ပြီး၊ အမြဲတမ်းဝန်ထမ်း ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ရတဲ့ လုပ်ခလစာက အဲဒီကာလကဆိုရင် မြင့်မားတဲ့ လုပ်ခလစာဖြစ်ခဲ့တယ်လို့လည်း ပြောပါတယ်။
ဒုတိယ အိမ်ရှင်ကြောင့်ပဲ သူ့ရဲ သိမ်ငယ်စိတ်ကို ဖျောက်ဖျက်နိုင်ခဲ့တယ်လို့ မမြမြအေးက ပြောပါတယ်။ မိသားစုသဖွယ်နွေးထွေးသလို ကိုဗစ်ကာလတလျှောက် ကောင်းမွန်စွာ ထောက်ပံ့ပေးခဲ့ပြီး လစာကို ခြောက်လတခါ တိုးမြှင့်ခဲ့တယ်လို့ ပြောပါတယ်။
“ ကျွန်မသားတွေ လုပ်ငန်းခွင် ပါလာရင်၊ သူ့သားတွေနဲ့ တွေ့ပေးတယ်။ ခေါ်ပြော လုပ်ပေးတယ်။” လို့ပြောပါတယ်။
မမြမြအေး အိမ်ရှင်က ကိုဗစ်ကာလမှာ ပြည်ပကို ပြန်သွားခဲ့ပေမဲ့ လစာမပြတ်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပြန်လာချိန်မှာတော့ မူရင်းလစာကနေ လေးသိန်းတိုးပေးခဲ့ပြီး သိပ်မကြာမီကာလမှာတော့ လေးသိန်းခွဲတိုး ပေးခဲ့ပြန်ပါတယ်။
ပြီးခဲ့ရက်ပိုင်းက မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာသွားပြီဖြစ်တဲ့ ဒုတိယ အိမ်ရှင်က မမြမြအေးအတွက် တခြား အိမ်ရှင် သုံးဦးနဲ့ ဆက်သွယ်ပေးခဲ့ပြီး၊ ၂ လအကြာမှာတော့ အချိန်ပြည့်လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ ပြောပြထား ပါတယ်။
အိမ်အကူလုပ်ငန်းအတွက် လိုအပ်ချက်
အိမ်အကူ အလုပ် လုပ်ကိုင်မယ်ဆိုရင် အဓိက အိမ်ရှင်နဲ့ ဆက်သွယ်တဲ့ ဘာသာစကား၊ လုပ်ကိုင်ရမဲ့ အလုပ် အမျိုးအစား၊ ရပိုင်ခွင့် စတာတွေကို မေးမြန်းသတ်မှတ်ထားဖို့ လိုအပ်တယ်လို့ မမြမြအေးက အကြံပြုပါတယ်။
“အဲလိုတွေ မေးမြန်းပြီး သတ်မှတ်ထားတယ်ဆိုရင် ပြဿနာ ကြီးကြီးမားမား မရှိနိုင်တော့ဘူး။ ကြုံဖူးတဲ့ အိမ်ရှင် တဦးက ဆိုရင် သူတို့ သုံးတဲ့ ရေခွက်၊ သောက်ရေ ကို သုံးတာမကြိုက်ဘူး။ ဒါတွေကို ကျွန်မတို့ကို ကြို မပြောထား တော့ မသိဘူး။ ဒါကြောင့် အိမ်ရှင် မကြိုက်တဲ့ အချက်တွေကိုလည်း မေးမြန်းထား သင့်တယ်။” လို့ ပြောပါတယ်။
အချိန်ပိုနဲ့တခြား ရပိုင်ခွင့်တွေကို သေချာ သဘောတူထားဖို့လိုပြီး အိမ်အကူတဦးအနေနဲ့ လုပ်ကိုင်ရမဲ့ အလုပ်တွေ ကို တိတိကျကျ လုပ်ကိုင်ပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
“အလုပ်ပြီးပြီ ဆိုပြီးလည်း ဒီတိုင်းမနေသင့်ဘူး။ မနက်ဖြန် လုပ်စရာတွေ လုပ်ထားတာမျိုး၊ မိသားစုသဖွယ် လုပ်ကိုင်ပေးရင်တော့ ။ အိမ်ရှင်တွေဘက်ကလည်း ကောင်းတဲ့ တုန့်ပြန်မှုရမယ်လို့ မြင်ပါတယ်။” လို့ ပြောပါတယ်။
