ARTICLE

အလုပ်မဖြစ်တဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့

CoverLogo
165 Views

အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ အဂတိလိုက်စားမှု ကင်းစင်ရေးအတွက် အသိပညာပေး အစည်းအဝေးတွေ၊ အလုပ်သမားဝန်ကြီးဌာနရဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) ဖွဲ့စည်းတာတွေ လုပ်ဆောင်ထားတယ်လို့ မကြာသေးခင်က သတင်းထုတ်ပြန် ထားပါတယ်။ 

အခုလက်ရှိ ဇူလိုင်လထဲမှာတင်ပဲ အလုပ်သမားဝန်ကြီးဌာနနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

အဲဒီအခမ်းအနားမှာတော့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က အဂတိလိုက်စားမှုဟာ နယ်ပယ် အသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပေါ်နိုင်တဲ့အကြောင်း၊  အဂတိလိုက်စားမှုကျူးလွန်ရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူခံရမယ့်အပြင် ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမှာ ဖြစ်တဲ့အတွက် နိုင်ငံ့ဝန်ထမ်းတွေ သိရှိရှောင်ကျဉ်ဖို့လိုအပ်တဲ့အကြောင်း၊ “ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းတယ်” ဆိုတဲ့ စကားနဲ့အညီ အဂတိလိုက်စားမှုတွေပေါ်ပေါက်မှ စုံစမ်းစစ်ဆေး အရေးယူတာထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ဆောင်ရွက် ရမှာဖြစ်တဲ့အကြောင်းတွေ ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင်  အလုပ်သမားဝန်ကြီးဌာနဟာ အလုပ်သမားထုရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနရဲ့ မူဝါဒ၊ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရာမှာ ဖြောင့်မတ်တည်ကြည်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြဖို့နဲ့ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အလုပ်သမားဝန်ကြီးဌာနရဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) ကို လူမှုဖူလုံရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် အပါအဝင် စုစုပေါင်း (၁၅) ဦးနဲ့ ဖွဲ့စည်းထားပြီး အဲဒီအဖွဲ့က ကော်မရှင်နဲ့ညှိနှိုင်းပူးပေါင်းပြီး အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းတွေကို တက်ကြွစွာ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ 

ဝန်ကြီးဌာနက ဝန်ထမ်းတွေ အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့စပ်လျဉ်းတဲ့ အသိပညာ၊ ဗဟုသုတတွေကို လေ့လာမှတ်သားပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်တဲ့ အကြောင်းအရာတွေကို ရှောင်ကြဉ်ကြဖို့နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေမှာ တက်ကြွစွာ ပူးပေါင်းပါဝင်ကြဖို့လည်း  ဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးရဲ့ ပြောစကားအရတော့ အလုပ်သမားဝန်ကြီးဌာနဟာ အဂတိကင်းကင်းနဲ့ အလုပ်သမားတွေ ရဲ့ အကျိုးစီးပွားကို တစိုက်စိုက်မတ်မတ် လုပ်ဆောင်နေတဲ့ ဝန်ကြီးဌာနလို့ပါပဲ။ 

ဒါပေမယ့် လက်တွေ့မှာတော့ ဝန်ကြီးပြောတဲ့ အဂတိကင်းစင်ရေး အသိပညာတွေကို အလုပ်သမားဝန်ကြီးဌာနက အရာရှိတွေ၊ ဝန်ထမ်းတွေက သိရှိပုံမရပါဘူး။ 

အလုပ်သမားဝန်ကြီးဌာနရဲ့ အခြေအနေဟာ အဂတိကင်းစင်းရေး အသိပညာပေးတာတွေ လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်နေပေမယ့် လက်တွေ့မှာတော့ ရယ်စရာသာ ဖြစ်နေပါတယ်။

လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရတော့ အလုပ်သမားဝန်ကြီးဌာနဟာ အလုပ်ရှင်အလိုကျ လည်ပတ်နေတဲ့ အဖွဲ့အစည်းသာသာပါပဲ။ 

ဥပမာအားဖြင့် အလုပ်ရှင်တွေက ခေါ်ယူလိုတဲ့ အချိန်ပိုတွေကို ဥပဒေက သတ်မှတ်ထားတာထက် ကျော်လွန်ပြီး လုပ်ဆောင်နေလည်း ခွင့်ပြုပေးနေသလို ဥပဒေပါအခွင့်အရေးတွေ ချိုးဖောက်ခံရလို့ တိုင်ကြားတဲ့ အလုပ်သမားတွေကိုလည်း တစ်ဖက်သတ်ပြောဆို အပြစ်တင်တာတွေသာ လုပ်ဆောင်နေပါတယ်။

