ရှင်သန်ရေးအတွက် ဖိနှိပ်ခံ အထည်ချုပ်လုပ်သားများ
လုပ်သား ၇၀၀ ဝန်းကျင်ရဲ့ ချုပ်စက်သံတွေရဲ့ ကြားကနေ “နောက်ရက်တွေလည်း အိုတီ(အချိန်ပို)ကို မဆင်းနဲ့ လေ” ဆိုတဲ့ စက်လိုင်းကြီးကြပ်ရေးမှူး(စူပါ)ရဲ့ ခပ်မာမာအသံကို မလှိုင်ဌေး ကြားလိုက်ရပါတယ်။
ကျန်းမာရေးအခြေအနေမို့ တစ်ရက် အချိန်ပိုမဆင်းဘဲ ပြန်ခွင့်ပြုဖို့ စူပါ (လိုင်းခေါင်းဆောင်)ကို မလှိုင်ဌေး က ပြောလိုက် မိတာပါ။
“ဒီနေ့မဆင်းရင်၊ နောက်နေ့မဆင်းနဲ့” ဆိုတာကို နားထဲ ကြားလိုက်ကတည်းက ခြိမ်းခြောက်မှုတခုဆိုတာ အထည်ချုပ် လုပ်သက် ၈ နှစ်ရှိပြီဖြစ်တဲ့ မလှိုင်ဌေး သိလိုက်ပါတယ်။
အလုပ်ရုံထဲက ချုပ်စက်တွေ၊ လျှပ်စစ်မီးချောင်းတွေရဲ့ အပူရှိန်နဲ့ စက်ရုံတံခါးတွေ ပိတ်ထားလို့ အပူဒဏ်က သိ သိသာ မြင့်မားနေပါတယ်။ အသက် ၃၂ နှစ်အရွယ် မလှိုင်ဌေးရဲ့ ဆံပင်နီညိုရောင် ဦးခေါင်းကနေ ချွေးတွေ စီးကျလာလို့ ပခုံးက သဘက်ငယ်နဲ့ အလျင်အမြန် သုတ်လိုက်ပါတယ်။ ခန္ဓာကိုယ်က ထောင်ထောင်မောင်း မောင်းရှိပေမယ့် တနေကုန်စက်ချုပ်ခုံနဲ့ ထိနေတဲ့ တင်ပါး နေရာကတွေ နာကျင်နေပါပြီ။ ခြေသလုံး တလျှောက်လည်း တင်း တောင့်နေပါတယ်။
“ဒါဆိုလည်း ဆင်းပါ့မယ်” လို့ မလှိုင်ဌေး ပြောလိုက်ရပါတယ်။ ဆန္ဒမပါဘဲ တစ်ရက်တော့ ကြိတ်မှိတ်ဖိညှစ်ပြီး ချုပ်လိုက်မယ်လို့ တွေးထားပါတယ်။
အချိန်ပိုလုပ်ကိုင်ရမှာကို သိရှိကြောင်း လက်မှတ် မှတ်တမ်းစာအုပ်နဲ့အတူ သူ့ရှေ့က စက်ချုပ်နေတဲ့ အလုပ်သမား ဆီ စူပါက ဆက်လျှောက်သွားပါတယ်။ မှတ်တမ်းစာအုပ်မှာ မလှိုင်ဌေးက လက်မှတ်မထိုးခဲ့ပေမဲ့ ဒီနေ့အချိန်ပိုကို မိမိဆန္ဒနဲ့ လုပ်ကိုင်တာဖြစ်တယ်ဆိုတာတော့ မှတ်တမ်းဝင်သွားပါပြီ။
တလဝင်ငွေ သုံးသိန်းဝန်းကျင်ရရှိဖို့တရက် လုပ်ခ ၅၈၀၀ ကျပ်သာရတဲ့ မလှိုင်ဌေးအတွက်တော့ အချိန် ပိုတွေ မဆင်း မဖြစ် ဆင်းရမှာပါ။
အိမ်ထောင်ဖက်က ပုံမှန်ဝင်ငွေမရှိလို့ မိသားစုအတွက် အဓိကဝင်ငွေရှာသူက သူမ ပါပဲ။ မိသားစုဝင် ၄ ဦးရဲ့ ဆန်၊ ဆီ၊ ဟင်းဖိုး၊ မုန့်ဖိုး၊ အဆောင်ခ၊ ကျောင်းစရိတ် စတဲ့ ကုန်ကျစရိတ်တွေအတွက် သူ လစဉ် ကျပ်သုံးသိန်းဝန်းကျင် ဝင်ငွေရှိနေဖို့ လိုအပ်ပါတယ်။
အချိန်ပို ညည့်နက်အထိချုပ်မယ်ဆိုပြီး စူပါ လာပြောချိန်က ညနေ ၆ နာရီလောက်ရှိနေပါပြီ။ မနက် ၈ နာရီမှာ အလုပ် စဝင်၊ နေ့လယ် ၁၂ နာရီမှာ ထမင်းစား နာရီဝက်နားပြီးကတည်းက ဆက်တိုက်ချုပ်ခဲ့ရတဲ့ မလှိုင်ဌေးတို့လို အလုပ်သမားတွေကတော့ နားချိန် မရသေးပါဘူး။ ညစာအတွက် နာရီဝက်အနားရဖို့က နောက်ထပ် အချိန် ၂ နှစ်နာရီလောက် ထပ်ချုပ်ရဦးမှာပါ။
