ARTICLE

ရွှေ့ပြောင်းလုပ်သားတွေအတွက် NUG အစိုးရ ရပ်တည်ပေးမှုအပေါ် အလုပ်သမားအရေးလှုပ်ရှားသူများဝေဖန်

CoverLogo
530 Views

နိုင်ငံတကာကို ရောက်ရှိအလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေထံက အခွန် ၂ ရာခိုင်နှုန်းနဲ့ အခြေခံလစာ ၂၅ ရာခိုင်နှုန်း မိသားစုထံ မဖြစ်မနေ ပြန်လည်လွှဲပြောင်းပေးရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ကြေညာချက်က  ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အခက်တွေ့စရာဖြစ်လာနေပါတယ်။


မြန်မာရွှေ့ပြောင်းလုပ်သားအများစုက ထိုင်း မလေးရှား စင်ကာပူ တရုတ် ကိုရီးယားနဲ့ ဂျပန် စတဲ့နိုင်ငံတွေကို အများဆုံးရောက်ရှိနေကြတာဖြစ်ပြီး မြန်မာနိုင်ငံက အာဏာသိမ်းအစိုးရအနေနဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ လစာဝင်ငွေထဲက ၂ ရာခိုင်နှုန်းကို အခွန်အဖြစ်ကောက်ခံသွားမယ်လို့ စစ်ကောင်စီ ကိုယ်စားပြု သံရုံးအသီးသီးက ကြေညာထားပါတယ်။


စစ်အာဏာသိမ်းမှုရဲ့အကျိုးဆက်အနေနဲ့ ပြည်တွင်းနေ ပြည်သူတရပ်လုံးဟာ စစ်အုပ်စုရဲ့ အမျိုးမျိုးသော မတရားမှုတွေ ခြိမ်းခြောက် သတ်ဖြတ်မှုတွေ နဲ့ ရှင်သန်နေရသလို ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဘဝတွေကို ပါ အခုလို ခြိမ်းခြောက်ရိုက်ခတ်လာနေပြီဖြစ်ပါတယ်။


ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီး နွေဦးတော်လှန်ရေးမှာ ဘဏ္ဍာရေးအားဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေအပေါ် အကျပ်အတည်းကျရောက်လာပြီဖြစ်သလို အဲ့ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုတာ ရပ်တည်ပေးမှုကင်းမဲ့နေတဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လုပ်ဆောင်မှုနဲ့ပတ်သက်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ထောက်ပြပြောဆိုဝေဖန်လာပါတယ်။