အိမ်အကူတဦးအနေနဲ့ လုပ်ငန်းခွင်အတွင်း သည်းခံတယ်ဆိုတာ အတိုင်းအတာရှိသလို ရိုးသား၊ ကြိုးစားဖို့နဲ့ လုပ်ငန်းခွင်အပေါ် စိတ်ထားကောင်းဖို့ လိုအပ်တယ်လည်း မမြမြအေးက ပြောပါတယ်။ တတ်စွမ်းသလောက် လုပ်ပေးပြီး တောင်ဆိုသင့်သလောက် တောင်းဆိုဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်းထားပါတယ်။
အိမ်အကူ လုပ်ငန်းကို စတင်လုပ်ကိုင်စဉ်က သိမ်ငယ်တဲ့ ခံစားချက်မျိုး ရှိခဲ့ပေမဲ့ လက်ရှိမှာ မိသားစုဝင်တွေပါ ဒီစိတ်ကို ဖျောက်နိုင်ပြီ လို့လည်း မမြမြအေးက ပြောပါတယ်။
“အပြင် စက်ရုံအလုပ်ရုံတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတဦးလို အခု ခံစားရပါတယ်။ ဒါပေမဲ့ ကျွန်မလို အိမ်ကူအတိုင်း ခံစားနေရမယ်လို့တော့ မထင်ပါဘူး။” လို့ ပြောပါတယ်။
မမြမြအေး အိမ်အကူလုပ်ကိုင်စဉ် အလုပ် ပိတ်ရက်၊ အများပြည်သူ အလုပ်ပိတ်ရက် စတဲ့ ပိတ်ရက်တွေ ခံစားရတဲ့ အပြင် ငွေကြေးအကျိုးခံစားခွင့်ပါ ရရှိခဲ့တယ်လို့ ပြောပါတယ်။
“ကျွန်မ မြန်မာအိမ်ရှင်တွေနဲ့တော့ မကြုံဘူးပါဘူး။ ဆိုးတယ်ဆိုတဲ့ နိုင်ငံခြားသား အိမ်ရှင်လည်း မတွေ့ဘူးပါဘူး။ လက်ရှိ ကျွန်မ အိမ်ရှင်သုံးဦး အတွေ့အကြုံအရ အပြင်က ဝန်ထမ်းတယောက်လိုပဲ ခံစားရပါတယ်။ မြန်မာနိုင်ငံ က အိမ်အကူတွေကိုလည်း အပြင်က အလုပ်သမားတွေလို ခံစားခွင့် ပေးဖို့ လိုပါတယ်။ ” လို့ ပြောပါတယ်။
မြန်မာအိမ်အကူတွေအနေနဲ့လည်း လုပ်ငန်းနဲ့ ပတ်သက်တာတွေ ၊ အိမ်ရှင်ရဲ့ သဘောသဘာဝကို လေ့လာပြီး လုပ်ငန်းခွင် ကျွမ်းကျင်မှုကို အဆင့်မြှင့်တင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ကျွမ်းကျင်တဲ့ အိမ်အကူလုပ်သားတွေ
မမြမြအေးက အိမ်အကူ လုပ်သက် ၅ နှစ်ပြည့်တော့မှ အိမ်အကူလုပ်ငန်းမှာ ကျွမ်းကျင်သူ ဖြစ်နေပြီလို့ ဆိုပါတယ်။ အိမ်အကူလုပ်ငန်းစတင် လုပ်ကိုင်စဉ် ဒေါ်လာ ၃၀၀ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေရရှိခဲ့ပြီး လက်ရှိမှာ ဒေါ်လာ ၁၅၀ နဲ့ အချိန်ပြည့် လုပ်ကိုင်ဖို့ သဘောတူထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
၄ နှစ်ကျော် လုပ်ကိုင်ခဲ့တဲ့ ဒုတိယမြောက်အိမ်ရှင်က မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာသွားအပြီး ဆုကြေးငွေ တွေ အပြင် နှစ်လစာလုပ်ခ လစာ ခံစားခွင့် ပြုခဲ့တယ်လို့လည်း သိရပါတယ်။
အိမ်ရှင်တွေအနေနဲ့ ဖြစ်ချင်တာ၊ လုပ်ပေးစေချင်တာကို ပွင့်ပွင့်လင်းပြောဆိုပြီး ပေးသင့်တာကိုလည်း ပေးဖို့ လိုတယ်လို့ မမြမြအေးက ပြောပါတယ်။ ငယ်ဘဝကနေ လက်ရှိ အိမ်အကူ လုပ်ကိုင်နေတဲ့ အထိ အတွေ့အကြုံ တွေအရ အိမ်အကူတွေအတွက် ဥပဒေအကာကွယ်တွေ လိုအပ်သလို ရပိုင်ခွင့်တွေလည်း ပေးဖို့လိုတယ်လို့ သူမအတွေ့အကြုံတွေကို ပြန်လည် ပြောဆိုထားပါတယ်။