ဒီဖြစ်စဉ်က မြန်မာနိုင်ငံက အထည်ချုပ်နဲ့လုပ်ငန်းတွေမှာ အချိန်ပိုအလုပ်တွေ အမြောက်အများ ခေါ်ယူမှုတွေရဲ့ နောက်ကွယ်က လူ့အခွင့်အရေးချိုးဖောက်ခံမှု ဖြစ်စဉ်တွေထဲကတခု ဖြစ်ပါတယ်။
နိုင်ငံအတွင်း အထည် ချုပ် စက်ရုံပေါင်း ၅၃၀ ဝန်းကျင်ရှိပြီး လုပ်သား လေးသိန်းခွဲဝန်းကျင်လုပ်ကိုင်နေ တယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ အထည်ချုပ် ကဏ္ဍမှာလုပ်ကိုင်နေတဲ့ အလုပ်သမားတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလမှာ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက် တခုမှာ ဖော်ပြပါထားတယ်။
လက်ရှိ အထည်ချုပ်ကဏ္ဍမှာ အချိန်ပိုတွေ ညည့်နက်တဲ့အထိ ခိုင်းနေတာတွေက ဆိုးကျိုးတွေ ဖြစ်ပေါ်နေ တယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူ မမာမာအေး(အမည်လွှဲ) ကပြောပါတယ်။
‘အလုပ်သမားတွေရဲ့ လုံခြုံရေးနဲ့ ရေရှည်ကျန်းမာရေးအတွက် အများကြီး ထိခိုက်နိုင်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အလုပ်သမားတွေ ညနက်အထိ အချိန်ပိုင်းလုပ်ကိုင်ရလို့ နေအိမ်ပြန်လမ်းမှာ လုယက်ခံရတာ၊ ဖမ်းဆီး ခံရတာတွေ ရှိနေတာကို ကြား မြင်နေရတယ်လို့ သူကဆက်ပြောပါတယ်။
IWFM (မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ်) ဗဟိုကော်မတီဝင်တဦးကတော့ အ ထည်ချုပ်စက်ရုံတွေရဲ့ အချိန်ပိုလုပ်ကိုင်ခိုင်းမှုတွေက အလုပ်သမားတွေကို အတင်းအကျပ် ဖိအားပေး ခိုင်းစေ နေတာလို့ ပြောပါတယ်။
“အလုပ်သမားတွေရဲ့ သဘောဆန္ဒပါပါ၊ မပါပါ အချိန်ပို ဆင်းကို ဆင်းခိုင်းတယ်။ မဖြစ်မနေဆင်းရမယ်ဆိုတာမျိုး လုပ်တာပေါ့။ အဲ့မှာပဲ လူတယောက်ရဲ့ လွတ်လပ်ခွင့် ဆုံးရှုံးနေပြီ။ အချိန်ပိုတွေ မဆင်းဘူးဆိုလည်း ဖိအားပေး တယ်။ ခြိမ်းခြောက်တယ်။ ခြိမ်းခြောက်တယ်ဆိုတဲ့နေရာမှာ နောက်ဆို အချိန်ပို မဆင်းခိုင်းတာမျိုး၊ ဂရိတ်ကြေး (ကျွမ်းကျင်အဆင့်) ချမယ်၊ လုပ်ခပိုရတဲ့ ပွိုင့်ကောင်း(ကော်လံ၊ လက်၊ ဇစ်တပ်)တွေ မပေးဘူးဆိုတာမျိုးတွေ ပါ တယ်။” လို့ IWFM အဖွဲ့ချုပ် ဗဟိုကော်မတီဝင်က ပြောပါ တယ်။
၂၀၂၄ ခုနှစ် မေလအတွင်း ရန်ကုန်မြို့က အထည်ချုပ်စက်ရုံ အလုပ်သမားတချို့ဟာ အနည်းဆုံး အချိန်ပို နာရီ ၁၀၀ နီးပါး ကနေ အများဆုံး နာရီ ၁၂၀ ကျော်အထိ လုပ်ကိုင်ပေး နေရတာကို Myanmar Labour News ရဲ့ လေ့လာထားမှုမှာ တွေ့ရပါတယ်။ အလုပ်ရုံနဲ့ အလုပ်သမား စစ်ဆေးရေးဦးစီးဌာနက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထဲမှာ ထုတ်ပြန်တဲ့ ညွှန်ကြားလွှာမှာတော့ တပတ်အချိန်ပို နာရီ ၂၀ အထိသာ လုပ်ကိုင်ခွင့်ပေးထားပါတယ်။
အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ စက်ရုံဘက်က အတင်းအဓမ္မ အချိန်ပိုဆင်းခိုင်းတာနဲ့ ပတ်သက်ပြီး ရွှေလင်ဗန်း စက်မှုဇုန်က အထည် ချုပ်စက်ရုံတခုမှာ Sinsay ကုန်အမှတ်တံဆိပ်ချုပ်နေတဲ့ အမျိုးသားအလုပ်သမားတဦးက အခုလို ပြောပြပါတယ်။
“လက်မှတ်ထိုးခိုင်းကတည်းက မဆင်းလို့ မရဘူးဆိုတာ စပြောတာပဲ။ ဒီနေ့မဆင်းနိုင်ရင် နောက်လည်း အချိန်ပို မဆင်းနဲ့ ဆိုပြီးလည်း ပြောတယ်။” လို့ သူက ဆိုတယ်။
ဒီလိုခိုင်းစေမှုတွေက စက်ရုံပိုင်ရှင်၊ စက်ရုံမှူး၊ အောစူပါ ၊ စူပါတွေကနေ အဆင့်လိုက် ဖိအားပေးပြိး နောက်ဆုံး လုပ်ငန်းခွင်ထဲက အလုပ်သမားတွေအပေါ် အဲဒီဖိအားရောက်လာတာလို့ သူက ရှင်းပြပါတယ်။ လုပ်ငန်းခွင်အတွင်း ရပိုင်ခွင့်အတွက် ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်ပေးနေရတာလို့ အလုပ်သမားတွေက ပြောပါတယ်။
“အလုပ်လုပ်ရင် ရမဲ့ ရပိုင်ခွင့်တွေရှိတယ်။ သူတို့ (ကြီးကြပ်ရေးမှူး)နဲ့ အဆင်မပြေတဲ့ အလုပ်သမားကို တလ နှစ်လ လောက် အဆင့်မတိုးဘဲ ဆွဲထားလိုက်ရင် တန်ရာတန်ကြေးကို တော်တော်နဲ့ မရနိုင်ဘူး” လို့ ပြောပါတယ်။
ရပိုင်ခွင့်တခုဖြစ်တဲ့ ကျွမ်းကျင်ကြေးကို စက်ရုံဘက်က အနည်းဆုံးသုံးဆင့်ကနေ အများဆုံးခြောက်ဆင့်လောက် အထိ ခွဲခြားထားကို အထည်ချုပ်လုပ်ငန်းတွေရဲ့ လုပ်သားခေါ်ယူမှု ကြော်ငြာတွေမှာ တွေ့ရပါတယ်။ အဲဒီကျွမ်း ကျင်အဆင့်ကို A+, A, B, C စတာတွေနဲ့ သတ်မှတ်ကြပြီး ကျွမ်းကျင်အဆင့်တစ်ဆင့်နဲ့ တစ်ဆင့်ကြားမှာ အနည်း ဆုံးကျပ်တသောင်းကနေ နှစ်သောင်းအထိ ကွာခြားတယ်လို့လည်း သိရပါတယ်။
Sinsay ဟာ ပိုလန်နိုင်ငံအခြေစိုက်ပြီး နိုင်ငံတကာ အဝတ်အထည်ကုမ္ပဏီတခုဖြစ်ပြီး Reserved၊ House၊ Cropp၊ Mohito၊ Sinsay စတဲ့ ကုန်အမှတ်တံဆိပ် ၅ ခုကို ထုတ်လုပ်နေတယ်လို့ သိရပါတယ်။
Sinsay ဘက်ကတော့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း(ILO)ရဲ့ စည်းမျဉ်းတွေနဲ့အညီ လက်ခွဲစက်ရုံ တွေကို လုပ်ငန်းခွင်ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ လူ့အခွင့်အရေးတွေ အဓိကထား အကဲဖြတ်နေတယ်လို့ ကုမ္ပဏီ website မှာ ဖော်ပြထားပါတယ်။
အချိန်ပိုလုပ်ခမရတဲ့ အလုပ်သမားတွေ
အလုပ်သမားတွေရဲ့ တိုင်ကြားမှုတွေထဲမှာ စက်ရုံတွေက အချိန်ပို အဓမ္မလုပ်ကိုင်ခိုင်းတာ၊ အချိန်ပို လုပ်ခမရတာနဲ့ အထည်စံချိန်(အရည်အတွက်)ကို ချုပ်လုပ်နိုင်တာထက် တိုးတောင်းတာတွေ အများအပြားပါဝင်တယ်လို့ IWFM အဖွဲ့ချုပ် ဗဟိုကော်မတီဝင်တစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်က လုပ်သား ၁၂၀၀ ဝန်းကျင်နဲ့ လုပ်ကိုင်နေတဲ့ အထည်ချုပ် စက်ရုံတစ်ရုံမှာ အချိန်ပိုအတွက် လုပ်ခလစာမရဘဲ လုပ်ကိုင်နေရတယ်လို့ အဲဒီစက်ရုံက အလုပ်သမား မမွန်မွန်စိုး (အမည်လွှဲ)က အခုလို ပြောပါတယ်။