“ပထမဆုံးအနေနဲ့ပြောချင်တာက အလုပ်သမားတွေအနေနဲ့ ဓားပြတိုက်တယ်လို့ ခံစားရမှာပေါ့ ဒီစစ်တပ်ရဲ့ လုပ်ရပ်က ဓားပြ ဂိုဏ်းလို လုပ်နေတာ တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ သူတို့လက်ထဲထိ ငွေကို မရရအောင်ယူမှာ ခုကကျတော့ ငွေကြေးကို လုပ်ထုံးလုပ်နည်းတွေထဲကနေ ယူတာပေါ့ အခွန်ဆိုတဲ့ခေါင်းစဉ်တပ်ပြီး‌တော့  တနိုင်ငံလုံးမှာလဲ သူတို့ အဲ့လိုပဲ လုပ်ချင်သလိုလုပ် ယူချင်သလိုယူနေတဲ့ အခါကျတော့ အလုပ်သမားတွေအနေနဲ့ ပထမဆုံး ခံစားရမှာက တော့ ငါတို့ ဓားပြတိုက်ခံရတယ်လို့ ခံစားရမယ်နောက်တခုက မတရားလုပ်ခံရတဲ့အတွက် ခံပြင်းမယ်။ ပြီးတော့ ကိုယ့်ရဲ့ အခြေအနေအရအလုပ် ကို နိုင်ငံရပ်ခြားမှာ သွားလုပ်ကိုင်နေရတယ် မိသားစုက လဲ ဒီမှာဆိုတော့ မပြန်ဖြစ် တဲ့ အကြောင်းတရားတွေရှိတဲ့ အခါကျတော့ အဲ့အပေါ်မှာလဲ စိတ်အနှောက်အယှက်အများကြီးဖြစ်မယ်။ မိသားစုပေါ်မှာလဲ ပူပန်မယ်။  အိမ်ကိုပဲ သွားခြိမ်းခြောက်နေမလား ဆိုတာမျိုး ဖြစ်မယ်။ နောက်တခါ ကိုယ့် လုပ်အားခ ချွေးနဲစာကို မတရားမှန်း သိသိကြီးနဲ့ပေးလိုက်ရတာမျိုး ဖြစ်နေတာပေါ့ ။ ပြီးတော့ ဒီဟာကို ဘယ်လိုဖြေရှင်းရမှန်း မသိတဲ့အခါကျတော့ နိုင်ငံသားခံလိုက်ရင် ဒီကောင်တွေကို မပေးရတော့ဘူးဆိုတဲ့အတွေးနဲ့ငါမတရားအလုပ်မခံရတော့ဘူးဆိုတဲ့စိတ်ကူးလာကြတာမျိုးလဲရှိလာကြတယ်။သူများနိုင်ငံမှာနိုင်ငံသားလုပ်ဖို့ထိ စဉ်းစားလာတဲ့အခြေအနေတွေထိ ဖြစ်လာကြတာ”လို့ အလုပ်သမားအရေးလှုပ်ရှားသူက စစ်ကောင်စီရဲ့ ခြေလှမ်းနဲ့ပတ်သက်ပြီး ပြောဆိုပါတယ်။


ကိုရီးယားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ ကိုရောက်ရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ နိုင်ငံခြားဝင်ငွေနဲ့ရရှိတဲ့ လစာဝင်ငွေအပေါ် အခွန်ပမာဏကို အောက်တိုဘာလ ၁ ရက်စပြီးပေးဆောင်ရမယ်လို့ ဆိုပါတယ်။ ပတ်စပို့ PJ နဲ့ PB ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေအနေနဲ့ ဒီဇင်ဘာလ ၁၁ ရက်ကစပြီး ပတ်စပို့သတ်တမ်းတိုးလာရောက်ရာမှာ တပါးတည်းဝင်ငွေခွန်ဆောင်ဖို့ နဲ့ ပတ်စပို့သက်တမ်းတိုးပြီးသူများလဲ ဝင်ငွေခွန်များလာရောက်ထမ်းဆောင်နိုင်တယ်လို့ ဒီဇင်ဘာ ၅ ရက်က ကြေညာထားတာပါ။


ဂျပန် နိုင်ငံမှာတော့ အခြေခံလစာကို ယန်း ၂ သိန်းနှုန်းနဲ့တွက်ချက်ပြီး ၂ ရာခိုင်နှုန်းဖြစ်တဲ့ ယန်း ၄၀၀၀ ကိုမှ သက်သာခွင့်အဖြစ်ယန်း ၂၀၀၀ ကို လစဉ်ပေးသွင်းရမယ်လို့ ကြေညာထားပါတယ်။ အဲ့ဒီထက်နည်းတဲ့သူတွေကိုလည်း တင်ပြနိုင်မှုအပေါ်မူတည်ကာ အခွန်ပေးဆောင်ရမယ်လို့ ဆိုထားပါတယ်။


စင်ကာပူရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ကတော့ ဒီဇင်ဘာ ၁၂ ရက်နေ့ကစပြီး အခွန်ထမ်းဆောင်ရမှာဖြစ်သလို အောက်တိုဘာလကနေ လာရောက်ဆောင်ရွက်တဲ့ကာလအထိ ဝင်ငွေခွန်ဆောင်ပြီးမှသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခြင်းနှင့် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်တွေဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။အခွန်ပေးသွင်းရမဲ့ပမာဏကတော့ နေထိုင်ခွင့်အမျိုးအစားပေါ်မူတည်ပြီးသတ်မှတ်နှုန်းထားပေါ် ၂ ရာခိုင်းနှုန်း ဝင်ငွေခွန်ဆောင်ရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
အလားတူမလေးရှားနိုင်ငံရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်ကိစ္စရပ်များအပါအဝင် ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို ဝင်ငွေခွန်ကောက်ခံပြီးဆောင်ရွက်ပေးရမည်ဖြစ်ရာ ဝင်ငွေခွန် စည်းကြပ်ကာလ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်မတ်လ အထိ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအထိ စတင်ကောက်ခံသွားမယ်လို့ သံရုံးက ကြေညာထားပါတယ်။


