အမျိုးမျိုးသောလမ်းတွေမှာ ဆိုင်ကယ်တွေ ၊ ဈေးသည်တွေ၊ တွန်းလှည်းတွေ၊ အလုပ်သမားတွေ ပြည့်ကြပ်နေတဲ့ ဖယ်ရီကားတွေ၊ ခရီးသည်တွေတင်ထားတဲ့ အများပြည်သူပို့ဆောင်ရေးယာဉ်လိုင်းတွေကလည်း မြည်သံစုံပေးရင်း တရွေ့ရွေ့သွားလာနေကြပါတယ်။
စက်မှုဇုန်တွေ ပတ်လည်ဝိုင်းထားတဲ့ လှိုင်သာယာမြို့မှာ နယ်ပေါင်းစုံက လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ လူသူအင်အားများပြားလှတာကြောင့် ကိုဗစ်ကပ်ရောဂါ ကာလမှာတောင် အသွားအလာက မပြတ်။
မနက်ခင်းဆိုလည်း အလုပ်သွားသူတွေနဲ့ ပြည့်နှက် စည်ကားနေတတ်သလို ညနေ ခင်းရောက်ပြီဆိုလည်း အလုပ်က ပြန်လာတဲ့ အလုပ်သမားထုကြီးဟာ လှိုင်သာယာမြို့ရဲ့ လမ်းမတွေထက်ကို ဖြန့်ကျက်နေရာယူထားလို့ အမြဲမပြတ် စည်းကားနေတတ်ပါတယ်။
ရွှေပြည်သာတံတားအဆင်းကနေ လှိုင်သာယာဘက်ခြမ်းကိုဆင်းပြီးရင် ဘယ်ဘက်ကို ချိုးပြီး၊ တလမ်းဝင်တလမ်းထွက် ဝင်ရောက်သွားတဲ့ အခါမှာ တော့ရွှေလင်ဗန်းစက်မှုဇုန်ထဲကို ရောက်သွားပါတယ်။
စက်ရုံ၊ အလုပ်ရုံတွေ အစီအရီ ရှိတဲ့ ခြံအကျယ်ကြီးတွေတွေဘေးမှာ ကျောတခင်းသာသာ ကျယ်တဲ့ အိမ်အသေးလေးတွေ ဟိုတစု သည် တစု လည်းတွေ့မြင်ရပါသေးတယ်။အဲ့ဒီမှာ ဆော့ကစားနေတဲ့ ကလေးကလဲ အရွယ်ပေါင်းစုံ။
ငါးပေပတ်လည် အိမ်အသေးလေးတွေတန်းစီနေတဲ့ လမ်းရဲ့ မျက်နှာချင်းဆိုင်မှာတော့ အထည်ချုပ်စက်ရုံတရုံရှိနေပြီး စက်ရုံရှေ့မှာ စုရုံးနေတဲ့ အလုပ်သမား အင်အား ရာဂဏန်းလောက် ကို တွေ့လိုက်ရပါတယ်။
ကိုယ်စီ ထမင်းချိုင့်ထည့်ထားတဲ့ ဆွဲခြင်းလေးတွေကိုင်ထားတဲ့ အလုပ်သမတွေ ဟာ ခြံစည်းရိုးဘေးမှာ မတ်တပ်တဖုံ၊ ထိုင်လို့တမျိုး တစုံတခုကို စောင့်မျှော်လျှက်ရှိနေပါတယ်။
အရောင်အသွေးကအစုံ၊ အရပ်က ၅ ပေ ၃ လက်မ ဝန်းကျင်နဲ့ မတိမ်းမယိမ်း၊ ခန္ဓာကိုယ် အမျိုးအစားက သိပ်မဝလွန်း၊ မပိန်လွန်းတဲ့ ကျစ်ကျစ်လျစ်လျစ်လေးတွေ။
တော်တော်များများက တော့ အသားအရေက ခပ်လတ်လတ် ၊ အနက်ရောင် ဆံပင်ကို စည်းကာတမျိုး၊အရောင်ဆိုးထားတဲ့ ခပ်တိုတိုဆံပင် ဂုတ်ဝဲလေးတွေနဲ့ က ချစ်စရာ၊ ကျစ်စာမြီး ပုံစံမျိုး လေးတွေ တွဲလောင်းချထားတဲ့ မြန်မာဆန်တဲ့ အလှတွေက လည်း ဖက်ရှင်မျိုးစုံနဲ့ ပါ။
