မမိုးကြီး ။ အထည်ချုပ်စက်ရုံထဲမှာ ခေါ်တဲ့ အမည်ပါ။
စက်ရုံထဲက အထည်ချုပ်အလုပ်သမားတွေထဲမှာ လုပ်ကိုင်သူထဲမှာတော့ သူက အသက်အကြီးဆုံးပါ။ ဖောင်းကားနေတဲ့ မျက်နှာပိုင်ရှင် မမိုးကြီးက ခန္ဓာကိုယ်က ဝဝနဲ့မို့ အရပ်ပုသယောင် ရှိပါတယ်။
မြစ်ဝကျွန်းပေါ်သူ အသားဖြူပြီး ချည်ဘောင်းဘီ အတို ဝတ်ထား လို့ ခြေသလုံးနဲ့ ခြေဖဝါးတွေ ထင်ထင်ရှားရှားတွေ့ရ ပါတယ်။
“ထိုင်ချုပ်ရတာ အချိန်ကြာတော့ ဒူးတွေကိုက်တယ် ” ဆိုပြီး ဒူးဖုံးနေတဲ့ ဘောင်းဘီကို အနည်းငယ် မ လိုက်ပါတယ်။
ဒူးအနည်းငယ် ရောင်နေတာကို ပြပြီး “ကန်တော့ နော်” ဆိုပြီး မမိုးကြီး အခန်းအတွင်း ထိုင်ချလိုက်ပါတယ်။
အခန်းငယ်လို့ ပြောတဲ့ လှိုင်သာယာမြို့နယ်ထဲက အဆောင်တဆောင်မှာ မမိုးကြီးတို့ နေတာပါ။
အခန်းဝင်ပေါက်နဲ့ ပြူတင်းပေါက် တပေါက်သာပါတဲ့ ဒီအခန်းကျဉ်းမှာဘဲ မိသားစု လေးယောက် နေထိုင်ကြ ပါတယ်။
ဝင်ပေါက်ကလွဲ အိမ်ထောင်ပစ္စည်းတွေနဲ့ ပြည့်နေတဲ့ ဒီအခန်းထဲကို မမိုးကြီးတို့ ရောက်လာ သုံးနှစ် ပြည့်ပါတော့မယ်။
ဆောက်လုပ်ရေး လုပ်သား အမျိုးသားဖြစ်သူ အလုပ်အကိုင်တွေ မဖြစ်တော့ဘဲ ဝင်ငွေ နည်းလာလို့ မမိုးကြီး ဒီအထည်ချုပ်လုပ်ငန်းမှာ ဝင်လုပ်ခဲ့တာပါ။
“ ဟို အာဏာမသိမ်းခင်ကဆို အချိန်ပိုဆင်းရမယ်ဆိုရင် ၁၅ မိနစ် အနားပေးခဲ့တာ၊ အခု အဲလို မဟုတ်တော့ဘူး” ဆိုပြီး အနည်းငယ်ရောင်ရမ်းနေတဲ့ သူမရဲ့ ဒူးကို ပရုပ်ဆီလူးပြီး ပြောပြပါတယ်။
အခုနှစ်ထဲမှာတော့လို ဒူးနာ ဒူးရောင်တွေ မမိုးကြီး မကြာခဏ ခံစားနေရတာပါ။ လက်ရှိ အထည်ချုပ်လုပ်ငန်း တွေ အချိန်ပို အလွန်အကျွံခေါ် ခိုင်းစေတာမှုတွေရဲ့ နောက်ကွယ်က ဥပဒေ ချိုးဖောက်ခံရတဲ့ မမိုးကြီးလို့ အလုပ်သမားတွေ ခံစားနေရတဲ့ ရုပ်ပိုင်းဆိုင် ဝေဒနာတခုဖြစ်ပါတယ်။
အထည်ချုပ်ကဏ္ဍမှာ လုပ်သား ၄၅၀၀၀၀ ကျော်လုပ်ကိုင်နေပြီး အဲဒီထဲက ၉၀ ရာခိုင်းနှုန်းက မမိုးကြီးလို့ အမျိုးသမီးတွေ ဖြစ်တယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက ၂၀၂၃ ခုနှစ်မှာ ပြောဆိုပါတယ်။
အလုပ်သမားတွေကို သတ်မှတ် တဆက်တည်း အလုပ်ချိန်ထက် ကျော်လွန်ခိုင်းစေခြင်းမပြုရ ဆိုပြီး မြန်မာနိုင်ငံ ရဲ့ ဥပဒေမှာလည်း အကွာအကွယ်ပေးထား ပါတယ်။
