NEWS

အဖြေမရတဲ့ ပုစ္ဆာ သို့မဟုတ် ကျင့်ဝတ် စည်ကမ်းမှန်ကန်စွာနှင့် အဂတိကင်းကင်း စစ်ဆေးနိုင်ကြရဲ့လား

CoverLogo
528 Views

“စက်ရုံကို စစ်တာ ၃ ခါတောင် ရှိနေပြီ။ စက်ရုံကတော့ အချိန်ပိုတွေ ဆက်ခေါ်နေတာပါပဲ၊ ဘာမှလည်း မပြောင်း လဲဘူး “  ဆိုပြီး မစန္ဒာတစ်ယောက် ငြီးတွား ပြောဆိုပါတယ်။ 


မန္ဒာဝင်းကတော့ ရွှေပြည်သာ စက်မှုဇုန်က W&F အထည်ချုပ် စက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမား တဦးပါ ။ စက်ရုံက ရက်သတ္တပတ်ကို နာရီ ၈၀ ဝန်းကျင် အချိန်ပို လုပ်ကိုင်ရလို့ မစန္ဒာဝင်း အပါအဝင် အလုပ်သမားတွေမှာ စိတ်ရော ကိုယ်ပါ အနားမရ ခဲ့ကြတာပါ။ ၃ လ ကျော်ကြာအောင် စက်ရုံဘက်က အချိန်ပိုတွေ ဆက်ခေါ်ခဲ့လို့ ရွှေပြည်သာမြို့နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန (အလရ) ရုံးကို ၃ ကြိမ်တိုင် တိုင်တန်းခဲ့သလို အလုပ်သမားအရာရှိတွေလည်း ဝင်ရောက် စစ်ဆေးခဲ့ကြတယ်လို့ ပြောပါတယ်။ 


“ပထမ တကြိမ် စစ်တော့ အဲ့ဒီ စစ်ဆေးတဲ့နေ့ မှာပဲ ည ၈ နာရီခွဲအထိ အချိန်ပို လုပ်ခဲ့ရတယ်။ နောက်တခါ ထပ်တိုင် တော့လည်း လာစစ်တာပဲ၊ နောက် တိုင်းဦးစီးမှူးဆိုပြီး ထပ်စစ်တယ်။ စက်ရုံက အဲ့နေ့ ည ၇ ခွဲအထိ အချိန်ပို လုပ်ခိုင်းခဲ့တာ” လို့ မစန္ဒာဝင်းက ပြောပါတယ်။ 


စက်ရုံဘက်က ပထမအကြိမ် စစ်ဆေးမှုတွေကို ဂရုမစိုက်ခဲ့ဘဲ နောက်ထပ် တလကျော်ကြာအောင် အချိန်ပိုဆက် ခေါ်ခဲ့တာပါ။ ဒါ့အပြင် အချိန်ပို လုပ်ကိုင်ဖို့ ငြင်းဆန်တဲ့ အလုပ်သမားတဦးကိုလည်း ဇူလိုင်လထဲမှာ အလုပ်ကနေ ထုတ်ပယ်ခဲ့တယ်လို့ မစန္ဒာဝင်းက ပြောပါတယ်။ 

အချိန်ပိုကို ကာလရှည်ကြာ ခိုင်းစေခဲ့ပေမဲ့ စက်ရုံကိုတော့ အလုပ်သမားရုံး အရာရှိတွေက အရေးယူမှု တစုံတရာ မရှိခဲ့ပါဘူး။ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေအရ ဆိုရင်တော့ စက်ရုံတွေရဲ့ အချိန်ပိုခေါ်ယူမှုအားလုံး အလုပ်သမားရုံး တာဝန်ရှိသူတွေ သိရှိနေရမှာ ဖြစ်ပါတယ်။