အများအားဖြင့် ၁၆ နှစ်ကနေ ၃၀ အတွင်းသာရှိနေသေးတဲ့ လှသွေးကြွယ်နေတဲ့ မြန်မာအမျိုးသမီးတွေကို တစုတစည်းထဲမြင်ရတာက မြင်ရသူစိတ်ကို ကြည်နူးလန်းဆန်းစေပါတယ်။
တဖက်မှာလည်း ဆောင်းဘောက်တွေနဲ့ အားမန်ပြည့်ဝတွေတဲ့ သီချင်းအမျိုးအစားတမျိုးကို ဖွင့်ထားပြီး တစုံတခုကို မရမချင်းနောက်မဆုတ်တော့မယ့် ပုံစံနဲ့ အမျိုးသားအလုပ်သမားတွေကလည်း ထိုင်ပြီးတမျိုး လမ်းလျှောက်သူကလျှောက်နဲ့ စုစုစည်းစည်းရှိနေပါတယ်။
ရေတွက်ကြည့်မယ်ဆိုရင် ၅၀၀ နီးပါးရှိတဲ့ အလုပ်သမားတွေ၊ သူတို့ စောင့်မျှော်နေတာကတော့ သူတို့ရဲ့ လုပ်ငန်းခွင်ဖြစ်တဲ့ Unique HTT စက်ရုံအတွင်းပိုင်းထဲကိုပါ။
ပြီးခဲ့တဲ့ နှစ်က တနှစ်လုံးရက်မပျက်ဘူးဆိုရင် ရက်မှန်ကြေးအဖြစ် တသိန်းခွဲ ပေးမယ်လို့ မက်လုံးပေးထားတာကို မပေးဘဲ နေ့ရွှေ့ ညရွေ့ လုပ်နေတာ ၊ အထည်ချုပ်ရင် ချုပ်နိုင်သလောက် အထည်ကြေးရတဲ့ အလုပ်သမားတွေကို မနိုင်တဲ့ ပမာဏထိ တိုးမြင့်တောင်းဆိုတာတွေကြောင့် တစတစ များပြားလာတဲ့ မညီမျှမှုတွေကို တောင်းဆိုဖို့ စက်ရုံထဲမဝင်ဘဲ ဆန္ဒဖော်ထုတ်တဲ့သဘောဖြစ်ပါတယ်။
"ညီမတို့စက်ရုံမှာ တစ်နှစ်ပြည့်ရင် ( တနှစ်လုံး ပိတ်ရက်ကလွဲပြီး တရက်မှ မပျက်ရင် ) ရက်မှန်ကြေး တသိန်းခွဲပေးမယ်လို့ ကြေညာပါတယ်။ညီမတို့ကလဲဆင်းကြတာပေါ့ တသိန်းခွဲဆိုတာက ညီမတို့ အောက်ခြေလူတန်းစားအတွက် က မက်လောက်စရာဆိုတော့လည်း တကယ့်တကယ် မင်္ဂလာဆောင်တွေ ရှိတာတောင်မှ သွားဆင်းတယ်။အမေသေတာတောင် ရွာမပြန်ဘူး ဆက်ဆင်းတယ်။အဲ့လိုမျိုးတွေလည်းရှိခဲ့တာပေါ့။ပေးကာနီးလည်းကျရော နောက်လကို ပြောင်းလိုက်တယ်။အဲ့ဒါ နဲ့ ၅ လလောက်ကြာသွားတယ်။ပိုက်ဆံက လုံးဝမရဘူး။ နောက်ပိုင်းကတော့ ဘယ်နေ့ပေးမယ်တောင်မပြောတော့ ဘူး အဲ့လိုဖြစ်သွားတော့ ကလေးတွေက လုံးမမခံနိုင်တော့ဘူး"လို့ မစကားဝါ (အမည်လွှဲ) ကပြောပါတယ်။
အများအားဖြင့် လုပ်ငန်းခွင်ထဲက ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို
အလုပ်သမားအများစုက သိပ်သိလေ့မရှိကြပါဘူး။
သိအောင်လည်း အခွင့်အရေး မရှိသလို ဖုံးကွယ်ထားတာမျိုးတွေ၊ ခြိမ်းခြောက်မှုတွေကြောင့် အလုပ်သမားတွေအတွက် အကာအကွယ်ပေးထားတဲ့ ဥပဒေတွေရှိမှန်းတောင် အလုပ်သမားတွေက မသိကြဘူးလို့ တချို့က ဝန်ခံပါတယ်။