“အလုပ်ရုံရှိ လူကြီးအလုပ်သမားများ၏ ရက်အသီးသီးတွင် အလုပ်လုပ်သည့် ကာလအပိုင်းအခြားများကို သတ်မှတ်ရာ၌ မည်သည့်ကာလ အပိုင်းအခြားမျှ ငါးနာရီထက်မပိုစေရ။ ထို့အပြင် မည်သည့်အလုပ်သမားကိုမျှ အနည်းဆုံး နာရီဝတ်နားစေရန် အားလပ်ချိန်မရသေးမီ ငါးနာရီ ထက် ပို၍ တစ်ဆက်တည်း အလုပ် မလုပ်စေရ။” ဆိုတဲ့ စကားရပ်နဲ့ ၁၉၅၁ ခုနှစ် အလုပ်ရုံအက် ဥပဒေ( ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက်မှာ ပြင်ဆင်) ရဲ့ အခန်း ၇ ၊ (လူကြီးများ အလုပ်လုပ်ချိန် နာရီများ) ပုဒ်မ ၆၃ မှာ ပြဌာန်းထားပါတယ်။
မတ်လကုန်ပိုင်းကတည်းက စတင်ခဲ့တဲ့ အချိန်ပို အလွန်အကျွံခို င်းစေမှုတွေက လက်ရှိမှာတော့ တိုင်ကြားမှု အများဆုံး နံပတ် ၁ အနေနဲ့ရှိနေပြီး တဆက်တည်း အလုပ်ချိန် ၅ နာရီထက်ပိုပြီး ခိုင်းစေမှုတွေကပါ တနွယ်ငင် တစင်ပါ ဆိုသလို အလုပ်သမားတွေ ချိုးဖောက်ခံနေရတာပါ။
“ဒီဥပဒေက အရေးကြီးပါတယ်။ အချိန်ပိုဆိုတဲ့ တိုင်ကြားမှုဆိုရင် ဒီ အလုပ်ချိန်တဆက်တည်း ခိုင်းတယ်ဆိုတဲ့ဟာ က ကျန်ကျန် နေရစ်တယ်။ စစ်ဆေးရင်လည်း စက်ရုံက သူတို့လည်းအလုပ်သမားတွေကိုပဲ သဘောဆန္ဒနဲ့ပဲ အချိန်ပို အလုပ်ဆင်းဆိုပြီး ဖြေခိုင်းတယ်။ ဥပဒေမှာ လုပ်ခိုင်းလို့ မရဘူးလို့ ပြဌာန်းထားလို့ အလုပ်သမားတွေရဲ့ သဘောဆန္ဒရှိနေလည်း အလုပ်ရှင်က ခိုင်းလို့မရဘူး” လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် တဦးက ပြောပါတယ်။
အလုပ်သမားတွေ ထုတ်ကုန်အပေါ် အာရုံ စူးစိုက်နိုင်ဖို့၊ အလုပ်ကြောင့် ခန္ဓာကိုယ်ဝန်မပိစေဖို့ နဲ့ အာဟာရ ဖြည့်တင်းဖို့ လိုအပ်တာကြောင့်လည်း အလုပ်အချိန်တဆက်တည်း ငါးနာရီလုပ်ကိုင်ပြီးပါက မိနစ် ၃၀ အနားပေးဖို့ ကို ဥပဒေနောက်ဆက်တွဲ အဖြစ် ပြဌာန်းထားတယ် လို့ IWFM ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်က ဆက်ပြော ပါတယ်။
Myanmar Labour News မှာ ဇူလိုင်လအတွင်း အလုပ်သမားတွေအပေါ်ချိုးဖောက်မှုရှိ စက်ရုံ ၃၀ ရဲ့ သတင်းတွေ ဖော်ပြထားရာမှာ အနားမပေးဘဲ တဆက်တည်း အလုပ်ချိန် ၅ နာရီထက် ကျော်လွန်ပြီး ခိုင်းစေတဲ့ စက်ရုံ ၁၄ ရုံ အထိ ရှိနေတာကို တွေ့ရှိရပါတယ်။
ဒါက အထည်ချုပ် စက်ရုံ ၃၀ မှာ တဝက်နီးပါက အနားမပေးဘဲ တဆက် တည်း ခိုင်းစေမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံ ၅၃၀ ကျော် လည်ပတ်နေပြီး တခြားလုပ်သားအင်အားအများအပြား လုပ်ကိုင်နေတဲ့ အရုပ်စက်ရုံ၊ ဖိနပ်စက်ရုံ၊ အိပ်ချုပ်စက်ရုံနဲ့ ပရိဘောဂ စက်ရုံတွေလည်း ရှိနေပါတယ်။