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဌာနဟာ အလုပ်သမားထုရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ ဌာနဖြစ်တယ်လို့ ပြောဆိုပေမယ့် လက်တွေ့မှာတော့ အလုပ်ရှင် အကျိုးစီးပွားအတွက် ရပ်တည်ပေးနေတဲ့ ဝန်ကြီးဌာနသာ ဖြစ်နေပါတယ်။

အလုပ်သမားဝန်ကြီးဌာနက အဂတိကင်းစင်ရေးဆိုပြီး ဖွဲ့စည်းထားတဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ (Corruption Prevention Unit- CPU) ဆိုတာကလည်း ဌာနတွင်းက အရာရှိတွေ၊ ဝန်ထမ်းတွေရဲ့ အဂတိ လိုက်စားမှုကို ဘယ်လိုစစ်ဆေးနေလဲဆိုတာက မေးခွန်းထုတ်ချင်စရာ ဖြစ်နေပါတယ်။

အာဏာသိမ်းပြီး နောက်ပိုင်းမှာ ငွေကြေးအင်အား တောင့်တင်းတဲ့ အလုပ်ရှင်တွေဟာ အလုပ်သမားဝန်ကြီးဌာနနဲ့ ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို ဂရုစိုက်မှု မရှိတော့သလို ငွေကြေးအားကိုးနဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို လုပ်ဆောင်နေ ပါတယ်။ 

အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေကလည်း ဒီအခြေအနေတွေကို သိပေမယ့် မျက်ကွယ်ပြုပြီး အလုပ်ရှင်တွေ အကျိုးစီးပွားကိုသာ ကာကွယ်ပေးနေပါတယ်။

“ဒီကာလမှာ နေရာတိုင်းမှာ လာဘ်ပေး၊ လာဘ်ယူက ရှိနေပေမယ့် အရမ်းကြီး ရုပ်ပေါက်နေတာကျ မြင်မကောင်း ဘူး။ နောက်ပြီး အလုပ်သမားတွေအကျိုးစီးပွားအတွက် ရှိနေရမယ့် ဝန်ကြီးဌာနက အဂတိလိုက်စားပြီး အလုပ်သမားတွေကို ဖိနှိပ်နေတာကျ အဆင်မပြေဘူး”လို့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောပါ တယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမားဝန်ကြီးဌာနရဲ့ လုပ်ရပ်တွေဟာ ပိုမိုဆိုးရွားလာပြီးတော့ ငွေကြေး ရယူမှုပိုင်းမှာ နာမည်ပျက်တွေ ပိုများလာပါတယ်။  

ပြည်တွင်းမှာ အလုပ်သမားတွေ ဥပဒေပါအခွင့်အရေးတွေ ချိုးဖောက်ခံရတာတွေကို ငွေကြေးရယူကာ မျက်ကွယ်ပြုနေသလို ပြည်ပမှာ သွားရောက်လုပ်ကိုင်လိုသူ အတွက်လည်း ငွေကြေးပေးရတာတွေ ရှိနေတယ်လို့ ပြည်ပလုပ်သားစေလွှတ်နေတဲ့ အေဂျင်စီအသိုင်းအဝိုင်းကနေ သိရပါတယ်။ 

လက်ရှိမှာတော့ အလုပ်သမားတိုင်းဟာ  ဝန်ကြီးဌာနရဲ့ အဂတိလိုက်စားမှုကြောင့် ငွေကြေးပိုမို ကုန်ကျတာတွေ၊ အခွင့်အရေး ချိုးဖောက်ခံရတာတွေကို ခံစားနေရပါတယ်။ 

ပြည်ပကို ထွက်ခွာလိုသူတွေက သတ်မှတ်ဝန်ဆောင်ခတွေထက် ပိုပေးနေရတာ၊ ငွေကြေးလိမ်လည်ခံရတာတွေကို သတင်းဌာနတွေက ဖော်ပြနေပေမယ့်လည်း စည်းကမ်းဖောက်ဖျက်တဲ့ ကုမ္ပဏီတွေကို အရေးယူတာ၊ ပိတ်သိမ်းတာတွေ လုပ်ဆောင်မှုက မရှိသလောက် ဖြစ်နေပါတယ်။