ဒီလို စက်ရုံအလုပ်သမားတွေကို အလုပ်သမား အရာရှိတွေက တွေ့ဆုံ စစ်ဆေးခဲ့ပေမဲ့ မှန်ကန်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့သလား။ တိကျတဲ့ အချက်အလက်တွေ ရရှိခဲ့ရဲ့လား ။ ကျင့်ဝတ်နဲ့ ပြည့်စုံပြီး စည်းကမ်း စနစ်ကျတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရလားဆိုတဲ့ မေးခွန်းတွေကတော့ ရှိနေပါတယ်။ 


စက်ရုံ စစ်ဆေးရေး အရာရှိတွေရဲ့  အခွင့်အာဏာ ဘယ်လောက်ရှိ လဲအလရ အရာရှိဟာ စက်ရုံ၊ အလုပ်ရုံတွေကို ဝင်ရောက် စစ်ဆေးနိုင်ခွင့်ရှိပြီး၊ သက်သေခံချက်တွေနဲ့ တခြားအချက်အလက်တွေကို သိမ်းဆည်းထားပိုင်ခွင့်နဲ့ ဆိုင်းငံ့ပိုင်ခွင့် စတဲ့ အခွင့်အာဏာတွေကို ရှိတယ်လို့ အလုပ်သမားကူညီရေးအဖွဲ့ဝင် တဦးဖြစ်တဲ့ မနွေဦးက ပြောပါတယ်။ 


နိုင်ငံရေးအခြေအနေကောင်းခဲ့စဉ်က စက်ရုံကို စစ်ဆေးရေး အရာရှိ ဝင်ရောက် စစ်ဆေးပြီဆိုရင်  သမဂ္ဂက ခေါ်ယူပေးတဲ့ အလုပ်သမားကို စစ်ဆေးတာ မရှိသလို ၊ စက်ရုံဘက်က ခေါ်ပေးတဲ့ အလုပ်သမားကိုလည်း စစ်ဆေးခဲ့တာမရှိဘူးလို့ ဆိုပါတယ်။ 


“ စက်ရုံ လုပ်ငန်းခွင်ထဲက အလုပ်သမားတွေကို အရာရှိက ဒီလူကို ခေါ်ပေးပါ ဟိုတစ်ယောက်ကို ခေါ်ပေးပါဆို ပြီး  စိတ်ကြိုက်ရွေးချယ် စစ်ဆေးခဲ့တာ” လို့ မနွေဦးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။  အလုပ်သမားကို စစ်ဆေးရာ နေရာကို အရာရှိနဲ့ အလုပ်သမားက လွဲပြီး အလုပ်ရှင်၊ စက်ရုံတာဝန်ရှိသူနဲ့ အလုပ်သမား ကိုယ်စားလှယ်တွေပါ ဝင်ခွင့်မရကြဘူးလို့ ဆက်ပြောပါတယ်။  ဒီနောက် အရာရှိက အလုပ်သမား ထွက်ဆိုချက်တွေနဲ့  အလုပ်သမားအမည် ရေးမှတ်ပြီး တခါတည်း သိမ်းဆည်းသွားတာမျိုး ဖြစ်တယ်လို့ ဆိုပါ တယ်။ 


“အခုတော့ အဲလိုတွေ မရှိတော့ဘူး အလုပ်သမားအရာရှိတွေက အလုပ်ရှင် စက်ရုံပိုင်ရှင်တွေ ပြောသလို လုပ်နေရတယ်။ သူ့တို့ အဆင့် သူတို့  ချတာမျိုး “ လို့ ပြောပါတယ်။  

  • အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ဘယ်လို စစ်ဆေးလဲ

စက်ရုံတွေရဲ့ ချိုးဖောက်မှုတွေကို ဝင်ရောက်စစ်ဆေးတဲ့ လုပ်ငန်းစဉ်ကို  အလုပ်ရုံ နှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန (အလရ) က အဓိကလုပ်ကိုင်ပေမဲ့ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာတော့ ပေါင်းစပ်အဖွဲ့တွေက ဝင်ရောက် စစ်ဆေးနေတယ်လို့ ကူညီရေးအဖွဲ့ဝင် တဦးဖြစ်သူ ကိုမျိုးမြင့် (အမည်လွှဲ) က ပြောပါတယ်။ 
စစ်ဆေးမှုတွေ စနစ်တကျဖြစ်ဖို့အတွက် လွတ်လပ်စွာပြောဆိုနိုင်တဲ့ နေရာ၊ အချိန်၊ အခြေအနေနဲ့ လူပုဂ္ဂိုလ်တွေ အပေါ်  မူတည်တယ်လို့လည်း သူက ပြောဆိုပြီး စက်ရုံ စစ်ဆေးအရာရှိတွေရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ လိုက်နာမှု တွေက အရေးကြီး အခန်းကဏ္ဍ ဖြစ်တယ်လို့လည်း  ဆက်ပြောပါတယ်။ 


ဒါပေမဲ့ လက်ရှိ စစ်ဆေးနေတဲ့ ပုံစံကတော့ စက်ရုံဘက်က ခေါ်ပေးတဲ့ အလုပ်သမားတွေကို စက်ရုံ တာဝန် ရှိသူတွေ ရှိနေတဲ့ ရုံးခန်းထဲမှာ စစ်ဆေးပြီး  နိမိတ်ပြ မေးခွန်းတွေ မေးတာမျိုးလည်း ရှိတယ်လို့ ပြောပါတယ်။
“နိမိတ်ပြမေးခွန်းဆိုတာ အိုတီ မခေါ်ဘူး မလား၊ ညဆိုင်းခေါ်တာ မရှိဘူးလား မလား ဆိုပြီး မေးတာမျိုးပေါ့ ။ အလုပ်သမားက ဘယ်လို ဖြေရမလဲ ။ လွတ်လွတ် လပ်လပ် အန္တရာယ်ကင်းကင်း ပြောနိုင်အောင် ဖန်တီးပေးတဲ့ အရာရှိ ကတော့ ရှားပါတယ်” လို့ ကိုမျိုးမြင့်က ဆက်ပြောပါတယ်။


အခွင့်အရေးတွေ ချိုးဖောက်ခံရလို့ အလုပ်သမားတွေက  အလရ ရုံးကို တိုင်ကြားတိုင်း အရာရှိတွေ လာရောက် စစ်ဆေးကြပေမဲ့ အများစုကတော့ မှန်ကန်တဲ့ သက်သေထွက်ချက်တော့ မရဘူးလို့  မနွေဦးက ပြောပါတယ်။ 


“စစ်ဆေးရေး ရုံးတွေက စစ်တော့ စစ်ပါတယ်။ ဘယ်တော့မှ အမှန်အကန် ထွက်ဆို ချက်မရဘူး။ ဘာလို့လဲ ဆိုတော့ လုပ်ရမဲ့ တာဝန်နဲ့ ကျင့်ဝတ်အတိုင်း မလုပ်ကြပါဘူး။ စက်ရုံ သွား‌စစ်တယ်၊ အလုပ်သမားတွေကို ရုံးခန်း ထဲကို ခေါ်တယ်။ မန်နေဂျာနဲ့ HR တွေ ခေါ်ပေးတဲ့ အလုပ်သမားတွေကို ခေါ်စစ်တယ်။ စစ်ဆေးတဲ့ အခါမှာလည်း မန်နေဂျာ၊ HR တွေကို ထိုင်ခိုင်းပြီး စစ်ဆေးတယ်။ ဘယ် အလုပ်သမားကမှ အမှန်တိုင်း မပြောရဲ ကြဘူး။ ဘာလို့လဲ ဆိုရင် သူတို့ (အလုပ်သမားအရာရှိတွေ) ပြန်သွားရင် အလုပ်သမားက ဖိအား မျိုးစုံ ခံရတော့တာပဲ။ ” လို့ ပြောပါတယ်။ 