ဒီထဲက အထည်ချုပ် စက်ရုံအများစုက အချိန်ပိုကို အနည်းဆုံး နေ့စဉ် ၂ နာရီ အများဆုံး ၄ နာရီ အထိ ခိုင်းစေနေတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူတွေက ပြောပါတယ်။
“စက်ရုံအများစုက ည ၈ နာရီအထိ လုပ်ခိုင်းနေတယ်။ တချို့တွေကတော့ ဒီထက် ပိုတယ်၊ ည ၁၀ နာရီ၊ အောနိုက်၊ အောင်လင်း အဲလို ချုပ်ခိုင်းတာ” လို့ IWFM ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်က ပြောပါတယ်။
လက်ရှိ အထည်ချုပ်လုပ်ငန်းတွေမှာ နေ့လည်ထမင်းစားပြီးကတည်းက အချိန်ပို ပြီးစီးတဲ့ အထိ အနားမပေးဘဲ လုပ်ကိုင်ခိုင်းတာမို့ စက်ရုံအလုပ်သမားတွေက တဆက်တည်း လုပ်အချိန် အနည်းဆုံး ၆ နာရီကနေ ၈ နာရီအထိ လုပ်ကိုင်ပေးနေရတာ ဖြစ်ပါတယ်။
“ကျွန်မတို့လည်း အလုပ်လုပ်ရလွန်းလို့ သေတော့မယ်” ဆိုပြီး ရန်ကုန်မြို့ ၊ လှည်းကူးမြို့နယ်က အထည်ချုပ် စက်ရုံမှာလုပ်ကိုင်နေတဲ့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
ပုံမှန် အလုပ်ချိန်ထက် အချိန်ပို ၃ နာရီ နေ့စဉ်လုပ်ကိုင်နေရလို့ သူမတို့လို အလုပ်သမားတွေက တဆက်တည်း ၇ နာရီကျော်လုပ်ကိုင်နေရပေမဲ့ စက်ရုံဘက်က မိနစ်အနည်းငယ် အနားပေးတာမျိုးမရှိဘူးလို့ အဲ့ဒီ အမျိုးသမီးက ဆက်ပြောပါတယ်။
“နည်းနည်းတောင် မနားရဘူး။ မုန့်ကျွေး ဘာကျွေးလည်း မရှိဘူး။ လူလည်း ပင်ပန်းတယ်၊ စိတ် သောကလည်း များပါတယ်။” လို့ သူမက ဆက်ပြောပါတယ်။
သူက စိတ်သောကများရတာက အချိန်ပို လုပ်ကိုင်ဖို့အတွက် ငြင်းဆိုလို့ ဖြစ်တယ်ဆိုပြီးပြောပါတယ်။
ဒီလို အချိန်ပိုကို အနားမပေးဘဲ တဆက်တည်းခိုင်းစေတာတွေက အရင် အရပ်သားအစိုးရလက်ထက်မှု မရှိခဲ့ဘဲ စစ်အာဏာသိမ်းအပြီးမှာ စက်ရုံတွေဘက်က လုပ်ဆောင်လာတာလို့ မမိုးကြီးက ပြောပြပါတယ်။
“အရင်တုန်းကဆို အနားမပေးဘူးဆိုရင်တောင်၊ ၁၀ မိနစ်၊ ၁၅ မိနစ် အနားရသေးတယ်။ အဲလို မနားရတာက နှစ်ပေါက်နေပါပြီ” လို့ ပြောပါတယ်။
စက်ရုံရဲ့ လုပ်ငန်းခွင် အခြေအနေတွေ မကောင်းတာနဲ့ လုပ်ကိုင်ရတဲ့ အမျိုးအစားတွေကြောင့်လည်း အချိန် ကြာမြင့်စွာ လုပ်ကိုင်ရတိုင်း အလုပ်သမားတွေမှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