အဲ့ဒီဥပဒေတွေ ရှိတာတောင် အလုပ်သမားရုံးတွေမှာ အသေအချာ အကာအကွယ်မရလို့ အမှုရင်ဆိုင်လိုက်တိုင်း ရှုံးတာက ပိုများပါတယ်။
"လုပ်သက်ခွင့်တွေနဲ့ ပတ်သက်ပြီးတော့ လည်း ပိတ်ရက်ခံလို့ရှိရင်လည်း ရှောင်တခင်ခွင့်မရဘူး။ရှောင်တခင်က နှစ်လကို တရက်ရတယ် တင်္နလာနေ့ဆိုရင် မရတာမျိုးပေါ့။ အလုပ်ဝင် တာ ၆ နှစ်လောက်ရှိပြီ စစဝင်ချင်းတုန်းက အဲ့ဒါတွေလည်းမသိခဲ့ဘူး"လို့ လုပ်သက် ၆ နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့တဲ့ ဝန်ထမ်းတဦးက သူ့အဖြစ်ကို ပြောပါတယ်။
Unique HTT စက်ရုံအလုပ်သမားတွေဟာ FGWM လို့ခေါ်တဲ့ အထွေထွေ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းထားတဲ့ အလုပ်သမားအဖွဲ့အစည်းတခုကို အကူအညီတောင်းပြီး သူတို့ ရင်ဆိုင်နေရတဲ့ ပြသနာကို ဖြေရှင်းလိုက်နိုင်ပါတယ်။
မက်လုံးပေးထားတဲ့ ရက်မှန်ကြေးတွေ ရရှိပြီး တောင်းဆိုတဲ့ အချက်တော်တော်များများကို အလုပ်ရှင်ဘက်က လိုက်လျောပေးမယ်လို့ ကတိရလိုက်ပါတယ်။
"ရက်မှန်ကြေး တွေရတယ် ။အဲ့ဒီတသိန်းခွဲလဲ ရတယ်ဒါ စက်ရုံမှာ လုပ်တဲ့ တသက်လုံးမှာ ဒီတခါပဲ ရဖူးတာ။နောက်တခါကျရင်မပေးတော့ဘူးလို့လဲ စက်ရုံဘက်ကလဲ ကြေညာတယ်။ အဲ့ဒီကြေညာပြီးတဲ့ အချိန်မှာ အလုပ်သမားခေါင်းဆောင် ၇ ယောက်ထဲကတယောက်က အလုပ်ကအပြန်မှာ ချောင်းပြီး အရိုက်ခံလိုက်လိုက်ရတယ်"
ရက်ပိုင်းအတွင်းမှာ အလုပ်ရှင်နဲ့ ညှိနှိုင်းဖို့ ဖွဲ့စည်းထားတဲ့ အလုပ်သမားခေါင်းဆောင် ၇ ဦးထဲ က အသက် ခပ်ရွယ်ရွယ် အမျိုးသားတဦးကို အမည်မသိ လူနှစ် ဦးက ခြိမ်းခြောက်ပြောဆိုပြီး ခေါင်းကို သံတုတ်နဲ့ ရိုက်သွားလို့ ၆ ချက်ခန့်ချုပ်လိုက်ရပါတယ်။
အမှုဖွင့်ခွင့်လဲ မရလိုက်ပါဘူး။
ဒါက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၂ ရက် ညနေအလုပ်ပြန်ချိန် မှာ ဖြစ်ပွားခဲ့တာပါ။
စက်ရုံတွင်းက အလုပ်ရှင်အလုပ်သမားပြသနာကို နှစ်ဖက်သဘောတူ စာချုပ်ချုပ်ခဲ့တာက ဇန်နဝါရီ ၁၉ ရက်မှာ ဖြစ်ပြီး နောက်တလဖြစ်တဲ့ ဖေဖော်ဝါရီလမှာ နိုင်ငံတော်ကို စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီအကျိုးဆက်ဖြစ်တဲ့ ဘဏ်တွေပိတ်တာ၊ ငွေကြေးပိုင်းဆိုင်ရာအခက်အခဲတွေပေါ်ပေါက်ခဲ့ပြီး လကုန်မှာတော့ စက်ရုံလည်ပတ်မှုကို ရပ်ဆိုင်းလိုက်ပါတော့တယ်။