နိုင်ငံရေးအခြေအနေကောင်းတဲ့ ကာလမှာ သမဂ္ဂတွေက အလုပ်သမားအရေးအတွက် တိုက်တိုက်တွန်းတွန်း တောင်းဆို ခဲ့ရတာကြောင့် အခုလို အာဏာသိမ်း စစ်ကောင်စီအောက်မှာ စစ်ဆေးရေးအရာရှိတွေရဲ့ ဝင်ရောက် စစ်ဆးမှုတွေက မျှတမယ်လို မျှော်လင့်မထားဘူးလို့လည်း မနွေဦးက ပြောပါတယ်။  


ဒါ့အပြင် စက်ရုံဘက်က ချိုးဖောက်မှု အချက်အလက်တွေ မှန်မှန်ကန်ကန် မရတာနဲ့ အရေးမယူတာတွေက စက်ရုံ တရုံတည်းမှာ အလုပ်သမား ထောင်နဲ့ချီ ရှိတာကြောင့်  နစ်နာမှု များပြားတဲ့အပြင် စစ်ဆေးရေး အရာရှိတွေ အနေနဲ့လည်း ကောင်းမွန်တဲ့ လုပ်ငန်းခွင်ဖြစ်ဖို့ မလုပ်ပေးနိုင်သလို ၊ စောင့်ကြည့်တာတွေလည်း မရှိနိုင်တော့ ဘူးလို့  မနွေဦးကပြောပါတယ်။

  • စစ်ဆေးရေးအရာရှိများ အဂတိကင်းရဲ့လား 

“ ပြီးခဲ့နှစ်က ကျွန်မတို့ စက်ရုံကို အချိန်ပိုနဲ့ ပတ်သက်ပြီး လာစစ်တုန်းက ကျွန်မက ပြောတယ် စက်ရုံမှာ ၆ နာရီခွဲ အထိ ဆင်းရတယ်၊ နောက် တနင်္ဂနွေလည်း ဆက်ဆင်းရတယ်လို့ ပြောပြပါတယ်။ အဲဒီ စစ်ဆေးရေးအရာရှိက ၅ နာရီခွဲအထိလို့ ရေးလို့ ရမလားတဲ့ ။ သူဆိုလိုတာ ကျွန်မအမှန်တိုင်းပြောတဲ့ အချိန်ပိုကို လျှော့ပေးဆိုတာမျိုး ပေါ့” လို့ လှိုင်သာယာစက်မှုဇုန်က အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ မအငယ်မက သူ့အတွေ့အကြုံကို  ပြောပြပါတယ်။ 


စက်ရုံ စစ်ဆေးတာတွေကို သတင်းတွေမှာ ဖော်ပြပြီး ၊ တိုင်ကြားမှုတွေပြုလုပ်ပြီး ကာလ အတော်ကြာမှ ပြုလုပ်တာဖြစ်လို့ စက်ရုံဘက်က ပြင်ဆင်ဖို့ အချိန်ရသလို စက်ရုံကို စစ်ဆေးမဲ့အကြောင်းကိုလည်း အလုပ်သမားရုံးတွေက ကြိုတင် အကြောင်းကြားထားပြီး ဖြစ်တယ်လို့ မနွေဦး က ပြောပါတယ်။


“စစ်ဆေးရေးတွေ ဘယ်လို စစ်စစ်၊  အချိန်တန် အလုပ်သမားက ဘယ်လို ချိုးဖောက်မှုတွေ ရှိတယ်ဆိုတာ ဖြေတယ် ဆိုရင်  အလုပ်ရှင်ဆီကို အချက်အလက် အကုန်ရောက်တယ်။ ဘာလို့လဲဆိုတော့ စစ်ဆေးရေးတွေရဲ့ အထက်၊ ဥပဒေရဲ့အထက်မှာ အလုပ်ရှင်ရှိတာကိုး။  ခေတ်ပျက်မှ စုပေါင်း စပ်ပေါင်း လုပ်စားနေ ကြရတာ။" လို့  ပြောဆိုပါတယ်။ 


