မိထူး သီတင်းကျွတ်မဲ့ အချိန်ကို မျှော်နေတာ သင်္ကြန်ပြီးကတည်း က ။
ရန်ကုန်မှာနေတဲ့ မိထူး သူ့အမေဘက်က အဖွားတွေနဲ့ ဦးလေး အဒေါ် ဆွေမျိုးတွေက မနည်းမနော ။ ဒါတွေကို တဦးချင်း လိုက်ကန်တော့မယ်ဆိုရင် ရလောက်မဲ့ ပမာဏက လက်ချိုးတွက်တာတင် တော်တော်များများ ရနိုင်တာကို တွက်မိထား ။
ဒါကြောင့် မိထူး သင်္ကြန်အပြီးကတည်းက သီတင်းကျွတ်ကာလကို မျှော်နေတာ ။
မိထူးရဲ့ မိသားစုက ရပ်ကွက်ထဲမှာ အတော်အတန် ကြွယ်ဝတယ်လို့ ပြောနိုင်ပါတယ်။ အဖေက မကွေးဘက်က မြေလတ်သား။ စက်ပစ္စည်း စိတ်ဝင်စားသူ ။ မိဘတွေက လယ်တွေယာတွေရှိပေမဲ့ ၊ ထိုင်းကို သွားရောက် အလုပ်လုပ်ကိုင်ပြီး ကိုယ်ပိုင် အရင်းအနှီး ရှာဖွေ ခဲ့သူ။ လက်ရှိ ကုန်ပစ္စည်းတင် လူစီးယာဉ် အလယ်အလတ် တစီး နဲ့ အရွယ်မရောက်သေးတဲ့ မိထူးတို့ကို ရှာဖွေကျွေးမွေး နေပါတယ်။
မိထူး အမေကတော့ ရန်ကုန်သူ ။ ရန်ကုန်ဆင်ခြေဖုံးက ကျေးရွာလည်းမက ရပ်ကွက်လည်း မဟုတ်တဲ့ ရပ်ကွက်တခုက ဒေသခံတွေပါ။ လယ်တွေကတော့ စက်မှုဇုန်တည်တော့ မြေအသိမ်းခံရတဲ့ လယ်သမားမျိုး တွေပါ။ လယ်တွေ အသိမ်းခံရ၊ ကျေးရွာကို ရပ်ကွက်ပုံပြန်ဖော်တော့ ကိုယ်တိုင်နေထိုင်ဖို့ မြေနေရာအတွက် ငွေပြန်သွင်းခဲ့ရတဲ့ လယ်သမားတွေပါ။
လယ်အသိမ်းခံရတော့ မိထူးအမေတို့ မိသားစု စီးပွားပျက်ခဲ့ရတယ် ။ ဒီကနေ မိထူးအမေအပါအဝင် ဦးလေးတွေ၊ အဒေါ်တွေ ရုန်းကန်ပြီး ပြန်ကြိုးစားခဲ့ကြတော့ ပုံမှန်အနေအထား ပြန်ဖြစ်လာကြတာပါ။
မိထူး မေမေလည်း ထိုင်းဘက်သွား အလုပ် လုပ်ပြီး မိသားစုအတွက် ကြိုးစားခဲ့ရတာပါ။ လက်ရှိ မိထူးအမေက ဈေးဆိုင်နဲ့ ဈေးရောင်း နေတာပါ။
အရောင်းအဝယ်နဲ့ စီးပွားရှာတတ်တဲ့ မိဘတွေရဲ့ ဗီဇက မိထူးမှာ အပြည့်ပါလာတယ်။
ရန်ကုန်မြို့မှာ ဆန္ဒပြပွဲတွေ ဖြစ်တော့ မိထူး အသက်က ရှစ်နှစ် ကျော်လောက်ပဲ ရှိသေးတယ်။ ဈေးကွက် အမြင်ရှိ တဲ့ မိဘ နှစ်ပါးအကူအညီနဲ့ မရမ်းသီးပြားတွေ ချိုချဉ်ငံစပ် လုပ်ပြီး ရောင်းခဲ့သေးတယ်။
