NEWS

အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာသတင်းအချက်အလက်ရရှိမှု ဆိုရွားစွာကျဆင်းနေပြီး စစ်ကောင်စီတပ်ရဲ့ အကြမ်း ဖက်မှုတွေပိုများလာဟုဆို

CoverLogo
648 Views

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တွေမှာ အင်တာနက်ဖြတ်တောက်ပြီးတဲ့နောက် စစ်တပ်က ကျေးရွာတွေအတွင်း ဝင်ရောက်စီးနင်းပြီး အကြမ်းဖက်မှုတွေဟာ ပိုမိုဆိုးဝါးလာတာကြောင့် သတင်းအချက်အလက်တွေ မှန်ကန်စွာ စီးဆင်းဖို့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ ဝိုင်းဝန်းကူညီကြစေချင်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ယခင်ကတော့ လူမှုကွန်ရက်တွေအသုံးပြုပြီး သတင်းစီးဆင်းတာ၊ သတင်းရရှိတာတွေ ရှိခဲ့ပေမယ့် လတ်တလောမှာတော့ အင်တာနက်ဖြတ်တောက်ခံထားရတာကြောင့် သတင်းအချက်အလက်သိပိုင်ခွင့် အင်မတန်နည်းပါးသွားပြီလို့ ဒေသခံတွေက ဆိုကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ပြည်သူတစ်ဦးက"အင်တာနက်မရတဲ့အခါမှာ လူတွေက ကျီးလန့်စာစားနေရတယ်ပေါ့နော်၊ သူတို့ မဝင်သေးဘူးဆိုရင်တောင်မှ သူတို့က ဆိုက်ဝါးထည့်တာပေါ့နော်၊ဘယ်နေ့မှာတော့ ဝင်မယ်၊ ဘယ်အခြမ်းကိုတော့ လေယာဉ်နဲ့လာမယ်၊ ဘယ်နေ့ ဘယ်ထွက်မယ်ဆိုတဲ့ပုံစံမျိုးတွေ၊ ဆိုက်ဝါးသတင်းတွေ ထည့်တယ်ပေါ့နော်၊ ထည့်တဲ့ခါကျတော့ ပြည်သူလူထုမှာ အဲ့ဒီ သတင်းတွေကြားတဲ့ခါကျတော့ အင်တာနက်ကလည်းမရဘူး၊ ကျန်တဲ့ ဒီ သတင်းအချက်အလက် ကွန်ရက်စီးဆင်းမှုကလည်း မရှိတဲ့ခါကျတော့ သူတို့ထည့်တဲ့ သတင်းပေါ်မှာပဲ ပြည်သူတွေက ယုံပြီးတော့ ကြောက်ပြီးတော့ ညတွေမှာ မအိပ်ရတာမျိုးတွေ၊ ဒါမျိုးတွေပေါ့နော်၊အခက်အခဲတွေ အများကြီးဖြစ်တယ်ဗျ"လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ပြည်သူတွေအတွက် မှန်ကန်တဲ့သတင်းတွေ၊ မှန်ကန်တဲ့ အချက်အလက်တွေ ရရှိဖို့ လိုအပ်နေတယ်လို့ ဆိုကြပါတယ်။သတင်းအချက်အလက် စီးဆင်းဖို့အတွက်ကိုလည်း ကူညီနိုင်တဲ့ ပြည်တွင်း၊ပြည်ပက အဖွဲ့အစည်းတွေ ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း တောင်းဆိုနေကြပါတယ်။

ယခင် အင်တာနက် ရရှိချိန်က   စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုတွေကို လူမှုကွန်ရက်ကနေတဆင့် မျှဝေသတိပေးတာတွေ လုပ်နိုင်ခဲ့ကြပေမယ့် လတ်တလောမှာတော့ သတင်းကြိုတင် မရရှိကြတော့ဘဲ ဝင်ရောက်စီးနင်းခံရတာတွေရှိလာတဲ့အတွက် ပြည်သူတွေအနေနဲ့  ထိတ်လန့်စွာနေထိုင်နေကြရတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူ အမြောက်အများရှိလာတဲ့အတွက်လည်း နေထိုင်ရေး၊ လုံခြုံရေး၊ ဆေးဝါး၊စားရေးသောက်ရေးကအစ အရေးပေါ်လိုအပ်လာကြတယ်လို့လည်း သိရပါတယ်။

ရွှေဘိုနယ်ရှိ ပြည်သူတစ်ဦးက"ဆေးဝါးတွေလည်း အရမ်းလိုအပ်တာပေါ့နော်၊ လုံခြုံရေးလိုအပ်တယ်၊ဆေးဝါးလိုအပ်တယ်၊စားရေးသောက်ရေး ကိစ္စတွေ ဒါတွေ လိုအပ်တယ်ပေါ့ဗျာ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေပါတယ်၊မသန်စွမ်းတွေပါတယ်၊ ကျွန်တော်တို့ ဒေသဆိုလို့ရှိရင် ရာသီအလိုက်ဖျားတာပေါ့နော်အိုမီခရွန်၊ ကိုဗစ်လိုပုံစံမျိုးပေါ့၊ ဒါတွေကလည်း ကူးစက်ကြတာပေါ့နော်၊ ကူးစက်ကြပေမယ့် ပြည်သူလူထုမှာကျတော့ ဆေးဝါးကုသလို့ မရတဲ့ခါကျတော့ ကိုယ့်နီးစပ်ရာ၊ ကိုယ့်ရိုးရာဓလေ့ ကုသတဲ့ ရှေးရိုးထုံးစံ၊ဆေးနည်းပညာနဲ့ပဲ ကုသနေရတဲ့အနေအထားပေါ့" လို့ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာတော့ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ တစ်နေရာထဲမှာ စုပေါင်းနေထိုင်လို့ မရဘူးလို့လည်း သိရပါတယ်။