“ကျွန်မတို့ စက်ရုံကတော့ တမျိုး၊ အထည်တွေ မပြီးတာမျိုးဆိုရင် တနင်္ဂနွေနေ့မှာ လုပ်ပေးရတယ်။ အချိန်ပိုခ လည်း မရဘူး။ ဖယ်ရီ(ကြိုပို့)လည်း မရဘူး” လို့ သူကဆိုပါတယ်။
နေ့စဉ်စက်ချုပ်လိုင်းတွေကို စက်ရုံဘက်က အပြီးစီးချုပ်ပေးရမယ့်မဲ့ နေ့ရက်နဲ့ အထည်အရည်အတွက်(စံချိန်)ကို သတ်မှတ်ပေးပြီး သတ်မှတ်အထည်မပြီးစီးပါက တနင်္ဂနွေလို့ နားရက်တွေမှာ လုပ်ကိုင်ပေး ရတာလို့ မမွန်မွန်စိုးက ရှင်းပြပါတယ်။ သတ်မှတ်အရည်အတွက် မပြီးစီးပါက ဆဲဆို ခြိမ်းခြောက် ဖိအားပေးသလို သတ်မှတ်ရက်မှာ ပြီးစီးပါက စက်ရုံဘက်က သတ်မှတ်ဆုကြေးအနည်းငယ် ပေးတယ်လို့လည်း သူကဆိုပါတယ်။
“စက်ရုံပိုင်ရှင်ဘက်က သတ်မှတ်ရက်အတိုင်း အလုပ်တွေပြီးသွားတယ်။ အထည်စံချိန်လည်း အပြည့်ရသွားတယ်။ အလုပ်သမားတွေကသာ နားချိန်တွေ မရ၊ လုပ်ခ မရနဲ့” လို့ အဲ့ဒီစက်ရုံ မမွန်မွန်စိုးက ဆက်ပြောပါတယ်။
မမွန်မွန်စိုးဟာ (စူပါ)စက်လိုင်းခေါင်းဆောင်တစ်ဦးဖြစ်သလို အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတစ် ဦးလည်း ဖြစ်ပါတယ်။
IWFM အဖွဲ့ချုပ် ဗဟိုကော်မတီဝင်တစ်ဦးကလည်း “အလုပ်ရှင်တွေက လုပ်ခလစာနည်းနည်းပေးပြီး အရင်ထက် အထည်အရည်အတွက် ပိုရတာဖြစ်တဲ့အတွက် အကျိုးရှိရှိ ခေါင်းပုံဖြတ်နေကြတယ်” လို့ ပြောပါတယ်။
တနင်္ဂနွေလို့နားရက်တွေမှာ ကြိုပို့ယာဉ်မရှိဘဲ အလုပ်ဆင်းရတာကြောင့် ကုန်ကျတဲ့ စားစရိတ်နဲ့ လမ်းစရိတ်က ရတဲ့လုပ်အားခရဲ့တဝက်လောက် ရှိတယ်လို့ ရွှေလင်ဗန်းစက်မှုဇုန်က အမျိုးသားအလုပ်သမားတစ်ဦးက ပြောပါတယ်။
ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ အထည်ချုပ်ကဏ္ဍမှာ အလုပ်သမားအား လုံးရဲ့ ၂၀ ရာခိုင်နှုန်းက အမျိုးသားတွေဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအမျိုးသားတွေက စက်ချုပ်၊ အထည်ညှပ်၊ ထုတ်ပိုး၊ ကြယ်သီးရိုက် စတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်နေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူ အမျိုးသား တစ်ဦးက ပြောပါတယ်။
အလုပ်သမားတွေကို အချိန်ပိုခေါ်ယူရာမှာ စက်ရုံတွေဘက် မမှန်မကန်နည်းလမ်းတွေနဲ့ မှတ်တမ်းလက်မှတ်တွေ ထိုးခိုင်းတယ်လို့လည်း အထည်ချုပ် အလုပ်သမားတွေက ပြောကြပါတယ်။
လှည်းကူးဒေသခံ အထည်ချုပ်အလုပ်သမားတစ်ဦးက “အချိန်ပိုခေါ်တာကို “အလုပ်မပြီးစီးပါသဖြင့်” ဆိုတဲ့ စာမှာ လက်မှတ်ထိုးခိုင်းတယ်။ ကျွန်မတို့က အလုပ်မပြီးတာ မဟုတ်ဘူး။ သူတို့ဘာသာ အချိန်ပိုခေါ်တာပါ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေတခုဖြစ်တဲ့ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက်ဥပဒေမှာ အလုပ်သမားတွေအတွက် တ ပတ်တစ်ရက် အနားပေးရမယ်လို့ ပြဌာန်းထားပါတယ်။ ဒါ့အပြင် အဲ့ဒီရက်သတ္တပတ်ပိတ်ရက်အတွက် သက်ဆိုင် ရာ အခကြေးငွေနဲ့ အနည်းဆုံးအခကြေးငွေပေးရမယ်လို့လည်း အဲဒီဥပဒေမှာ သတ်မှတ်ထားပါတယ်။