"ညီမတို့စက်ရုံက ၂ လပိုင်းလကုန်မှာ စပြီးတော့ ပိတ်သွားတယ်။ဘဏ်တွေပိတ်သွားတော့ လစာတွေ မရှင်းပေးနိုင်ဘူးဆိုပြီးတရားဝင်ခေါ်ပြောတာပေါ့နော်။ပိတ်သွားပြီးတော့ နောက်လ ကျရင်ဖွင့်မယ်။ရှေ့လကျရင်ဖွင့်မယ် ဆိုပြီးထားတာ ။အခုထိပဲ ။ ထောက်ပံ့ကြေးလည်း တပြားမှ မရဘူး"
လို့ အဆိုပါ စက်ရုံက ဝန်ထမ်းတဦးက ဆိုပါတယ်။
တိကျရေရာတဲ့ ဖြေရှင်းချက်မရှိဘဲ စက်ရုံကို ပိတ်လိုက်တာကြောင့် ဝန်ထမ်းတထောင်ကျော်က ရရာ အလုပ်တွေဖြစ်တဲ့ ဈေးရောင်းတာ၊ ကယ်ရီဆွဲတာ၊ဆိုက်ကားနင်းတာနဲ့ အမှိုက်ကောက်တာတွေအထိပါ လုပ်ရင်းနဲ့ စက်ရုံပြန်ဖွင့်မယ့်ရက်ကို စောင့်ဆိုင်းနေရပါတော့တယ်။
မြန်မာနိုင်ငံမှာ စက်ရုံ အလုပ်ရုံတွေ ဖွင့်လှစ်လုပ်ကိုင်တာ၊ ပိတ်သိမ်းတာ၊ ခေတ္တပိတ်သိမ်းတာတွေ ပြုလုပ်မယ်ဆိုပါက သက်ဆိုင်ရာရုံးတွေကို တင်ပြရတာမျိုးတွေ၊ အလုပ်သမားအင် အား ပမာဏ ပေါ်မူတည်ပြီး လုပ်ငန်းအမျိုးအစားတွေ အလိုက် ဝန်ထမ်းတွေအတွက် ခံစားခွင့်တွေကို ဥပဒေမှာ ပြဌာန်းထားပါတယ်။
လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့လည်ပတ်လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်အလိုက် အလုပ်ရပ်နားတာ၊ ပိတ်သိမ်းတာမျိုးတွေအတွက် ဝန်ထမ်းတွေကို သင့်တော်တဲ့ ခံစားခွင့်တွေ ဖန်တီးပေးဖို့ ဥပဒေအရ တာဝန်ရှိနေပါတယ်။
လုပ်ငန်းတခုကို အပြီးပိတ်သိမ်းမယ်ဆိုပါကလည်း နို့တစ်စာထုတ်ပြန်တာ၊ ဝန်ထမ်းတွေကို လုပ်သက်အလိုက် နစ်နာကြေးပေးတာ၊ လက်ရှိလုပ်ခလစာတွေကို ရှင်းပေးဖို့ လည်း လိုအပ်ပါတယ်။
ဒီအခြေအနေတွေကို ကျော်လွှားဖို့ အတွက် ဝန်ထမ်းတွေကို အစမ်းခန့်သဘောမျိုး ၃ လ ခန့် ပြီးအလုပ်လုပ်ကိုင်စေတာ ၊ ၃ လပြည့်ပါက အလုပ်ထုတ်ပစ်တာမျိုးတွေလည်း ရှိနေလို့ တိုင်ကြားခွင့်မရတဲ့ ပြစ်မှု အမျိုးအစားတွေကို လည်း စက်မှုဇုန်အတွင်းက အလုပ်ရှင်တွေ ပြုမူတာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ အင်တာဗျူး ခေါ်တဲ့ နေ့ တရက်တည်းအလုပ်ဆင်းခိုင်းပြီး တရက်တည်းနဲ့ လူအမြောက်အများကို ခိုင်းစေခဲ့တဲ့ ဖြစ်စဉ်တွေလည်း Myanmar Labour News ကို လာရောက် အသိပေးခဲ့ကြပါသေးတယ်။
