ကိုဗစ်ကာလမှာ အာဏာသိမ်းလိုက်တဲ့အချိန် အထည်ချုပ် အလုပ်သမတစ်ဦးရဲ့ ရင်တွင်းစကားသံလို့ပဲ ပြောပါရစေ။
ကျွန်မကတော့ အထည်ချုပ်စက်ရုံက စက်ချုပ်ဝန်ထမ်းတစ်ဦးပါ။
ကျွန်မတို့အလုပ်သမားတွေ ပထမကိုဗစ်နဲ့ ဒုတိယကိုဗစ်ကို အလူးအလဲခံစားနေရတဲ့အချိန်မှာကိုဗစ်ကာကွယ်ဆေး ထိုးရတော့မယ်ဆိုတော့ မျှော်လင့်ချက်တွေနဲ့ပေါ့။ မမျှော်လင့်ဘဲ စစ်တပ်ကအာဏာသိမ်းပြည်သူ့အစိုးရကို ထိန်းသိမ်းလိုက်တာသိသိချင်းပဲ မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရတယ်။
"ကျွန်မတို့ဖိနှိပ်ခံအလုပ်သမားတွေဘဝက နစ်သထက်နစ်ရတော့မယ်ဆိုတာ ပြောပြစရာတောင်လိုမယ်မထင်တော့ပါဘူး။ ဒါကြောင့် ကျွန်မတို့စက်မှု့ဇုန်အလုပ်သမားတွေ အာဏာရှင်ကိုတွန်းလှန်ဖို့ လုပ်ငန်းခွင်အတွင်း ကမ်ပိန်းတွေ ပြုလုပ်ပြီး ရန်ကုန်မြို့ရဲ့လမ်းမပေါ်ကို ဖေဖေါ်ဝါရီ (၆)ရက်နေ့မှာ မနက်အစောဆုံးကျမတို့ ရောက်ရှိနေခဲ့တယ် ဆန္ဒပြသပိတ်မှောက်ချီတတ်ဖို့ တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်လိုက်ပါတယ်။ ဖိနှိပ်ခံဘဝက ဘာများထက်ဆုံးရှုံးစရာရှိအုံးမှာလဲလို့လည်း တွေးနေခဲ့တယ်။"
မကြာပါဘူး ရွှေ့ပြောင်းအလုပ်သမားအများစုနေထိုင်တဲ့ လှိုင်သာယာမြို့လေးကို အာဏာသိမ်းစစ်တပ်က လူမဆန်စွာ ပစ်ခတ်ဖြိုခွင်းပါတော့တယ်။ ကျွန်မတို့ အလုပ်သမားညီကိုမောင်နှမတွေနဲ့ သူရဲကောင်းများစွာ အသက်တွေပေးဆပ်ခဲ့ရတယ်။ ဘယ်လောက်ထိအောင် လှိုင်သာယာကိုဖိနှိပ်ခဲ့လဲဆိုရင် လမ်းပေါ်ကိုဘယ်သူမှထွက်လို့မရတဲ့ထိ ဖြစ်ခဲ့ရတယ်။ အဲ့နောက်မှာတော့ ကျွန်မတို့စက်မှုဇုန်အလုပ်သမားများရှိနေတဲ့ စက်ရုံအလုပ်ရုံတွေကိုပါ စစ်အုပ်ချုပ်ရေး ကြေငြာလိုက်ပြီး ဖမ်းဆီးမှု့တွေကို ရင်ဆိုင်ရတော့တာပါပဲ။