အချိန်ပိုလုပ်ခအနေနဲ့လည်း တနာရီအတွက် လုပ်ခ ၂ ဆပေးချေဖို့ အခကြေးငွေပေးချေရေး နည်းဥပဒေမှာ ဖော်ပြ ထားပါတယ်။ အချိန်ပို လုပ်ကိုင်မယ့်အလုပ်သမားတွေရဲ့ သဘောတူမှတ်တမ်းရယူဖို့နဲ့ ခွင့်ပြုအချိန်ပို နာရီအတိုင်း လုပ်ကိုင်မယ့်အကြောင်း အလုပ်ရှင်၊ မန်နေဂျာတွေရဲ့ လက်မှတ်တွေတင်ပြဖို့ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက ညွှန်ကြားထားပါတယ်။
“ဟိုအရင်ကတော့ အခုလို ဥပဒေမဲ့အချိန်ပိုတွေ အရမ်းခေါ်တာမျိုး မရှိခဲ့ဘူး။ အခု နိုင်ငံရေးအခြေအနေ မတည် မငြိမ်ဖြစ်တဲ့အချိန်ကစပြီး အလုပ်ရှင်တွေက ခိုင်းချင်သလိုတွေ ခိုင်းနေကြတာ။ ဒါကို အလုပ်သမားတွေအနေနဲ့ မလွန်ဆန်နိုင်တော့ လုပ်နေကြရတာပါ” လို့ မမာမာအေးက ပြောပါတယ်။
Myanmar Labour News က နှစ်စဉ်ပြုစုတဲ့ သုတေသနစစ်တမ်းတွေမှာလည်း အလုပ်သမား အခွင့်အရေးချိုး ဖောက်မှုတွေထဲမှာ အချိန်ပိုခေါ်ယူမှုက ဒုတိယအများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွက် ထုတ်ဝေခဲ့တဲ့ Myanmar Labour News ရဲ့ သုတေသန စစ်တမ်းထဲမှာတော့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခဲ့တဲ့ စက်ရုံအလုပ်ရုံပေါင်း ၁၂၄ ရုံထဲမှာ အချိန်ပိုနဲ့ပတ် သက်ပြီး ချိုးဖောက်ခဲ့တဲ့ စက်ရုံ ၅၅ ရုံအထိ ပါဝင်နေတာကို တွေ့ရှိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စစ်တမ်းမှာတော့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခဲ့တဲ့ စက်ရုံအလုပ်ရုံပေါင်း ၁၆၄ ရုံရှိပြီး အဲဒီ အရေအတွက်ရဲ့ ထက်ဝက်ဖြစ်တဲ့ စက်ရုံ ၈၂ ရုံဟာ အချိန်ပိုနဲ့ပတ်သက်ပြီး ချိုးဖောက်တဲ့စက်ရုံတွေ ဖြစ်ပါ တယ်။ ဆိုလိုတာက အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတဲ့စက်ရုံ ၂ ရုံမှာ တစ်ရုံက အချိန်ပိုနဲ့ပတ်သက်ပြီး ချိုး ဖောက် လုပ်ကိုင်ခိုင်းနေတဲ့ စက်ရုံ ဖြစ်နေတာပါ။
ပြီးခဲ့တဲ့ မေလ တလတည်းမှာပဲ အချိန်ပိုနဲ့ပတ်သက်ပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်ခဲ့တဲ့ စက်ရုံ ၁၄ ရုံ ပါ ဝင်နေတယ်လို့လည်း သိရပါတယ်။
အချိန်ပိုခေါ်ယူမှုတွေနဲ့ဆက်စပ်ပြီး ငွေကြေးဖြတ်တောက်ခံရတာ၊ ရပိုင်ခွင့်တွေ ဆုံးရှုံးတာ၊ ဖိအားပေး ခွဲခြားဆက် ဆံခံရတာ၊ အလုပ်ထုတ်ခံရတာတွေအပြင် ကျန်းမာရေးထိခိုက်မှုတွေပါ ဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေက ပြောကြပါတယ်။