အလုပ်သမားတွေရဲ့ အချက်အလက်တွေ မပေါက်ကြားအောင် စောင့်ထိန်းရမဲ့အရာဟာ ကျင့်ဝတ်ဖြစ်သလို အဲလို့ ထိန်းသိမ်းဖို့ အခွင့်အာဏာလည်း စစ်ဆေးရေးအရာရှိတွေမှာ ရှိတယ်လို့ မနွေဦးက ဆက်ပြောပါတယ်။ 

  • စစ်ဆေးမှုအပြီး ဘာကြောင့် အရေးယူမှု မလုပ်သလဲ

စက်ရုံအလုပ်ရုံတွေကို ဝင်ရောက်စစ်ဆေးမှုတွေရှိပေမဲ့ အရေးယူမှု မရှိတာ၊ စက်ရုံအတွင်း ပြုပြင်ပြောင်းလဲမှု မရှိတာတွေတာဟာ လာဘ်ပေးလာဘ်ယူတွေ ရှိနေတာကြောင့်လို့ စက်မှုလက်မှုနှင့် ကုန်ထုတ် အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က သုံးသပ်ပြောဆို ပါတယ်။ 


“အလုပ်သမားတွေက ချိုးဖောက်ခံရလို့ အလုပ်သမားရုံးတွေကို သွားတိုင်တယ်၊ အရေးမယူဘူး ပေါ့။ ဒီလိုဆိုရင် လာဘ်ပေး လာဘ်ယူ မလုပ်ဘဲ ရနိုင်ပါ့မလား ၊ မေးခွန်းထုတ်စရာ ဖြစ်မနေဘူးလား ။ နောက် လာဘ်ပေးလာဘ် ယူ ဆိုတာက မြန်မာနိုင်ငံမှာ ထူးဆန်းတဲ့ ကိစ္စလည်း မဟုတ်ဘူး “ လို့ ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။


စက်ရုံလုပ်ငန်းရှင်တွေမှာ ဖော်ပြလို့မရတဲ့ ကုန်ကျစာရိတ်တွေထဲမှာ လာဘ်ပေးရတဲ့ ကုန်ကျစာရိတ်တွေပါဝင်ပြီး ဒီလို စာရိတ်တွေအတွက်  အလုပ်သမားတွေအပေါ်က ခေါင်းပုံဖြတ်ပြီး ရယူနေတယ်လို့လည်း ဆိုပါတယ်။ 
စက်ရုံလာရောက် စစ်ဆေးတဲ့ အရာရှိတွေ အပြန်မှာ တံစိုးလက်ဆောင်တွေပါသွားတာကို မြင်တွေ့ခဲ့ဖူးတဲ့ မအငယ်မက တွေ့ကြုံခဲ့တာကို အခုလို ပြောပါတယ်။


“စစ်ဆေးရေး ဝင်လာတာ ၆ ယောက်ပဲ၊ အပြန်မှာ ခြင်းတွေ အထုတ်တွေနဲ့ ပြန်သွားကြတယ်” လို့ မအငယ်မက ပြောပါတယ်။ 
W&F စက်ရုံကို တိုင်းဦးစီးမှူးဆိုသူ အရာရှိတွေက စစ်ဆေးမှုတွေပြုလုပ်နောက်မှာ အချိန်ပိုခေါ်ယူမှုတွေ ကို တနာရီ နောက်လျှော့ချလိုက်ပေမဲ့ အဲ့ဒီ ရက်သတ္တပတ်အတွက် အချိန်ပိုလုပ်ကိုင်ခဲ့တဲ့ အချိန်ဟာ အလုပ်သမား ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေထက် ပိုပါတယ်။