မိထူးအဖေ ခေါက်တို သယ်ပေးခဲ့လို့ လက်ဆောင်ရလာတဲ့ မရမ်းသီးတွေကို အချိုစိမ်ထား ၊ ဒီ မရမ်းသီးတွေ ကို မိထူး အမေက ငံပြာရည်၊ ငရုပ်သီးမှုန့်နဲ့ မကြာခဏ စားကြတာကို သိနေတဲ့ မိထူး၊ ဒါကို အကြံရပြီး ဈေးရောင်းခဲ့ ပါတယ်။ ဈေးရောင်းမယ်ဆိုတော့ လူကြီးတွေ ဝိုင်းဝန်းပြီး ကူညီခဲ့ကြပါတယ်။ ဒီကတည်းက ဆွေးမျိုးများကြား ဈေးတွက် တွက်တက်လို့ မိထူး နာမယ်ရလာတာပါ။
ကလေးနဲ့ မလိုက်အောင် အသက်ငယ်ငယ်နဲ့ အကွက်အကွင်း မြင်တက်ပုံကိုလည်း ဦးလေးတွေ အဒေါ်တွေက ချီုးကျူးကြတာပေါ့။
ဒီလို သီတင်းကျွတ်ကာလမျိုးကို မိထူးတို့ ရာသီလို့တောင် ပြောလို့ရတယ်။ သီတင်းကျွတ်ပြီး တန်ဆောင်တိုင် ဆိုတာ့ ဒီလိုကာလက ကလေးတွေ အပျော်အပါးရာသီလို့ ပြောနိုင်ပါတယ်။ မိထူးတို့ကတော့ ငွေရှာတဲ့ ရာသီလို့ သတ်မှတ်ထားမလား ပဲ ။
တကယ်ဆို မိထူးက ကိုယ်တိုင် ဈေးရောင်း၊ ကိုယ်တိုင်တောင် ငွေရှင်ချင်နေ သူ ။
သီးတင်းကျွတ်ဆို ကိတ်မုန့်လည်း ရောင်းချင်၊ ယိုလည်း ရောင်းချင်နဲ့။ ဘာလို့ဆို ဒီလို ဆိုင်လေးတွေ ရပ်ကွက်ထဲ မတွေ့ရတော့ဘူး ။ ဈေးကွက်လိုအပ်ချက်ကို မိထူးနာလည် နေပုံပဲ။ ဈေးမရောင်းပေမဲ့ ဝင်ငွေတော့ ရအောင်ရှာဖို့ အတွေးတော့ အမြဲရှိနေတယ်။
ဒီနှစ် သူ့အဖေဘက်က အဖိုးဖြစ်သူ ပေးထားတဲ့ မုန့်ဖိုး ငါးထောင်နဲ့ ဗမာ့ တန်ခိုး နှစ်ဆ တိုးဖို့ မိထူး တွေးထား ပါတယ်။
ဦးလေးတွေ အဒေါ်တွေကို ကန်တော့ရင်ဖြစ် နှစ်ဆတင်မက ဆယ်ဆမက တိုးနိုင်မယ် ဆိုတာက မိထူး ရဲ့ အကြံအစည်ပါ။ ဦးလေးနဲ့ အဒေါ်ပဲ စုစုပေါင်း ရှစ်ယောက်ဆိုတာ ဒါက ရနိုင်တဲ့ အလားအလာ ရှိနေပါတယ်။
ပထမဦးဆုံး မိထူးက ရထားတဲ့ မုန့်ဖိုးကို နှစ်ဆ သုံးဆဖြစ်အောင် အဖွားကို ကန်တော့မယ်။ ဒီနောက်မှ ဦးလေးတွေ၊ အဒေါ်တွေဆီလှည့်မယ် ၊ တွက်ရေးကတော့ စက်သူဌေးပါ။
မိထူးမသိတာက ခေတ်ကာလ အကျပ်အတည်းရဲ့ ကန်တော့ခံပစ္စည်းတွေ တန်ဖိုး မြင့်မားနေတာပါ။
အရင် အသီးအနှံ ငါးထောင်ဖိုး ဆိုတာ ကန်တော့ခံပစ္စည်း လှလှပပ ဖြစ်တယ်။ မုန့်ပုံး တပုံးရဲ့ တန်ဖိုးက သုံးလေးထောင် ရယ်။
အခုက အကျပ်အတည်းကာလ၊ အဲ့လို မရ....