အချိန်ပိုကြောင့် အလုပ်ထုတ်ခံရသည်
အသက် ၁၇ နှစ်ကျော်သာရှိသေးတဲ့ ကိုကျော်ကျော်သက်(အမည်လွဲ)ဟာ လှိုင်သာယာစက်မှုဇုန်က အထည်ချုပ် စက်ရုံ တစ်ရုံရဲ့ အထည်ညှပ်(cutting)ဌာနမှာ ဝင်ရောက်လုပ်ကိုင်နေတာ နှစ်လဝန်းကျင်သာ ရှိပါသေးတယ်။
နေ့စဉ် အချိန်ပိုလုပ်ကိုင်ရလို့ စက်ရုံဆင်းချိန်နောက်ကျတာ၊ ညလုံးပေါက်လုပ်ကိုင်ရတာတွေကြောင့် သူအိပ်ရေး ပျက်နေခဲ့တာလို့ ပြောပါ တယ်။
“ငိုက်တယ်ဆိုပြီး တခါတည်း ရုံးခန်းခေါ် အလုပ်ထုတ်လိုက်တာ။ အလုပ်ဆင်းထားတဲ့ ရက်တွေအတွက်တော့ (လုပ်အားခငွေ) ပေးလိုက်ပါတယ်” လို့ သူက ဆိုတယ်။
အထည်စတွေညှပ်ဖို့ ပြင်ဆင်ရင်း ခဏထိုင်နေတုန်းမှာ အိပ်ငိုက်သွားတာလို့ သူက ဆက်ပြောပါတယ်။
“အောလင်း(ညလုံးပေါက်)တွေဆို မနက် ၅ နာရီမှ အိမ်ပြန်ရတယ်။ အိမ်ရောက်တော့ ရေချိုး၊ ထမင်းချိုင့်အတွက် လုပ်တာနဲ့ အလုပ်ချိန်အမီ အမြန်ပြန်သွားရတာ” လို့ သူ့ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ပြန်ပြောပြပါတယ်။
အဲဒီစက်ရုံမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးအလုပ်သမားတစ်ဦီးကလည်း လက်ရှိ လူအင်အားလိုအပ်ချက်တွေကြောင့် ကိုကျော်ကျော်သက်လို ၁၈ နှစ် မပြည့်တဲ့ အလုပ်သမားတွေ အများအပြား ဝင်ရောက်လုပ်ကိုင်တာတွေ့ရတယ်လို့ ပြောပါတယ်။
“အလုပ်နဲ့ အိပ်ရေးပျက်တာတို့ ပင်ပန်းတာတို့လို့ အတွေ့အကြုံတွေ မရှိကြဘူး။ အသက်ငယ်ကြတာ။ အလုပ်က လည်း ငိုက်တာမျိုးတွေဆို ချက်ချင်းထုတ်တယ်” လို့ သူက ဆက်ပြောပါတယ်။
အလုပ်ထုတ်ခံမှုတွေက ကြီးမားတဲ့ ပြစ်ချက်မဟုတ်ဘဲ ကြီးကြပ်ရေးမှူးလို အုပ်ချုပ်သူတွေနဲ့ အဆင်မပြေသူတွေ ဖြစ်တယ်လို့ အဲဒီအမျိုးသမီးအလုပ်သမားက ပြောပါတယ်။
အထည်ချုပ်အလုပ်သမားတွေ အိပ်ရေးပျက်တာကြောင့် မူးလဲတာ၊ အော့အန်တာတွေ စတဲ့ ကျန်းမာရေးထိခိုက်မှု တွေအပြင် လက်အပ်ဖောက်မိတာ၊ စက်ထဲ လက်ပါသွားတာ၊ အထည်မှားချုပ်မိတာ စတဲ့ လုပ်ငန်းခွင်မတော်တ ဆမှုတွေ ဖြစ်ပွားတာတွေ့ရတယ်လို့ IWFM အဖွဲ့ချုပ် ဗဟိုကော်မတီဝင်တဦးက သုံးသပ်ပြောဆိုပါတယ်။
အချိန်ပိုတွေ နာရီပေါင်းများစွာယူခိုင်းစေတာက အလုပ်သမားရှားပါးမှုနဲ့ သက်ဆိုင်ပြီး အဲဒီလို လုပ်သားရှားပါးမှုက လည်း လုပ်ခလစာနည်းပါးမှုကြောင့် ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အလုပ်သမားအရေး ကူညီပေးနေသူတစ်ဦး က ရှင်းပြပါတယ်။
“ထိုက်သင့်တဲ့ လုပ်ခလစား မရတာပေါ့။ လုံခြုံမှု မရှိတာတွေရော၊ ကုန်ဈေးနှုန်းမြင့်တာတွေက အလုပ်သမားတွေ ထိုင်း၊ တရုတ်စတဲ့ နိုင်ငံတွေဆီ ရောက်ကုန်တယ်။ အခုဆို တရုတ်က အထည်ချုပ်လုပ်သားတွေ အရမ်းခေါ်တာရှိ တယ်” လို့ သူက သုံးသပ်ပါတယ်။
