လှိုင်သာယာမြို့က လူနေအိမ်နဲ့ ကျူးကျော်တွေကို ဖြိုချနေတာတွေ ရပ်တန့်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဒီဇင်ဘာလ ၂ ရက်က ထုတ်ပြန်တိုက်တွန်းထားပေမယ့် စစ်ကောင်စီနဲ့ စည်ပင်သာယာအဖွဲ့တွေက လူနေအိမ်နဲ့ ဆိုင်ခန်း တွေကို ဘူဒိုဇာတွေနဲ့ ဆက်လက်ဖြိုချနေတယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ မနက်ပိုင်း ၇ နာရီ လောက်မှာပဲ လှိုင်သာယာမြို့နယ် အဆင့်မြင့်ရပ်ကွက်၊ ပီမိုးနင်းလမ်းမကြီးရှိ ဝေဖြိုးဟိန်းဈေးက ဆိုင်ခန်းတွေကို စစ်ကောင်စီက ဖြို့ချဖျက်ဆီးနေတာပါ။
ရုတ်တရက် အကြောင်းမကြားပဲ အဖြိုခံလိုက် ရတော့ ပစ္စည်းတွေ တောင် မသိမ်းလိုက်ရဘူး။ တချို့ အထည်ဆိုင်တွေဆိုရင် အထည်တွေပါ ပါသွားတယ်။ ၂ ထပ်တိုက်ကို လဲ ဘူဒိုဇာနဲ့ ထိုးဖြိုသွားတယ်။ တယောက်ဆို ရောဂါအခံလဲ ရှိတော့ ဆုံးသွားတယ်။ သူတို့ကို တားမရဘူး လို့ ဆိုင်ရှင်တဦးက ပြောပါတယ်။
ယခုလို လာရောက်ဖြိုချ နေမှုကို စစ်ကောင်စီတပ်တွေက လုံခြုံရေး အင်အား အများအပြားယူထားပြီး ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စည်ပင်ဌာန က ဝန်ထမ်းတွေနဲ့ အပေါင်းအပါတွေက အတင်းအဓမ္မဖြိုချနေတာပါ။အဲ့ဒီအဖြစ်အပျက်ကို မှတ်တမ်းတင်ဖို့ ကြိုးစားတဲ့ လူ ၃ ဦးလဲ ဖမ်းဆီးခံထားရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။