“စက်ချုပ်ပဲ ဖြစ်ဖြစ်၊ စက်ချုပ်မဟုတ်တဲ့၊ ပတ်ကင်တို့ ၊ ကျူစီ တို့လိုအလုပ်တွေလည်း အလုပ်ချိန်တွေ များရင် ထိခိုက်တာပဲ၊ စက်ရုံက ပန်ကာတွေဆို ကောင်းအောင် လုပ်မထားဘူး။ ခေါင်မိုးအရမ်းနိမ့်တာတွေဆို အပူဒဏ် တွေနဲ့ အချိန်အကြာကြီးလုပ်ရတယ်၊ အထည်စစ်တာမျိုးဆိုလည်း ထိုင်လုပ်လို့ မရဘူး။ ထိုင်ခွင့်လည်း မရဘူး။ တချို့ ကျူစီတွေဆို ခြေတောက်တွေ ရောင်လို့” လို့ ပြောပါတယ်။
အထည်ချုပ်လုပ်ငန်းတွေမှာ ပတ်ကင်(ထုတ်ပိုး)၊ ကျူစီ(အထည်စစ်) ဌာနတွေကို Finishing လို့ခေါ်တဲ့အပြီးသတ် လုပ်ငန်းဖြစ်လို့ အချိန်ပို အများဆုံးလုပ်ကိုင်ရတဲ့ ဌာနတွေ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဌာနတွေက အလုပ်သမားတွေ ရုတ်တရက် ကျန်းမာရေး အခြေအနေတွေ ဖြစ်ပေါ်လာပါက နေအိမ်ပြန်ခွင့်မရပေးတာ၊ ဖျားနာပါက ခွင့်မရတာတွေပါ ကြုံတွေ့ရနေတယ်လို့ ကျူစီအလုပ် လုပ်ကိုင်နေသူ အမျိုးသမီးတဦးက ပြောပါတယ်။
“တဆက်တည်းလုပ်ရလို့ ဖြစ်ဖြစ်၊ အချိန်ပိုအများကြီးလုပ်ရလို့ ဖြစ်ဖြစ်၊ ဘယ်လိုကြောင့်ဖြစ်ဖြစ်၊ တခုခုဆို ခွင့်ကို မပေးတာ။ ပြန်လို့လည်း မရဘူး၊ အဲလိုတွေ မရရင်တော့ လစာဖြတ်၊ ရက်မှန်ကြေးဖြုတ်၊ အလုပ်သမားတွေပဲ နစ်နာနေတာ” လို့ ပြောပါတယ်။
အလုပ်ချိန် ကြာမြင့်အောင်လုပ်ကိုင်ရလို့ အလုပ်အပေါ် အာရုံစိုက်နိုင်မှု ကျဆင်းပြီး အလုပ်နဲ့ ဆက်စပ်တဲ့ ကိရိယာ တွေနဲ့ ထိခိုက်တာတွေလည်း ရှိတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူ မမာမာအေး(အမည်လွှဲ) က ပြောပါတယ်။
“လိုင်းထဲက စက်ချုပ်တွေကြတော့ အိပ်ငိုက်မိပြီး လက် စက်ထဲပါသွားတာတို့၊ အပ် ဖေါက်မိတာတို့၊ ကြယ်သီး ရိုက်မိတာတွေ ဖြစ်ကြတာ ခဏခဏ ပါပဲ “ လို့ ပြောပါတယ်။
ဒီလို တဆက်တည်းလုပ်ကိုင်ရတဲ့ အပြင် ညပိုင်း အချိန်ပို လုပ်ကိုင်ရပြီးနောက် အလုပ်သမားတွေ မနက် အလုပ်ချိန် နောက်ကျလို့ ငွေကြေး ဖြတ်တောက်ခံရတာ နဲ့ အရှက်ခွဲခံရတာတွေလည်း ဖြစ်ပွားနေတယ်လို့ IWFM ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်က ပြောပါတယ်။
“ အလုပ်သမားတွေက အိမ်ပြန်မှ ရေချိုး၊ ထမင်းချက်စားတာတွေ လုပ်ရတယ်။ ဘယ်လို ဖြစ်ဖြစ် အိပ်ချိန် နားချိန်ကနည်းပြီ။ အလုပ်ချိန် နောက်ကျတော့လည်း လုပ်ခလစာ ဖြတ်ကြတယ်။ ဒဏ်ကြေးပေးရတယ်။ ကြော်ငြာဘုတ်မှာ အမည်ရေးပြီး အရှက်ခွဲခံရတာ” လို့ ပြောပါတယ်။
နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေတွေအပေါ် စက်ရုံများ အမြတ်ထုတ်
ပြီးခဲတဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံ အရှေ့မြောက်ဘက်က ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ နိုင်ငံ အလယ်ပိုင်း ပဲခူးတိုင်း အရှေ့ဘက်တွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပြင်းတန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီကတည်းက ရန်ကုန်မြို့မှာ ပေါ်တာဆွဲတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင်ညနေအလုပ်ပြန်တဲ့ အလုပ်သမားတွေ ဖမ်းဆီးစစ်ဆေးခံရတာတွေ ရှိ့လို့ အလုပ်သမားတွေက အချိန်ပိုကို ညနက်အထိ လုပ်ကိုင်ရမှာကို စိုးရိမ်ကြတာ ဖြစ်ပါတယ်။
“ဖမ်းဆီးခံရတာတွေ၊ စစ်မေးခံရတာတွေက တကယ်ရှိတယ်။ အလုပ်သမားတွေက ညနက်ရင် ဒါတွေကြုံရမှာကို စိုးရိမ်ကြတယ်” လို့ အလုပ်သမားအရေးဆောင်ရွက်နေတသူ မမာမာအေး(အမည်လွှဲ) က ပြောပါတယ်။
ဒီလို လုံခြုံရေး အခြေအနေတွေကြောင့်ပဲ အလုပ်ချိန်တဆက်တည်း လုပ်ကိုင်နေရတာဖြစ်တယ်လို့လည်း လိုင်းစူပါ (ကြီးကြပ်ရေးမှူး) တဦးက ပြောပါတယ်။ ဒါပေမဲ့ စက်ရုံဘက်က ဒီလုံခြုံရေး အခြေအနေတွေကို အသုံးချနေတာလို့ အဲ့ဒီ ကြီးကြပ်ရေးမှူးက ပြောပါတယ်။
“အဲလို အနားမရတာ ကိုဗစ်တွေ ပြန်ဖွင့်ကတည်းပဲ။ အခု ပေါ်တာဆွဲ၊ စစ်သားစုဆောင်းဆိုတော့ သိပ်ပြီး မိုးချုပ်အောင် အလုပ်သမားတွေက မလုပ်ချင်ကြဘူး။ အနားလည်း မပေးတော့ဘူး ၊ ဒါကိုပဲ စက်ရုံဘက်က အသုံးချနေတာ” လို့ ပြောပါတယ်။
ဒါ့အပြင် ညနက်အထိ အချိန်ပိုတွေ လုပ်ကိုင်အပြီး နေအိမ်ပြန်ခွင့်မရဘဲ လုံခြုံရေးအကြောင်းပြချက်နဲ့ပဲ စက်ရုံမှာ ဖြစ်သလို အိပ်နေရတာလို့ အလုပ်သမားတွေက ပြောပါတယ်။
တဆက်တည်း ၅ နာရီကျော် လုပ်ကိုင်နေရတဲ့ အခြေအနေတွေကို စက်ရုံဘက်က နာရီဝက်အနားပေးမယ်ဆိုတဲ့ ညှိနှိုင်းမှုတွေ ရှိခဲ့တယ်လို့ စက်လိုင်း ကြီးကြပ်ရေးမှူး အမျိုးသမီးတဦးက အခုလို ပြောပါတယ်။
“သတင်းတွေမှာ ရေးတော့ ၊ စက်ရုံက နာရီဝက် ပေးနားမယ်ဆိုပြီး လုပ်လာတယ်။ ဒါပေမဲ့ ခြောက်နာရီ ခွဲ၊၇ ခွဲ၊ ၈ ခွဲ အထိ အဲလိုတွေ လုပ်ရမယ်လို့ ပြောတယ်။ ဒါကိုတော့ ကျွန်မလည်း လက်မခံဘူး။ စက်ရုံဘက်ကို သူတို့ အလုပ်ချိန်ထဲကနေ နားချိန်မပေးချင်တာ။ ကြိုပိုနဲ့ ပြန်ရလား အိမ်ရှေ့အရောက်ပို့တာမဟုတ်ဘူး။” လို့ ပြောပါ တယ်။
စံချိန်တောင်းလို့ နားချိန်မရ