ကလေးလုပ်သား နှစ်ဆတိုး
အလုပ်သမားအရေး ကူညီပေးနေသူတစ်ဦးဖြစ်တဲ့ မမာမာအေးကလည်း ကုန်ဈေးနှုန်းကြီးမြင့်လာလို့ မိသားစု အကျပ်အတည်းကြောင့်နဲ့ အချိန်ပို အများအပြားလုပ်ကိုင်ရတယ်ဆိုတဲ့ အခွင့်လမ်းကြောင့် ကလေးလုပ်သား နှစ်ဆအထိ တိုးလာနိုင်တယ်လို့လည်း ခန့်မှန်းပြောဆိုပါတယ်။
အရှေ့ဒဂုံ စက်မှုဇုန်ထဲက အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်နေသူ မအေးခိုင်(အမည်လွဲ) က “စက်ရုံထဲမှာ ၁၂ အရွယ် ကလေးလုပ်သားနှစ်ယောက်ကို တွေ့ရတယ်။ ချုပ်စက် ‘အပ်’ တောင်းရင်းတွေ့လို့ မေးကြည့်တာ။ ကလေးက သူ့အသက် ၁၂ နှစ်လို့ ဖြေသွားတယ်” လို့ ဆိုတယ်။
ကလေးတွေရဲ့ ငယ်ရွယ်တဲ့ရုပ်ရည်သွင်ပြင်ကြောင့် မေးမြန်းခဲ့တာဖြစ်ပြီး စက်ရုံထဲမှာ ကလေးလုပ်သားငါးယောက် ထက်မနည်း ရှိနေတာကို သတိထားမိခဲ့တယ်လို့ မအေးခိုင်က ပြောပါတယ်။
စက်ရုံတွေမှာ ကလေးလုပ်သားတွေ လုပ်ကိုင်နေတာနဲ့ပတ်သက်လို့ မလှိုင်ဌေးက သူ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။
“တူမ နီးစပ်ပေါ့၊ ၁၂ နှစ် လောက်ပဲ။ အခုနှစ်မှာပဲ သူ့အမေက နှစ်တန်းနဲ့ ကျောင်းထုတ်ပြီး ၊ QC(အထည်စစ်ဆေး) ထဲ ထည့်ထားတယ်။ နှစ်ယောက်ပေါင်း လစာထုတ်တော့ မနည်းရတာပေါ့။ ကလေးမှာ မှတ်ပုံတင်တော့ မရှိဘူး။ ငှားထားတာ ” လို့ မလှိုင်ဌေးက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အလုပ်ရုံများ အက်ဥပဒေ ပုဒ်မ ၇၅ မှာ “အသက်တစ်ဆယ့်လေးနှစ်မပြည့်သေးသည့် မည့်သည့် က လေးကိုမျှ အလုပ်ရုံတခုခုမှာ အလုပ် မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရလို့” ပြဌာန်းထားပါတယ်။
အသက်ဆယ့်လေးနှစ်ကနေ ဆယ့်ခြောက်နှစ်အရွယ် အလုပ်သမားတွေကို လူငယ်လုပ်သားလို့ ခေါ်ဝေါ်ထားပြီး အဲဒီ လူငယ်အလုပ်သမားတွေ အလုပ်လုပ်ဖို့အတွက် ဆရာဝန်ရဲ့ မှတ်ချက်လိုအပ်ပါတယ်။ ဒါ့အပြင် အလုပ် လုပ်ချိန် ၆ နာရီထက် ပိုခိုင်းစေခွင့် မရှိသလို အချိန်ပိုနဲ့ ညအချိန်မခိုင်းရဘူးလို့လည်း ပြဌာန်းချက်မှာ ရေးသား ထားပါတယ်။
သမဂ္ဂတွေရှိရင်ဖြင့်
အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် အလုပ်သမားသမဂ္ဂလို အဖွဲ့အစည်းတွေနဲ့ အမှန်တကယ် အလုပ် လုပ် ပေးနိုင်တဲ့ စက်ရုံတွင်း WCC အဖွဲတွေရှိခဲ့မယ်ဆိုရင်တော့ အလုပ်သမားတွေအတွက် ချိုးဖောက်ခံရမှုတွေကနေ သက်သာရာရနိုင်တယ်လို့ မမာမာအေးက ပြောပါတယ်။
WCC ဆိုတာ အလုပ်သမားရေးရာညိနှိုင်းရေးကော်မတီ ဖြစ်ပါတယ်။ လုပ်ငန်းခွင်တစ်ခုမှာ အလုပ်ရှင်နဲ့ အလုပ်သ မားတွေကြား ဆွေးနွေးညှိနှိုင်းဖို့၊ နှစ်ဦးနှစ်ဖက်အခက်အခဲတွေကို စုပေါင်းအဖြေရှာဖို့၊ ဖြေရှင်းဖို့အတွက် ရည်ရွယ် ပြီး ဥပဒေအရဖွဲ့စည်းထားတာပါ။