ဒါတွင်မကသေးပါဘူး။ စစ်ကောင်စီအားကိုးနဲ့ လူမဆန်တဲ့အလုပ်ရှင်တွေကလဲ ကျွန်မတို့အလုပ်သမားတွေအပေါ် ဖိနိပ်မှု၊ မတရားခိုင်းစေမှု၊ လုပ်အားခေါင်းပုံဖြတ်မှု၊ အလုပ်သမားတွေကို စိတ်ထင်တိုင်း အလုပ်ဖြုတ်၊စက်ရုံတွေကို ဥပဒေမဲ့ပိတ်၊ အလုပ်သမားအခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတော့တာပါပဲ။ ဒါ့အပြင် စစ်တပ်လက်အောက်ခံအလုပ်သမားဝန်ကြီးဌာနများကလည်း အလုပ်ရှင်သဘောကျ ဆောင်ရွက်နေကြတော့ အလုပ်သမားတွေ အနေနဲ့ ပိုပြီးခံစားရပါတယ်။
စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ဖေဖော်ဝါရီ ၁ရက်နေ့တည်းကနေအခုချိန်ထိ ပြန်ကြည့်မယ်ဆိုရင် ကျွန်မတို့အလုပ်သမားတွေကို ဥပဒေမဲ့ အလုပ်ထုတ် စက်ရုံပိတ်သိမ်းမှု့များကြောင့် အလုပ်လက်မဲ့ဖြစ်နေရတဲ့ အလုပ်သမားတွေက များသထက် များလာပါပြီ။
အဲ့လောက်နဲ့မပြီးသေးပါဘူး။ မကြာသေးခင်က ကိုဗစ် တတိယလှိုင်းကို ခါးစီးပြီး ခံရပြန်တယ်။ အဆိုးဆုံးကတော့ မိုးရာသီတုပ်ကွေးနဲ့ ရောထွေးပြီး အဖျားအနာပိုများတာကတစ်ပိုင်း။ နောက်တစ်ခုကတော့ အလုပ်ရှင်လို့ပဲပြောပါရစေ။ လုပ်ငန်းခွင်အတွင်း ဖျားနာနေသူများကို ကျန်းမာရေးစောင့်ရှောက်မှုမပေးခြင်းပါ။ မိမိတို့ ကိုဗစ်ကူးစက်နေတာကိုပင် ဆေးကုသမှု မပေးလုပ်ငန်းခွင်အတွင်း အလုပ်လုပ်ခိုင်းထားသည့်အတွက်ကြောင့် ကူးစက်မှုက အမြင့်ဆုံးထိ ရောက်ခဲ့ရပါတယ်။
ဒီထက် ပိုရင်နာစရာကောင်းတာကတော့ ကျွန်မတို့လုပ်အားခထဲမှ လစဥ်လတိုင်း ထည့်ဝင်ပေးဆောင်နေရတဲ့ လူမှုဖူလုံရေးဆေးခန်းတွေရဲ့ လုပ်ရပ်ပါ။ အလုပ်သမားတွေ ကိုဗစ်မှန်းမသိ၊ တုပ်ကွေးမှန်းမသိ အားကိုးတစ်ကြီးနဲ့ဆေးခန်းလာပြရင် လူနာတောင်မကြည့်ပေး၊ ဆေးပေးဖို့တော့ဝေး။
ဆေးခွင့်တစ်ခုသာ မကောင်းတတ်လို့ လုပ်ပေးနေရတာ အထင်းသား မြင်နေရပါတယ်။ ခွင့်ကျတော့လဲ ၃ရက်အပြင် ပိုမရဘူး။ အလုပ်ရှင်က ခွင့်ရက်ရှည်ပေးရင် မကြိုက်ဘူးလေ။ သူတို့လုပ်ရပ်တွေက ကျွန်မတို့ ရင်ထဲမှာ သံမှိုတစ်ခုပါပဲ။ ၃ရက်ပြည့်လို့ မသက်သာရင် ဆေးရုံတက် အလုပ်ထွက်ပေါ့။ ဘယ်လောက်ထိအောင် လက်လွတ်စပါယ် လုပ်နေအုံးမှာလဲလို့ ကျွန်မစိတ်ထဲကမေးမိပါတယ်။