"အလုပ်ရှင်က ရွှေလင်ဗန်းစက်မှုဇုန်ဥက္ကဌ ဦးအေးသောင်း ပေါ့နော်။သေချာစုံစမ်းကြည့်တော့ ဦးအေးသောင်းရဲ့ တူတွေနဲ့ လွှတ်ထားတာပေါ့။ဦးအေးသောင်းလဲ ပါတာပေါ့။နာမည်ခံကတော့ သူ့တူတွေပေါ့" လို့ Unique HTT ဝန်ထမ်းတဦးက ဆိုပါတယ်။
မြန်မာနိုင်ငံသားပိုင်စက်ရုံဖြစ်တဲ့ အဆိုပါစက်ရုံဟာ CMP သဘောမျိုး အထည်ချုပ်လုပ်ကိုင်တာဖြစ်ပြီး အော်ဒါ အတက်အကျတွေလည်းရှိတတ်တယ်လို့ ဆိုပါတယ်။
အခုဆိုရင် စက်ရုံမလည်ပတ်တာ ၆ လပြည့်ပါပြီ။ဝန်ထမ်းတွေက စက်ရုံပြန်ဖွင့်မယ့် ရက်ကို စောင့်ဆိုင်းနေဆဲဖြစ်ပြီး အခြေအနေကို သွားမေးဖို့ကလည်း လုံခြုံရေး အန္တရာယ်ကြောင့် မသွားရဲဘူးလို့ဆိုပါတယ်။
"ခုလို ပြသာနာတွေဖြစ်တော့ဘယ်တိုင်လို့ တိုင်ရမှန်းလဲ မသိ ကိုယ့် စက်ရုံက ဒီလို အခံမျိုးတွေလည်းရှိတော့ ကိုယ်ပဲ အသတ်ခံရမှာလား။ ရိုက်ခံရမှာလား။အဲ့လို ကြောက်ရွံ့မှုတွေ ကလည်းရှိနေတာ"လို့ မစကားဝါ ( အမည်လွှဲ) က ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းယူပြီး ၇ လ ပြည့်ပါပြီ။ဒါ့အပြင် အထူးကြပ်မတ် စောင့်ကြည့်သွားမယ့် မြို့နယ်စာရင်းတွေထဲမှာ စက်မှုဇုန်မြို့နယ်ဖြစ်တဲ့ လှိုင်သာယာ၊ မင်္ဂလာဒုံနဲ့ မှော်ဘီ မြို့နယ်တွေ ပါဝင်နေပြီး အလုပ်သမားတွေ များတဲ့ နေရာတွေက သူတို့အတွက် ပစ်မှတ်တခုလိုဖြစ်နေပါတယ်။
အာဏာသိမ်းမှုဖြစ်စဉ်ပြီးတဲ့ နောက်မှာအလုပ်သမားလူတန်းစားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးခဲ့သလို စား၊ ဝတ်၊ နေရေး ပိုမိုကြပ်တည်းလာတဲ့ကိစ္စကို တော့ တဦးတယောက်ကမှ ငြင်းဆိုခြင်းမပြုတော့ပါဘူး။
စက်မှုဇုန်မြို့ရဲ့ နေ့စဉ်လမ်းမတွေထက်မှာတော့ ထမင်းချိုင့်လေးတွေဆွဲပြီး အလုပ်သွား အလုပ်ပြန် နေတဲ့ အလုပ်သမားတွေလဲ သွားလာနေကြဆဲ။
ဆိုင်ကယ်၊ သုံးဘီး၊ တွန်းလှည်း၊ ဖယ်ရီကားတွေ နဲ့ ဘတ်စ်ကားတွေလည်း အသံစုံပေးရင်းသွားလာနေကြဆဲ။
ဈေးသည်၊ ပန်းသည်၊ အမှိုက်ကောက်သူ တို့လည်း မျက်နှာဖုံးတွေ ကိုယ်စီတပ်ရင်း တရွေ့ရွေ့လှုပ်ရှားသွားလာကြဆဲပါ။