“ကျွန်တော်တို့စက်ရုံက လူတွေကတော့ ပွဲစားတစ်ဆင့်ခံနဲ့ လွှဲကြတာများတယ်” လို့ ထိုင်းနိုင်ငံရဲ့ ပင်လယ်စာစက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ ကိုဝဏ္ဏ (အမည်လွှဲ)က ပြောပါတယ်။ သူကတော့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာ ဆယ်နှစ်နီးပါးရှိနေပြီ ဖြစ်ပါတယ်။
ပြည်တွင်းကို လစာငွေလွှဲဖို့အတွက် ပွဲစားတွေနဲ့သာ ချိတ်ဆက်လုပ်ဆောင်တယ်လို့ ဆိုပါတယ်။ စက်ရုံထဲကတခြားအလုပ်သမားတွေဟာလည်း မြန်မာနိုင်ငံကို ငွေပို့ကြတဲ့အခါ သူ့လိုပဲ ပွဲစားတွေနဲ့ ချိတ်ဆက် လုပ်ဆောင်ကြတယ်လို့ ဆိုပါတယ်။
ပွဲစားကတစ်ဆင့် ငွေလွှဲတဲ့စနစ်ဟာ အချိန်ကုန်သက်သာတာ၊ အိမ်အရောက်ပို့ စနစ်နဲ့ ဝန်ဆောင်မှုပေးတာ၊ အရေးပေါ်ငွေလိုအပ်ချိန်မှာ အလွယ်တကူရရှိနိုင်တာတွေကြောင့်လည်း ထိုင်းရောက်မြန်မာအလုပ်သမား အများစုရဲ့ လက်စွဲဖြစ်နေတာပါ။
“တစ်ချို့ကတော့ Wave တို့ K pay တို့ကလည်း လွှဲတယ်။ သူတို့ကလည်း ဘဏ်ဈေးနဲ့ ၂၀လောက်ပဲ ကွာတယ်။ ပြောရရင် ဘတ်တစ်ထောင်ကို တစ်သိန်းပေါက်တယ်ဆိုပါတော့ ဘဏ်ထဲလွှဲမယ်ဆို ၁၀ပိုပေးရတယ်။ Wave၊ K pay ကိုပဲ password နဲ့ လွှဲတာဆို ၃၀ ပိုပေး၊ အကောင့်ထဲတန်းထည့်ရင် ၂၀ပိုပေး အဲ့လိုတော့ ကွာတယ်”လို့ ကိုဝဏ္ဏက လတ်တလောဖြစ်ပေါ်နေတဲ့ ငွေလွှဲဝန်ဆောင်ခနှုန်းထား ကွာဟချက်တွေကို ပြောပါတယ်။
ဒါဟာထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့ လတ်တလော ငွေလွှဲနေတဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။
ဒီအခြေအနေဟာ အာဏာမသိမ်းခင်ကာလတွေကလည်းက ရှိနေတာဖြစ်ပြီးတော့ ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နေတဲ့ အခြေခံအလုပ်သမား (general worker) အများစုဟာ တရားမဝင်ငွေလွှဲစနစ်လို့ ခေါ်လေ့ရှိတဲ့ ဟွန်ဒီစနစ်ကိုပဲ အသုံးပြုကြတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ နိုင်ငံခြားငွေ လိုအပ်ချက်များနေတဲ့ စစ်ကောင်စီဟာ ပြည်ပမှာ သွားရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကိုပါ ထိန်းချုပ်မှုတွေလုပ်ဆောင်ဖို့ ခြေလှမ်းတွေပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။
မကြာသေးခင်က VOA (ဗွီအိုအေ) သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ စကစလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနဟာ ပြည်ပရောက်မြန်မာအလုပ်သမားတွေရဲ့ လစာ(၂၅)ရာခိုင်နှုန်းကို တရားဝင်ငွေလွှဲစနစ်နဲ့ ပြန်ပို့ဖို့ အကြမ်းဖျဉ်းလျာ ထားပြီး ဌာနတွင်းဆွေးနွေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒီသတ်မှတ်ချက် စတင်အသက်ဝင်မယ့် အချိန်ကာလကိုတော့ ဝန်ကြီးဌာနက ထုတ်ပြန်တာ မရှိသေးပါဘူး။ ဒါဟာ စကစလက်အောက်ခံ အလုပ်သမား ဝန်ကြီးဌာနရဲ့ နိုင်ငံခြားငွေရရှိနိုင်ဖို့အတွက် စတင်ပြင်ဆင်လာတဲ့ ခြေလှမ်းတွေပဲ ဖြစ်ပါတယ်။
ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးတာ၊ လစာဝင်ငွေနဲ့ စားသောက်စရိတ်မမျှတာ၊ ကျပ်ငွေတန်ဖိုး ကျဆင်းလာ တွေနဲ့ စကစရဲ့ လက်ပါးစေတွေရဲ့ ဖိနှိပ်မှုတွေကို မခံနိုင်တာတွေကြောင့် လူငယ်အများစုဟာ မွေးရပ်မြေနဲ့ မိသားစုကိုချန်ခဲ့ပြီး ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နေကြတာပါ။
သူတို့အတွက် လွတ်မြောက်ရာနေရာလို့ ထင်နေရပေမယ့် အခုချိန်မှာတော့ စစ်ကောင်စီက ချုပ်ကိုင်မှုတွေလုပ်ဆောင်ဖို့ ပြင်ဆင်လာတာပဲ ဖြစ်ပါတယ်။
“ကျွန်တော်တို့ သိသလောက်ဆို ဘဏ်တွေမှာ သတ်မှတ်တဲ့ ငွေလွှဲနှုန်းက အပြင်ပေါက်ဈေးနဲ့ တော်တော်ကွာ နေတာလေ။ သူတို့ပြောသလို ၂၅ရာခိုင်နှုန်း လွှဲရင်ကော အပြင်ပေါက်ဈေးရမှာလား။ ပေးမယ်တော့ မထင်ပါဘူး။ ဒါက ပြည်ပရောက်နေတဲ့သူတွေကိုပါ ခေါင်းပုံဖြတ်ဖို့ လုပ်တာလို့ မြင်တယ်”လို့ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုလင်းလင်း (အမည်လွှဲ)က ပြောပါတယ်။
လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်ငွေလွှဲစနစ်နဲ့ ပြန်လည်ပို့ဖို့ ထွက်ပေါ်လာတဲ့ သတင်းတစ်ရပ်ဟာလည်း ပြည်ပရောက် မြန်မာအလုပ်သမားတွေကြားမှာ ပြောဆိုစရာ အကြောင်းအရာတစ်ခု ဖြစ်နေပါတယ်။
တရားဝင် ငွေလွှဲစနစ်ဟာ ဘဏ်ကနေ လုပ်ဆောင်မှာလား၊ ပြင်ပကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်မှာလားဆိုတာ သတင်းထွက်ပေါ်မှု မရှိသေးပေမယ့် ပြည်ပရောက် အလုပ်သမားတွေကို ကြိုတင်အသိပေးထားသလို ဖြစ်နေပါတယ်။
“ဘဏ်ကသွားလွှဲဆိုတာက ကျွန်တော်တို့အတွက်လည်း သွားလာဖို့ မလွယ်ဘူး။ နောက်တစ်ခုက ဘဏ်နဲ့ထုတ်ရင် သတ်မှတ်ချက်တွေများတယ်။ စနေ၊ တနင်္ဂတွေလိုနေ့တွေ ထုတ်မရတာတို့၊ ပိုက်ဆံရဖို့ အချိန်ပေးပြီး သွားစောင့်နေရတာတို့ ရှိတယ်။ ဟွန်ဒီဆို ဒီနေ့လွှဲရင် မနက်ဖန်ရောက်တယ်။ အိမ်အရောက်ပို့ပေးတာ။ စိတ်ချရတယ်။ သူတို့က အဲလိုလုပ်ပေးနိုင်မှာလား။ နောက်အပြင်ပေါက်ဈေးကော ပေးမလား။ မဖြစ်မနေလွှဲရမယ် ဆိုပြီး မတရားလုပ်မယ်လို့ ထင်တယ်”လို့ ကိုလင်းလင်းက ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ တရားဝင်ငွေလွှဲစနစ် စတင်ဖော်ဆောင်တဲ့ခြေလှမ်းလို့ သုံးသပ်လို့ရတဲ့ ငွေလွှဲ ဝန်ဆောင်မှုတစ်ခုကိုတော့ ထိုင်းနိုင်ငံမှာ စတင်ဖော်ဆောင်လို့ နေပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဘဏ်စနစ်ကနေမဟုတ်ဘဲ ငွေလွှဲနိုင်မယ့် ငွေလွှဲ ဝန်ဆောင်မှုတစ်ခုကို ဩဂုတ်လ (၉)ရက်နေ့က မိတ်ဆက်ခဲ့ပါတယ်။
သံရုံးမှာ မိတ်ဆက်ခဲ့တဲ့ ငွေလွှဲဝန်ဆောင်မှုကို “ဒီးမန်းနီး” (Dee Money) လို့ အမည်ပေးထားပြီး တယ်လီဖုန်း ထဲမှာ အပလီကေးရှင်းထည့်ပြီးတော့ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