မေ့ထားလို့မရတာ တစ်ခုထပ်ပြော ပါရစေနော်။ နေမကောင်းလို့ဆိုပြီး ဖူလုံရေးဆေးခန်းကို အေးဆေးမှသွားမယ်လို့ မစဉ်းစားနဲ့။ မနက်၈နာရီကနေ နေ့လည် ၁၂ဆို ဆေးခန်းက ပိတ်တာတော်ရေ။ ပြန်စဥ်းစားကြည့်တော့ ကျွန်မတို့ လစဥ်လတိုင်း ဖူလုံရေးကို ထည့်ဝင်ထားတဲ့ ပိုက်ဆံတွေနဲ့ လာပြကြတာပါ။အလကား လာပြကြတာမှ မဟုတ်တာ။ အလုပ်သမားတွေဟာ နေမကောင်းလဲ အလုပ်ဆင်း၊ အနံ့ပျောက်လဲအလုပ်ဆင်းကြရတယ်။
ကြာလာတော့ အလုပ်သမားတွေက ဒီဒဏ်ကိုမခံနိုင်ကြတော့။ ဒါပေမဲ့ အလုပ်မပြုတ်ရေးအတွက် မိမိကျန်းမာရေးကို မငဲ့ကွက်နိုင်ကြဘူးရယ်။ အဲ့တော့ခက်ကုန်ပြီပေါ့။ ပြီးတော့ လုပ်ငန်းခွင်ထဲမှာလဲ ဘယ်သူက ကိုဗစ်ဖြစ်နေလဲမသိတော့ အကုန်ကူးစက်ကုန်ရော။ စိတ်မကောင်းစရာပါပဲ။ လုပ်ငန်းခွင်ထဲ အမိန့်စာတွေထုတ်ပြန်မှ ဘယ်သူသေလို့ ဘယ်လိုင်းကဆိုတာ သိကြရတယ်။ ဘာလို့သေတယ်ဆိုတာ သိခွင့်မရှိဘူး။
“လုပ်ငန်းခွင်ထဲမှာ တစ်ကယ့်ငရဲကျနေ ကြရတယ်။ ကျွန်မတို့ အလုပ်သမားသမဂ္ဂအလုပ်တွေ အားကောင်းနေတုန်းကဆို ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းတွေကို သာသာယာယာပဲ ကျော်ဖြတ်ခဲ့ကြတာ။ ဘာကြောင့်လဲ။ အဖြေကရှင်းပါတယ်။ အလုပ်သမားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု့ အကာကွယ်တွေလုပ်ပေးဖို့ လုပ်ငန်းရှင်တွေကို တောင်းဆိုဖိအားပေး နိုင်ခဲ့လို့ဆိုတာ ငြင်းလို့မရပါဘူး။”
အချုပ်ပြောချင်တာက အလုပ်ရှင်များအနေနှင့် မိမိတို့စက်ရုံအတွင်းမှာ နှစ်ရှည်လများ လုပ်အားတွေနဲ့ ပေးဆပ်ခဲ့ကြတဲ့ အလုပ်သမားတွေကို တန်ဖိုးထားပေးပါ။ အနိမ့်ဆုံးတော့ ကျန်းမာရေးစောင့်ရှောက်မှုလေးတော့ ပေးပါ။ မိသားစုဝမ်းရေးအတွက်သာ လုပ်ငန်းခွင်ဝင်နေတဲ့ အလုပ်သမားတွေကို လက်လွတ်စပါယ် မဖိနှိပ်ကြပါနဲ့။ ဖိနှိပ်မှု အထပ်ထပ်နဲ့ ရုန်းကန်နေရတဲ့ ဘဝတူအလုပ်သမားများကို ကျွန်မတို့ နိုင်ငံဒီမိုကရေစီရတဲ့အချိန်ထိ ကျန်းကျန်းမာမာနဲ့ ပြန်တွေ့ရဖို့ ဆုတောင်းနေမိတာ ကျွန်မရဲ့စစ်မှန်တဲ့မေတ္တာပါ။
#အိ
#အလုပ်သမားများ မှ အလုပ်သမားများ သို့ ကဏ္ဍ(၁)
#FederationofGeneralWorkersMyanmar_FGWM
#MyanmarLabourNews