အခုလို ပြည်ပရောက်မြန်မာနိုင်ငံသားတွေထံက ဝင်ငွေခွန်ကောက်ခံရတာဟာ မြန်မာနိုင်ငံရဲ့ ပညာရေး ကျန်းမာရေး လမ်းပန်းဆက်သွယ်ရေး အစရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ကူညီထောက်ပံ့ခြင်းဖြစ်တယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။


စစ်ကောင်စီရဲ့ သံရုံးအသီးသီးက အဲ့ဒီလို ကြေညာလိုက်မှုအပေါ် ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ စစ်ကောင်စီကို အခွန်ပေးဆောင်လိုခြင်းမရှိဘဲ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ကိစ္စရပ်တွေအတွက် တစုံတရာ အာမခံချက်တွေကိုလည်း သူတို့အနေနဲ့ လိုလားနေကြပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာဆိုရင် ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေ အခွန် ၂ ရာခိုင်နှုန်းကောက်ခံမှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။


အခုလို စစ်ကောင်စီရဲ့ အဝေးရောက် မြန်မာနိုင်ငံသားတွေအ‌ပေါ် အကြပ်ကိုင်ခြိမ်းခြောက်ပြီး ငွေညှစ်တဲ့ကိစ္စကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရော အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ရော တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာတော့ စစ်ကောင်စီက နိုင်ငံခြားငွေရရှိရေး ဖိအားပေးတဲ့ အချိန်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ဘဏ္ဍာရေးတိုက်စစ်မှာ တတပ်တအားပါဝင်နေတာကို ကျေးဇူးတင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ ဒီအပြင်တော့ ရွှေ့ပြောင်းလုပ်သားတွေအတွက် တစုံတရာ ကတိကဝတ်ပေးတာမျိုး အာမခံချက်ပေးတာမျိုးတွေ ရှိမနေတာကို တွေ့မြင်နေရတာပါ။


“NUG အစိုးရ အနေနဲ့ကိုယ်ကို နိုင်ငံတကာအသိအမှတ်မပြုသေးတဲ့ အချိန်  ထိရောက်တဲ့ လက်တွေ အကူအညီမပေးနိုင်ရင်တောင်မှ ကတိကဝတ်တွေပေးလို့ရတယ် ပြီးတော့ သူတို့ ကဘာလုပ်သလဲဆိုတော့  အလုပ်သမားတွေကိုပဲ ဖိအားပြန်ပေးနေတာ အခွန်မဆောင်ရေး ဆိုပြီးတော့ လှုံ့ဆော်နေတာ သူတို့ ဖြေရှင်းပုံက လူတွေကိုပဲ အသုံးချပြီးတော့ သူတို့ ကိုတိုင်မပါဝင်တဲ့ ဖြေရှင်းပုံဖြစ်နေတယ်။ အရင်တုန်းက ကျနော်တို့ မီတာခ မဆောင်ရေးလိုပေါ့ လူတွေကို မီတာခ မဆောင်ခိုင်းဘူး တကယ်ဖြစ်လာတဲ့ အခါကျတော့ ဖမ်းခံရတဲ့ အခါ သူတို့လဲ ဖြေရှင်းပေးနိုင်တာ မဟုတ်ဘူး ဘာလို့ဆို လက်တွေ့နဲ့ ဝေးနေတာ ပေါ့။ ကိုယ်က တာဝန်မယူနိုင်ဘူးဆိုရင် အဲ့ကိစ္စတွေက ဆင်ခြင်ရမယ့်ဟာတွေဖြစ်လာတယ်”လို့ ပြည်တွင်းက အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လုပ်ဆောင်မှုနဲ့ ပတ်သက်လို့ ဝေဖန် ပြောဆိုပါတယ်။