လက်ရှိ စက်ရုံတွေမှာ ဖွဲ့စည်းထားတဲ့ WCC အဖွဲ့ဝင် အလုပ်သမားကိုယ်စားလှယ်တွေက အလုပ်သမားတွေကို ကိုယ်စားပြု ပြောဆိုပေးတာ၊ အခက်အခဲတွေ ပြဿနာတွေကို ဖြေရှင်းပေးတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောကြပါတယ်။
ရွှေလင်းဗန်းစက်ရုံက အထည်ချုပ်လုပ်သားတစ်ဦးက “အလုပ်သမားတွေအတွက် သမဂ္ဂတွေရဲ့ လုပ်ဆောင်ပေးမှု တွေက ပိုများတယ်၊ ပိုလုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအခြေအနေတွေက သမဂ္ဂဖွဲ့ဖို့ မလှုပ်ရဲ ကြဘူးလေ” ဆို ပါတယ်။
အလုပ်သမားသမဂ္ဂတွေဖွဲ့စည်းရာမှာ လွတ်လပ်ပြီး အမှီအခိုကင်းဖို့နဲ့ မည်သည့်လွှမ်းမိုးမှုမရှိဘဲ ဖွဲ့စည်းရတာဖြစ် တယ်လို့ IWFM အဖွဲ့ချုပ်ဗဟို ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
“စစ်ကောင် စီအုပ်ချုပ်မှုအောက်မှာတော့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေမဖြစ်နိုင်ဘူး” လို့လည်း အဲဒီကော်မတီ ဝင်က ဆက်ပြောပါတယ်။
ရှင်သန်ရေးအတွက် ဖိနှိပ်ခံရ
လက်ရှိ အလုပ်သမားအဖွဲ့ချုပ်လို အဖွဲ့အစည်းတွေ၊ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူတွေ၊ မီဒီယာတွေက တဆင့် အလုပ်သမားတွေရဲ့နစ်နာမှုတွေကို အကူအညီတောင်းခံ တိုင်ကြားတာတွေ ပြုလုပ်နေတယ်လို့ အလုပ် သမားအရေးကူညီပေးသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
မြို့နယ် အလုပ်သမားရုံးတွေက တိုင်ကြားမှုတွေကို စစ်ဆေးတာတွေရှိပေမဲ့ စက်ရုံတွေဘက်က ပြုပြင် ပြောင်းလဲတာ မတွေ့ရဘူး လှိုင်သာယာ စက်မှုဇုန်က အထည်ချုပ်စက်ရုံတခုမှာ လုပ်ကိုင်နေသူ အမျိုးသမီးကတော့ ပြောပါတယ်။
“တိုင်လို့ လာစစ်တယ်။ စစ်ပြီး ပြီးသွားမျိုး ပြုပြင်ဆိုတာမျိုး မရှိဘူး။ ဒါဆိုစက်ရုံက အရေးယူမခံရတဲ့ သဘော မျိုး။ အလုပ်သမားတွေလည်း ဆက်ပြီး နစ်နာနေတာပဲ” လို့ သူက ပြောပါတယ်။
ဖိနှိပ်မှုရှိနေပေမယ့်လည်း စားဝတ်နေရေးအတွက် ဒီစက်ရုံလုပ်သားအလုပ်ကို ဆက်လက်လုပ်ကိုင်နေရဆဲဖြစ် တယ်လို့ လှည်းကူးမြို့နယ်ထဲက အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်ရှိ အထည်ချုပ်စက်ရုံအလုပ်သမားတွေ ကြုံတွေ့နေတဲ့အခြေအနေကို သူက အခုလို မှတ်ချက်ပြု ပြောဆို လိုက်ပါတယ်။
“အခုက အလုပ်အကိုင်ရဖို့လည်း အခက်အခဲရှိတယ်။ တခုကနေ တခုပြောင်းဖို့က မလွယ်ဘူး။ မစွန့်စားရဲဘူး။ ကုန် ဈေနှုန်းနဲ့ အစစအရာရာ ကြီးမြင့်တာတွေက အခက်အခဲတွေပါပဲ။ ဒီလိုအကြောင်းတွေကြောင့်ဘဲ အလုပ်သမား တွေ မလှုပ်သာ မလူးသာဖြစ်နေတယ်။ အသက်ရှင်ဖို့ ဖိနှိပ်ခံနေရတဲ့သဘောပါ”
မင်းနီကျော်