ငှက်ပျောသီ တဖီးတည်းပဲ သုံးလေးထောင် ၊ ပန်းသီးတလုံး တစ်ထောင် ထောင့် ငါးရာ။ ကိတ်မုန့်တလုံး သုံးလေးထောင် ။ မုန့်ပုံးတစ်ပုံး ခုနှစ်ထောင် ရှစ်ထောင်။ ယိုဒယား မုန့်ပုံအသေးတောင် တစ်သောင်း သုံးထောင်ဆိုတော့... လူကြီး ကန်တော့ဖို့ဆိုတာ တမျိုးတည်းနဲ့တော့ မရ။
ဖယောင်းတိုင် ၊ အမွှေးတိုင်လည်း ထည့်ဖို့လိုတယ်။
လက်ရှိ ဖယောင်းတိုင် တစ်ထုတ် နှစ်ထောင်ဝန်းကျင်၊ အမွှေးတိုင်တထုတ် ထောင်ကျော် ။
အဖွားဖြစ်သူဆီက အရင်းထက် သုံးလေးဆ မုန်းဖိုးရဖို့ မျှော်လင့်ထားတော့ ကန်တော့ခံ ပစ္စည်းကို သေးသေးမွှားမွှားနဲ့ မရ။
အနည်းဆုံး ကိတ်မုန့် အကြီးတလုံးနဲ့ ဖွယ်ဖွယ်ရာရာ ဆိုရင် ကျပ်တသောင်းလောက် ကုန်မယ်။ ဒါက အရင်း။
ဒီတော့ သူ့အမေဆီက ငါးထောင် ချေးပါဆိုပြီး ပြောရတယ်။ အမေကတော့ မိထူး ဘယ်ခြေလှမ်း လှမ်းတယ် ဆိုတာ သိနေပြီ။ ကန်တော့ပစ္စည်းဈေးတွေ စုံစမ်းနေကတည်းက မိထူးအမေ သိနေပြီ။ မြွေမြွေချင်း ခြေမြင်တယ်ပဲ ပြောရမယ်။
ဒါနဲ့ ကိတ်မုန့် အကြီးတလုံး ငါးထောင် ၊ အချိုရည် တလုံး နှစ်ထောင့် နှစ်ရာ၊ ဖယောင်းတိုင်က နှစ်ထောင်နဲ့ အမွှေးတိုင် ကျပ် တစ်ထောင်နဲ့ မိထူး ဝယ်လိုက် ပါတယ်။ အရင်းပဲ ကျပ်တစ်သောင်းကျော်တယ်။ အရှုံးအမြတ်လို့ သဘောမထားပေမဲ့ အရင်းထက် သုံးဆလောက် ပြန်ရဖို့ အဖွားဆီက မိထူး မျှော်လင့်ထားတယ်။
သီတင်းကျွတ်လပြည့်နေ့ အရောက်မှာတော့ ဈေးသိမ်း အိမ်မပြန်လာသေးတဲ့ သူ့အမေ မရောက်မီကတည်းက ရေချိုး၊ အင်္ကျီလဲ သူ့အဖွားကို ကန်တော့ဖို့ ပြင်ပါတယ်။
ကန်တော့မဲ့ ပစ္စည်းတွေကို ဗန်းထဲ ပန်ကန်ထဲ သေချာထည့် ၊ အဖွားကို ထိုင်ခုံမှာ ထိုင်စေပါတယ်။
နောက်တော့ ဦးသုံးကြိမ်ချ ကန်တော့ပါတယ်။