လွန်ခဲ့ ၃ နှစ်က အထည်ချုပ်စက်ရုံတွေကို ချုပ်လုပ်ပေးရတဲ့ တနာရီပြီးစီးရမဲ့ အထည်အရည်အတွက်(စံချိန်)၂၅ ထည်ဝန်းကျင်ပဲ ချုပ်ခဲ့ရတယ်လို့ အဲဒီကြီးကြပ်ရေးမှူးက ပြောပါတယ်။
လက်ရှိ ချုပ်ပေးနေရတဲ့ အထည်စံချိန် ကတော့ ၃၅ ထည် ဖြစ်လို့ အနည်းဆုံး ၃ ပုံတပုံ အထိ ပိုချုပ်ပေးနေရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် လုပ်ငန်းပြီးရမဲ့ ရက်ကို စက်ရုံဘက်က သတ်မှတ်ထားလို့ တနင်္ဂနွေနေ့တွေပါ ချုပ်ပေးနေရတယ်လို့ အလုပ်သမား တွေက ပြောပါတယ်။
“စံချိန်က အရင် ၂၅ ထည်ပဲ၊ အခု ၃၅ ထည်တောင်းတယ်၊ အဲ့တော့ ထမင်းမစား၊ ရေမသောက် နဲ့ ချုပ်နေရတယ်။ တနင်္ဂနွေတောင် အနားမရတာ၊ နားချိန်ရရင်တောင် နားလို့ရ၊ မရ စဉ်းစားကြည့်ပါ ” လို့ အဲ့ဒီ ကြီးကြပ်ရေးမှူးက ပြောဆိုပါတယ်။
စက်ရုံဘက်က အလုပ်ချိန်ထဲကနေ နားချိန်ကို ထုတ်နုတ်မပေးလိုတာကြောင့် နားဖို့ နာရီဝက် ရခဲ့မယ်ဆိုလည်း အလုပ်ဆင်းချိန် နောက်ကျမဲ့ သဘောမျိုး ဖြစ်နေတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။
ဒါ့အပြင် တောင်း တဲ့ အထည်စံချိန်တွေ မပြီးပါက အဲလို နားချိန်ရလည်း အနားယူခွင့်မရ နိုင်ဘူးလို့ ပြောပါတယ်။
“ စံချိန်မပြည့်ရင် ဖိအားများတယ်၊ ဆဲဆိုခံရတယ်။ ဒါတွေ မကြုံချင်ကြဘူး။ ပြောမယ်ဆို ထမင်းစားချိန်တွေ တောင် လျှော့ခံနေရတာ။ အချိန်ပိုအတွက် သပ်သပ်ပေးနားမယ်ဆိုရင်တောင် အထည်စံချိန်မပြည့်ရင် ဆက် ချုပ်နေရမှာ၊ အနားချိန်ကြောင့် အိမ်အပြန်ကို ထပ်နောက်မကျချင်တော့ဘူး” လို့ ပြောပါတယ်။
အာရုံစူးစိုက်မှုနည်းလာရင် ထုတ်ကုန်အရည်သွေး ထိခိုက်
အလုပ်သမားတွေက လုပ်ငန်းခွင်ထဲမှာ တဆက်တည်း အလုပ်ချိန်တွေ လုပ်ကိုင်ရတာနဲ့ အချိန်ပို အလွန်အကျွံ လုပ်ကိုင်ရတာတွေက ထုတ်ကုန်တွေ ထိခိုက်လာနိုင်တယ်လို့ IWFM ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်က ပြောပါတယ်။
“ အနားမရဘဲ အလုပ်ချိန်တဆက်တည်း ဖြစ်ဖြစ်၊ အချိန်ပိုတွေ အများအပြားလုပ်ကိုင်ရတာပဲ ဖြစ်ဖြစ် အလုပ်သမားတွေမှာ ကျန်းမာရေး အခြေအနေတွေ၊ အာရုံ စူးစိုက်နိုင်စွမ်းတွေ ကျဆင်းလာတယ်။ ဒီလို ဖြစ်တာနဲ့ ထုတ်ကုန််အရည်အသွေးပါ ကျတာပါ။ “ လို့ ပြောပါတယ်။