“အခုကလေ ပြည်ပထွက်ဖို့ကို ငွေပုံပေးနေရတာ။ မတရားတောင်းနေတာသိလည်း ကျွန်တော်တို့မှာ ဘာမှမပြောရဲ ဘူး။ အရင်ကဆို ငွေလိမ်တာတွေ၊ ပိုတောင်းတာတွေဆို တိုင်လို့ရတာ သိတယ်။ အခုကတော့ ပွဲစားပြောမလားဘဲ အလုပ်အပ်ထားတဲ့သူကို ဘာမှမပြောရဲဘူး။ သူပြောသမျှ ခေါင်းညိတ်ရတာပဲ။ အရင်လို တိုင်လို့ ရ၊ မရလည်း ကျွန်တော်တို့ မသိဘူးလေ”လို့  ပြည်ပမှာ သွားရောက်လုပ်ကိုင်ဖို့ စောင့်ဆိုင်းနေသူတစ်ဦးက ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာနဟာ လက်ရှိမှာတော့ အလုပ်သမားတွေဆီက အခွန်အခရရှိရေး၊ အေဂျင်စီတွေဆီက လိုင်စင်ကြေး ရရှိရေးနဲ့ စက်ရုံ၊ အလုပ်ဌာနတွေက ပေးပို့တဲ့ အခကြေးငွေ ရရှိရေးကိုသာ အာရုံစိုက်နေပါတယ်။ ပြည်ပထွက်ခွာအလုပ်လုပ်ဖို့ ဝန်ဆောင်မှုပေးနေတဲ့ လိုင်စင်ရ အေဂျင်စီ ကုမ္ပဏီ ပေါင်း  ၅၆၀ ကျော် ရှိပေမဲ့ အလုပ်သမားတွေအလိမ်ခံရမှုက ပိုမိုများလာပါတယ်။

အဲ့ဒီအခြေအနေတွေကြောင့် ပြည်တွင်းမှာလည်း လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုက ပိုများလာတာပဲ ဖြစ်ပါတယ်။

“အဂတိလိုက်စားမှုကလေ ဘယ်လောက်ထိ ဆိုးလဲဆိုတော့ လေဘာကတ်လုပ်တဲ့ နေရာမှာလေ အသက်မပြည့် တာ ဖြစ်ဖြစ်၊ မှတ်ပုံတင်က သူများဟာနဲ့ဖြစ်ဖြစ် လေဘာကတ်လုပ်လို့ရတယ်။ လေဘာရုံးနားက ဈေးဆိုင်တစ် ဆိုင်ဆိုင်ကို ချိတ်လိုက်ရုံပဲ။ လူအများနဲ့ တန်းစီစရာလည်း မလိုဘူး။ သူတို့ပြောတဲ့နှုန်းပေးလိုက်ရင် နာရီဝက် လောက်ပဲ စောင့်ရတယ်”လို့ ရွှေပြည်သာမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

အသက်မပြည့်သေးသူ၊ သူတစ်ပါး မှတ်ပုံတင်ကို အသုံးပြုပြီး လေဘာကတ်လုပ်ဆောင်လိုသူတွေအတွက် မြို့နယ်အလိုက် ဈေးနှုန်းကွာဟချက်တွေ ရှိနေပြီး ရွှေပြည်သူမြို့နယ်မှာ အရင်ကတော့ ကျပ်(၆၀၀၀)ကနေ (၇၀၀၀)ထိ တောင်းခံတယ်လို့ လေဘာကတ် လုပ်ဆောင်ခဲ့သူတစ်ချို့ဆီက သိရပါတယ်။

အဲ့ဒီလုပ်ရပ်ကြောင့် လုပ်ငန်းခွင်ဝင်သွားတဲ့အလုပ်သမားဟာ လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးချိုးဖောက်ခံရတဲ့အခါမှာ တိုင်ကြားဖို့ တပန်းရှုံးသွားစေပါတယ်။ လွဲမှားတဲ့အချက်အလက်တွေနဲ့ ပြုလုပ်ထားတဲ့ လေဘာကတ်ကို အသုံးပြုပြီး အလုပ် လုပ်ကိုင်ရတဲ့အလုပ်သမားကို မသိကျိုးကျွံပြုအလုပ်ခန့်ပြီးတဲ့နောက် အခွင့်အရေးချိုးဖောက်ဖို့ အသင့်စောင့်ဆိုင်းနေတာပါ။

အလုပ်အကိုင်ရှားပါးမှုနဲ့ စားဝတ်နေရေး ဖြေရှင်းဖို့ အလောတကြီး အလုပ်အကိုင်လိုအပ်နေတဲ့ လူငယ်လူရွယ်တွေ လုပ်ငန်းခွင်မှာ အခွင့်အရေးဆုံးရှုံးနေရသလို ချိုးဖောက်မှုတွေကိုလဲ ငြိမ်ခံနေကြရပါတယ်။ နိုင်ငံသားဖြစ်ပေမဲ့ တရားမဝင် အလုပ်လုပ်ကိုင်နေရသလို ဖန်တီးထားတဲ့ အခြေအနေဖြစ်နေတာကြောင့် ငြိုးငယ်သေးသိမ်စွာ လုပ်ကိုင်နေရပြီး ဂုဏ်သိက္ခာကင်းမဲ့နေတဲ့ လုပ်ငန်းခွင်အများအပြားဖြစ်ပေါ်နေတာတွေလည်း ရှိနေတာပါ။