ဒီးမန်းနီး” (Dee Money) ကို အသုံးပြုပြီးတော့ တစ်နေ့ကို မြန်မာငွေ ၁၀,၀၀၀,၀၀၀ (သိန်း ၁၀၀) နဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေကို လွှဲပြောင်းနိုင် မှာဖြစ်ပြီး လွှဲခမှာ တစ်ကြိမ်ကို ၄၉ ဘတ် ကျသင့်မယ်လို့ ဖော်ပြထားပြီး နေ့စဉ်ငွေဈေး အပြောင်းအလဲတွေကို လည်း အပလီကေးရှင်း အသုံးပြုပြီး သိရှိရပါမယ်လို့ ဆိုပါတယ်။
ဒီးမန်းနီး” (Dee Money) အပလီကေးရှင်းကို အလုပ်သမားတိုင်း အသုံးပြုနိုင်ဖို့ကို စက်ရုံ၊ အလုပ်ရုံတွေမှာလည်း ကွင်းဆင်း လုပ်ကိုင် ပေးမှာဖြစ်သလို ရုံးဖွင့်ရက်တွေမှာလည်း မြန်မာသံရုံးမှာ ဆက်လက်လုပ်ဆောင်ပေးမယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ဒါဟာ ငွေလွှဲဝန်ဆောင်မှုကို စတင်ချဉ်းကပ်လာတဲ့ နည်းလမ်းတစ်ခုပါပဲ။
ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ပေမယ့် အလုပ်သမားတွေ အမှန်တကယ် သိချင်နေတဲ့ အချက်အလက်တွေဖြစ်တဲ့ ပြင်ပပေါက်ဈေးအတိုင်းပေးမလား၊ အိမ်အရောက် ဝန်ဆောင်မှုရှိလား စတာတွေကိုတော့ ဖော်ပြထားတာ မရှိသေးပါဘူး။
စကစရဲ့ လက်အောက်ခံသံရုံးမှာ ငွေလွှဲဝန်ဆောင်မှုကို စတင်မိတ်ဆက်လာပေမယ့် အလုပ်သမားတိုင်း မဖြစ်မနေ အသုံးပြုရမယ်လို့ လတ်တလောမှာ မကြေညာသေးပါဘူး။ မကြာခင်မှာတော့ အလုပ်သမားတိုင်း အသုံးပြုဖို့ ဖိအားပေးတာတွေလည်း ရှိလာနိုင်မှာပါ။
“အမကတော့ သူတို့ပြောတဲ့ဟာကို မကြိုက်ဘူး။ အဓိကကတော့ စစ်ကောင်စီကို နိုင်ငံခြားငွေ ထောက်ပံ့သလို ဖြစ်နေတာသဘောမကျတာ။ မပေးချင် ဒီပြန်လာပေါ့ ပြောရင်လည်း ပြန်လာလို့ မလွယ်ဘူးလေ။ ပြည်တွင်းမှာက ဒီကလောက် ရမှမရတာ။ တကယ်ကို ပြည်ပထိ လည်ပင်းလိုက်ညှစ်နေသလိုပါပဲ” ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေ တဲ့ မသန္တာက ပြောပါတယ်။
လတ်တလောမှာ စစ်ကောင်စီဆီကို နိုင်ငံခြားငွေ စီးဆင်းရောက်ရှိနိုင်မယ့်နည်းလမ်းတွေကို နိုင်ငံတကာက ဖိအားပေးပြီး ကန့်သတ်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒီအခြေအနေကြောင့်လည်း နိုင်ငံခြားငွေရရှိနိုင်မယ့် နည်းလမ်းမျိုးစုံကို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
စကစလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနဟာ ပြည်တွင်းမှာ ဥပဒေပါ အလုပ်သမား အခွင့်အရေးတွေ ဆုံးရှုံးနေရသူတွေကို မကာကွယ်နိုင်ပေမယ့် ပြည်ပအလုပ်သမားတွေဆီက နိုင်ငံခြားငွေ ရရှိနိုင်ဖို့ကို အားစိုက် လာတာပါ။
ပြည်တွင်းမှာ အခွင့်အရေး ဆုံးရှုံးမှုတွေ၊ ဖိနှိပ်ခံရမှုတွေကြောင့် လွတ်မြောက်လမ်းလို့ သတ်မှတ်ထားတဲ့ ပြည်ပမှာ သွားရောက်လုပ်ကိုင်တာဟာလည်း စစ်ကောင်စီ အုပ်ချုပ်နေတဲ့ခေတ်မှာတော့ နည်းမျိုးစုံနဲ့ ဖိအားပေးခံနေ ရတော့ ဖြစ်ပါတယ်။
“အမေစုခေတ်တုန်းက အလုပ်သမားတွေကို အခွင့်အရေးအပြည့်အဝရဖို့ ထိုင်းအထိ လာခဲ့တယ်။ အခုများ ကျွန်မတို့အကျိုးစီးပွားအတွက် တစ်ခုလုပ်ပေးတာမရှိဘဲ လုပ်အားခကိုတောင် မတရားလုပ်ဖို့ လုပ်နေတယ်”ဆိုတဲ့ မသန္တာရဲ့စကားစုကတော့ အုပ်ချုပ်ရေးခေတ်နှစ်ခုရဲ့ကွာဟချက်ကို ပြသနေတာပဲ ဖြစ်ပါတယ်။
#MyanmarLabourNews