ထုတ်ကုန်အရေအသွေးကျဆင်းပါကလည်း စက်ရုံဘက်က အထည်ချုပ်လုပ်သားတွေကို စိတ်ရော၊ ကိုယ်ပါ အကြမ်းဖက်မှုတွေ ရှိနေတယ်လို့ ဆက်ပြောပါတယ်။ ဒီလို အကြမ်းဖက်မှုတွေကို ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့သူ စက်လိုင်း ကြီးကြပ်ရေးမှူးက သူမရဲ့ အတွေ့အကြုံကို အခုလို ပြောပါတယ်။
“ တနာရီမှာ အထည်က ၂၈ ထည်ပဲ ဖြစ်သွားတယ်။ အဲလိုနဲ့ မန်နေဂျာက ချုပ်နေတဲ့ ကလေးတွေရှေ့မှာ မဆဲယုံ တမယ် ကျွန်မနဲ့ လိုင်းသားတွေကို ပြောဆိုတယ်။ ကျွန်မလည်း ငိုခဲ့ရတယ်။ ကလေးတွေလည်း စိတ်မကောင်း ဖြစ်ရတယ်။ ဒါနဲ့ပဲ ထွက်စာ တင်လိုက်တယ်” လို့ ပြောဆိုပါတယ်။
ဥပဒေရှိပေမဲ့ ဘာကြောင့် အကျိုးခံစားခွင့် မရတာလဲ
လက်ရှိနိုင်ငံအတွင်း အလုပ်သမားအရေးဆောင်ရွက်သူတွေကို ဖိနှိပ်ထားတာနဲ့ တိုင်းကြားမှုတွေကို စိစစ် ကြပ်မတ်မှု အားနည်းတာတွေကြောင့် ဥပဒေချိုးဖောက်မှုတွေ များနေတာ ဖြစ်နေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
“ပြည်တွင်းမှာ အလုပ်သမားတွေ အကူညီတောင်းနိုင်တဲ့ နည်းလမ်းတွေလည်း နည်းတယ်၊ တိုင်ကြားလည်း လာစစ်ရင် စက်ရုံဘက်ထုတ်ပေးတဲ့ အလုပ်သမားသမားကိုပဲ ဖြေခိုင်းတယ်၊ နောက် လာဘ်ပေးလာဘ်ယူမှုတွေ လည်း ရှိတယ်။ ဒါတွေက အမှုမှန်ပေါ်ဖို့ အတားအဆီးတွေပါပဲ” လို့ IWFM ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် က ပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာနက အရာရှိတချို့ လာရောက်စစ်ဆေးမယ်ဆိုတာ စက်ရုံတွေဘက်က သေချာသိထားပြီး အဲ့ဒီအတွက် အလုပ်သမားတချို့ကို ကြိုတင် သင်ကြား လိမ်လည် ဖြေကြားခိုင်းတယ်ဆိုပြီး တိုင်ကြားတာတွေ လည်း ရှိနေပါတယ်။
အမှုကိစ္စ ဖြေရှင်းရေးအတွက် အလုပ်သမားအရာရှိတွေက အလုပ်သမားတွေကို ရွေးချယ် စစ်ဆေး ခွင့်ရှိပေမဲ့ စက်ရုံဘက်က ရွေးထားတဲ့ အလုပ်သမားတွေကိုပဲ စစ်ဆေးတာကြောင့် မှန်ကန်တဲ့ စစ်ဆေးမှု တွေ ဖြစ်မလာဘူးလို့ ပြောဆိုထားပါတယ်။
အလုပ်သမားတဦးကတော့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေ နောက်ဆုံးရင်ဆိုင်ရဲ့ အခြေအနေတွေကို အခုလို ပြောဆိုထားပါတယ်။
“စက်ရုံက ပုံမှန် ၈ နာရီဆင်းတယ်။ ထမင်းစားပြီးကတည်းက ဆက်တိုက် လုပ်ရတာ။ တိုင်ကြတာပါပဲ ။ လာလည်း စစ်တယ်။ လာစစ်တဲ့ တရက်တည်း ၆ ခွဲ ဆင်းပေးတယ်။ နားချိန် မရဘူးနော်။ နောက်နေ့ကျ ပုံမှန်ည ၈ ခွဲပဲ။ အိမ်သာတွေလည်း မပြင်ပါဘူး။ တိုင်သူပဲ မောနေ တာပါ ” လို့ ပြောထားပါတယ်။