ဒီဖြစ်ရပ်ဟာ ဌာနရဲ့  အသေးဆုံး အဂတိလိုက်စားမှု တွေထဲက တစ်ခုဖြစ်ပြီး ဒီအခြေအနေတွေကို လွတ်လပ်တဲ့သတင်းဌာနတွေမှာ ဖော်ပြနေပေမယ့် အရေးယူမှု တစ်စုံတစ်ရာတော့ မတွေ့ရသေးပါဘူး။ 

ဒီလိုအဂတိလိုက်စားမှုတွေဟာ အချိန်ပိုအလုပ်ချိန်တွေအတွက် ခွင့်ပြုချက် လက်မှတ်ထိုးတာ၊ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ဖြစ်တဲ့အခါမှာ အလုပ်ရှင်ဘက်က ထိန်းညှိပေးဖို့ ပြောဆိုရာတွေမှာ ရှိနေပါတယ်။

အဂတိ လိုက်စားမှုတွေက စစ်တပ် အာဏာမသိမ်းခင်ကတည်းက ရှိနေခဲ့ပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အထိန်း အကွပ်မဲ့ ဆိုးရွားလာတာပဲ ဖြစ်ပါတယ်။ အာဏာမသိမ်းခင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းတွေ ဟာ အရှိန်အဟုန်ကောင်းခဲ့ပေမယ့် အခုချိန်မှာတော့ တရားဝင်တောင်းပိုင်ခွင့် ရနေသလို အစိုးရဝန်ထမ်းတွေက ငွေကြေးတောင်းခံနေတာပဲ ဖြစ်ပါတယ်။

“တခြားဌာနတွေနဲ့တော့ အလုပ်သမားဝန်ကြီးဌာနက မတူဘူးပေါ့။ သူတို့အဂတိလိုက်စားတာက အလုပ်သမား တွေအတွက် ဖိနှိပ်မှုပဲလေ။ ခေတ်ကာလအရ အကုန်လုံး လုပ်နေကြတာကို သိပေမယ့် မတရားသဖြင့် လုပ်နေ တယ်ဆိုရင်တော့ ဝန်ကြီးဌာနကို ဖျက်လိုက်တာပဲ ပိုကောင်းမယ်”လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။

ဒီစကားသံကတော့ အလုပ်သမားထုရဲ့ ခံစားချက်ကို ထင်ဟပ်နေတာပါပဲ။ အာဏာသိမ်း အစိုးရလက်ထက်မှာ အဂတိဆိုတာ အစိုးရ ဌာနတိုင်း အလွယ်တကူ ကျူးလွန်နေကြတာတွေ့မြင်နေရပါတယ်။ ။ ဒါပေမယ့် အလုပ်သမားဝန်ကြီးဌာနက အဂတိလိုက်စားပြီး ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကတော့ တခြားသောဌာနတွေနဲ့ မတူပါဘူး။ 

ဒီအခြေအနေတွေကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခမ်းအနားတွေ လုပ်ဆောင်နေရုံနဲ့ ထိန်းသိမ်းနိုင်မှာတော့ မဟုတ်ပါဘူး။ 

အလုပ်သမားဝန်ကြီးဌာနရဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ သာမက အလုပ်သမားဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ဌာနဆိုင်ရာတွေအားလုံး ပြည်သူ့အကျိုးစီးပွားကြည့်ပြီး အမှန်တကယ် အလုပ်လုပ်ကိုင်ဖို့လည်း အလုပ်သမားတွေက မျှော်လင့်နေကြပါတယ်။ 

 


Related posts

Cover
အထည်ချုပ် စက်ရုံတွေမှာ သမဂ္ဂဖြိုခွဲမှု ဘာတွေ ဖြစ်နိုင်သလဲ။
Aug 30, 2024
Cover
“စစ်ရှောင်သောက”
Aug 23, 2024
Cover
အထည်ချုပ်လောက အတွင်းရေး ပေးစာ၊ ပြန်စာ ၂
Aug 19, 2024
Cover
ဆီ.. ဆီ..၊ ကုန်ဈေးနှုန်း ၊ ကျပ်တထောင်
Aug 18, 2024
Cover
အလုပ်သမားတွေ ခံစားခွင့်မရတဲ့ စာရွက်ပေါ်က ဥပဒေ
Aug 16, 2024
Cover
ရန်ကုန်မြို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်း စိန်ခေါ်မှု
Aug 03, 2024
Cover
ခါးသီးသော နေ့ရက်များ
Jul 29, 2024
Cover
ရန်ကုန်မြို့နေ ပြည်သူတွေရဲ့ လူနေမှုဘဝ အကျပ်အတည်းများ
Jul 22, 2024