အဖွားဖြစ်သူက ဆုပေးပေးပါတယ်။ ပြီးတော့ မိထူး အဖွား အခန်းထဲ ဝင်သွားပါတယ်။ ဗီရို ဖွင့်သံကို ကြားရတော့ မိထူး စိတ်ထဲ ရင်ခုန်သလိုသလို ရင်တုန်သလိုနဲ့ ။ ငါးထောင်တန် ခြောက်ရွက်လား၊ တစ်သောင်းတန် သုံးရွက်လား ဆိုပြီး ငွေတွေကိုတောင် စိတ်ကူးထဲမှာ ရေတွက်လိုက်ပါတယ်။
မိထူးအဖွားမှာလည်း မြေးတဦးတည်းမဟုတ်၊ ပေးရမဲ့ မြေးပဲ ၁၀ ဦးမက။ သီတင်းကျွတ်တိုင်း မြေးတွေကို ဘယ်လောက်ပေးမယ်ဆိုတာ ထွက်ထားတယ်။ ရတဲ့ တလစာ အတိုးအညွှန့်လေးတွေက သီတင်းကျွတ် ကန်တော့ခံကာလအတိုင်း ကုန်တာက အများသား။ ကန်တော့တဲ့ ပစ္စည်းဆိုတာက အစားအသောက်ကများ ၊ ရသမျှလည်း မစားနိုင်၊ အဝတ်အစားလည်းက ရတိုင်း မဝတ်နိုင်တဲ့ အရွယ် ။ အခုလို အကျပ်အတည်းကာလမှာ ဆိုတော့ ပိုပြီးချွေရ တာရတာ။
ဒီနှစ်တော့ ဆုံးရှုံးမှုကလည်း များ၊ အတိုးအညွှန့်တွေလည်း ပြန်မဝင်၊ ကျန်းမာရေးလည်း မကောင်း ၊ ကုန်ကျ စာရိတ်လည်း များနေတော့ ဒီသီတင်းကျွတ်ကာလမှာ ကုန်ကျမဲ့ စာရိတ်တွေ လျှော့ဖို့ မိထူးအဖွားက တွေးထား တယ်။
မိထူးလေးက အတူနေ မြေးမို့ အဖွားက ပိုချစ်၊ ပိုသံယောဇဉ် ထားပါတယ်။ လူရည်လည်ပြီး သွက်သွက် လက်လက်မို့ အဖွားအချစ်ဆုံး မြေး။ ကန်တော့တဲ့ပစ္စည်းများများနဲ့ ဆိုတော့ မိထူးကို ပိုပေးဖို့ သူ စိတ်ကူးထားပါတယ် ။
ထိုင်ခုံပေါ် ကို ထိုင်ချလိုက်ချိန် မိထူးအဖွား လက်ထဲမှာ ငါးထောင်တန် အရွက်ရေ တော်တော်များများ ပါလာသည်ကို မိထူး မြင်လိုက်ပါတယ်။
မိထူးကတော့ အားလုံးကို ငါ့အတွက်ဆိုပြီး တွက်နေပြီလေ။
မိထူးအတွက် အဖွားက ငါ့မြေးကြီးအတွက် ဆိုပြီး ငါးထောင်တန် နှစ်ရွက်ကို ထုတ်ပေးလိုက်ပါတယ်။
မိထူးအတွက်တော့တော့ တွက်ခြေမကိုက်တဲ့ သီတင်းကျွတ်ကာလ ဖြစ်သွားပါတော့တယ်။