စုပေါင်းနေထိုင်ပါက သက်ကြီးရွယ်အိုတွေ၊အမျိုးသမီးတွေ၊ ကလေးတွေပါမချန် လာရောက်ပစ်ခတ်တာ၊ ဖမ်းဆီးတာတွေလုပ်တယ်လို့ သိရပါတယ်။

နယ်မြေခံ ရဲစခန်းရှိရာနေရာတွေမှာလည်း ဈေးရောင်းဈေးဝယ်သွားလာနေတဲ့ ပြည်သူတွေထံကနေ ပါလာတဲ့ စားသောက်ကုန်တွေကို တဝက်ခန့်ခွဲပြီး သိမ်းယူတာတွေရှိတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းအတွင်း သွားလာနေထိုင်ကြတဲ့ အသက်၂၀ကနေ ၃၀အကြား လူငယ်တွေကို တွေ့ရှိပါက အင်္ကျီအဝတ်အစားချွတ်ပြီး စစ်ဆေးတာတွေ၊ ဖမ်းဆီးပြီး ငွေကြေးတောင်းယူတာတွေ ကို စစ်ကောင်စီ တပ်တွေက လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအလယ်ပိုင်း ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ ဝက်လက်၊ ရွှေဘို၊ ခင်ဦး၊ ဒီပဲယင်း၊ ရေဦး၊ကန့်ဘလူ၊ ကျွန်းလှ စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးနေပြီး ပြည်သူတွေကို သတ်ဖြတ်တာ၊ မီးရှို့ဖျက်စီးတာ၊တန်ဖိုးရှိ ပစ္စည်းတွေကို သိမ်းဆည်းယူငင်တာ၊လက်နက်ကြီး လက်နက်ငယ် တွေနဲ့ ပစ်ခတ်တာ၊ရဟတ်ယာဉ်နဲ့ပစ်ခတ်တာ၊ ပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်သွားတာတွေ လုပ်ဆောင်နေတာဖြစ်ပြီး အင်တာနက်ဖြတ်တောက်ခံထားရတာကြောင့် သတင်းစီးဆင်းနိုင်မှု မရှိဘူးလို့ သိရပါတယ်။

ထီးချိုင့်မြို့နယ်အတွင်းမှာလည်း အင်တာနက်ဖြတ်တောက်ပြီး နောက်ပိုင်း ကျေးရွာရှိ နေအိမ်တွေကို မီးရှို့တာတွေရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ထီးချိုင့်နယ်ခံတစ်ဦးက"ပိုဆိုးလာတာပေါ့၊ပိုဆိုးလာတယ်ဆိုတာက အခုဟာက ရွာတွေကို ဖိတယ်လေ၊ရွာတွေကို ဖိပြီးတော့မှ အခု မီးရှို့တော့ ပိုဆိုးတာပေါ့၊ဘယ်မှ ချိတ်လို့မရတော့၊ ဟိုနေ့က သခွပ်ချောင်ဆို ၁၃လုံးဗျာ၊ အင်တာနက်ဖြတ်ပြီး မီးရှို့သွားတာ"လို့ပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသတချို့မှာ အင်တာနက်လိုင်းတင်မက ဖုန်းလိုင်းတွေပါ ဖြတ်တောက်ထားပြီး အထိုင်ဖုန်းခွက်တွေနဲ့(CDMA) သုံးစွဲပါကလည်း ထောင်ဒဏ်ငါးနှစ်နဲ့ ငွေဒဏ် ငါးသိန်းကျပ်အထိ အရေးယူမယ်လို့ စစ်ကောင်စီဘက်က ကြေညာထားကြောင်း ဒေသခံ တွေထံက ဆက်လက် 
သိရပါတယ်။

Photo-Internet


Related posts

Cover
နေ့စဉ် ငလျင် ၇ ကြိမ်ထက်မနည်းလှုပ်ခတ်နေ
Apr 19, 2025
Cover
မြန်မာ့ရွှေဈေး ၃ရက်အတွင်း ကျပ် ၅သိန်းနီးပါး ခုန်တက်
Apr 11, 2025
Cover
ဝေဖန်မှုများစွာရှိသည့် ပျော်ဘွယ်KBZ bank ဖြေရှင်းချက်ထုတ်ပြန်
Apr 11, 2025
Cover
SMS (စာတို)ပို့ပြီး လိမ်လည်ရန်ကြိုးပမ်းမှုများလာ
Apr 09, 2025
Cover
မြန်မာ့ငလျင်ဘေး အပြင်းထန်ဆုံးကြုံရသူ ၉ ဒသမ ၁ သန်းရှိကြောင်း ကုလဖော်ပြ
Apr 09, 2025
Cover
ပြည်တွင်း အလည်အပတ် ဗီဇာ လျှောက်ထားမှုကို ယာယီရပ်ဆိုင်း
Apr 07, 2025
Cover
ပျော်ဘွယ် KBZ ဘဏ် ဝန်ထမ်း ၁၀ဦးသေဆုံး
Apr 07, 2025
Cover
ရာအိမ်မှူးများမှ တဆင့် အကျဉ်းသားမိသားစုဝင်များအား ငွေကြေးလိမ်လည်မှုများရှိနေ
Apr 07, 2025