 
“တနင်္လာကနေ ကြာသာပတေး ၄ ရက်က တစ်ရက် ၄ နာရီနဲ့ ဆင်းထားတယ်။ ဦးစီးမှူးတွေလာစစ်တဲ့နေ့မှာ တစ်နာရီ လျှော့လိုက်တော့ တရက် သုံးနာရီအချိန်ပိုကို ၂ ရက်လုပ်လိုက်ရတယ် ။ စုစုပေါင်း  ၂၂ နာရီ။ ကျွန်မတို့ လုံးဝ မနားခဲ့ရတာ၊ ဒါပေမဲ့ သူတို့လာလို့ လျှော့ချတယ်ဆိုပေမဲ့ ။ အရေးယူတာ မရှိခဲ့ဘူး” လို့ မစန္ဒာဝင်းက ပြောပါတယ်။ 


အချိန်ပို သတ်မှတ်ချက်ထက် ပိုပြီး ခိုင်းစေမှုတွေကို ဥပဒေအရ အရေးယူနိုင်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ကြေညာထားသလို အရင်ကာလတွေမှာတော့ အလုပ်ရုံများ အက် ဥပဒေနဲ့ အရေးယူလေ့ ရှိတယ်လို့ အလုပ်သမား အရေး လှုပ်ရှားသူတဦးက ပြောပါတယ်။ ဒီလို ဥပဒေနဲ့ဆိုရင် ကျပ်သိန်း ၂၀ အောက် မနည်းတဲ့ ငွေဒဏ်ကို ချမှတ် ခံရမှာ ဖြစ်ပါတယ်။ 
စစ်ကောင်စီအုပ်ချုပ်တဲ့ အာဏာသိမ်းကာလအတွင်း လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး မရှိတဲ့အပြင် အလုပ်သမားသမဂ္ဂတွေ ကလည်း ကူညီနိုင်တဲ့ အခြေအနေမျိုး မဟုတ်တာကြောင့် စက်ရုံအလုပ်ရုံ စစ်ဆေးရေး အရာရှိတွေဆီကို မှန်ကန်တဲ့ အချက်အလက်ရောက်ဖို့နဲ့ အရေးယူမှုတွေ ဆောင်ရွက်ပေးဖို့ဆိုတာ  မျှော်လင့် ထားလို့ မရတော့ဘူးလို့လည်း အလုပ်သမားကူညီရေးအဖွဲ့အစည်းအားလုံးက တညီတညွတ်တည်း ပြောဆို ထားပါတယ်။


အထည်ချုပ် အလုပ်သမားတွေရဲ့ ဥပဒေပါ အခွင့်အရေးနဲ့ သတ်မှတ်ချက်တွေအတွက်တော့ ပုစ္ဆာရှိပြီး အဖြေ မရှိ ဖြစ်နေပါတော့တယ်။ 

 

 

 


Related posts

Cover
အဓမ္မ စစ်မှုထမ်းခိုင်းစေရန် ပေါ်တာဆွဲမှုမှာ အကာကွယ်မဲ့နေတဲ့အလုပ်သမားထု
Dec 22, 2024
Cover
အဖြေရှာဖို့ ခက်ခဲသေးတဲ့ ကလေးလုပ်သားပုစ္ဆာ
Dec 21, 2024
Cover
ကျပ်တည်းခက်ခဲလာတဲ့ အခြေခံပြည်သူတွေရဲ့ဒုက္ခ
Nov 26, 2024
Cover
ညီမမေသူ သို့ ပြန်စာ - ၁
Nov 19, 2024
Cover
"ကိုမင်း ဈေးထဲ လမ်းလျှောက်ထွက်ခြင်း"
Nov 18, 2024
Cover
"ဝေးကွာလာသည့် ပြည်ပအိမ်မက်များ”
Nov 17, 2024
Cover
ပြောပြရဦးမယ် လူမှုဖူလုံရေးတွေအကြောင်း
Nov 17, 2024
Cover
ခါးသီးသောဆုံးဖြတ်ချက်များ၏ နောက်ကွယ်
Nov 08, 2024