ပြည်ပနိုင်ငံကို ရွှေ့ပြောင်းအလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေအနေနဲ့ စစ်ကောင်စီတောင်းခံတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းနဲ့ အခြေခံလစာ ၂၅ ရာခိုင်နှုန်းကိုလွှဲပြောင်းဖို့  စစ်ကောင်စီသတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်း လိုက်နာရန်  လိုလားခြင်းမရှိဘူးလို့ ပြည်ပ ရွှေ့ပြောင်းလုပ်သားတွေက ပြောဆိုကြပါတယ်။


“ခုနပြောသလို တကယ်နိုင်ငံသားခံယူချင်လို့လား ဆိုတာမျိုး ကတော့ အနည်းငယ်တော့ ရှိမှာပေါ့  ဒါပေမဲ့  ဒီဘက်မှာ မိသားစုနဲ့ ကိုယ့်ရေ ကိုယ့်မြေနဲ့ နေချင်တဲ့လူလဲရှိမှာပေါ့ တကယ်လို့ သာ တိုင်းပြည်သာ အေးချမ်းသွားတဲ့ အခြေအနေ တခုကို သူတို့လဲ မျှော်လင့်မှာပေါ့ အဲ့လိုမျှော်လင့်လို့လဲ အများစုက ရှေ့မှာ ကိုယ်ရတဲ့ဝင်ငွေကိုဖဲ့ပြီးတော့ တော်လှန်ရေးအတွက် လှူခဲ့ကြတာ”လို့ အလုပ်သမားအရေးလှုပ်ရှားသူ က ပြောဆိုပါတယ်။


လက်ရှိနွေဦးတော်လှန်ရေးကာမှာ အာဏာသိမ်း စစ်ကောင်စီကိုတွန်းလှန်ဖို့ စင်ပြိုင်အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းခဲ့ပြီး အစိုးရတရပ်ရဲ့ ရပ်တည်ရေး ရန်ပုံငွေ ဘဏ္ဍာရေးအတွက် ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားတွေက အဓိက အထောက်အကူပေးခဲ့ကြတာလည်းဖြစ်ပါတယ်။


ယနေ့မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ သက်တမ်းတစ်ခုရောက်ရှိလာပြီဖြစ်ပေမဲ့ ဘဏ္ဍာရေးဆိုင်ရာ အထောက်အကူပေးခဲ့ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရေးကို လျစ်လျူရှု့ထားပြီး ရပ်တည်ပေးမှုကင်းမဲ့နေတဲ့ အပေါ် မဖြစ်သင့်ဘူးလို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဝေဖန်ပြောဆိုလာပါတယ်။


“ဒီလိုကိစ္စတွေမှာ အလုပ်သမားတွေအနေနဲ့ ဖြေရှင်းဖို့က လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး ဘာလို့ဆို တဖက်မှာက ခုနလို အခက်အခဲတွေအများကြီးရှိတယ်။ တဘက်မှာက ဓားပြဂိုဏ်းလိုဟာမျိုးနဲ့ ရင်ဆိုင်နေရတာ။ အဲ့အခါကျတော့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ကတည်းက နေပြီးတော့ ဝန်ကြီးဌာနတွေအများကြီး ဖွဲ့လိုက်ကြတယ်။ အဲ့မှာ Active ဖြစ်ပြီးတော့ နည်းနည်း အလုပ်ဖြစ်နေတာ ဆိုလို့ ဝန်ကြီးဌာန ၂ခုသုံးခုထပ်မပိုဘူး ဆိုလိုချင်တာက အစကတည်း ကအခုချိန်ထိ အလုပ်သမား ဝန်ကြီးဌာန ပဲ ဖြစ်ဖြစ် အချို့ အလုပ်မဖြစ်တဲ့ဌာန တွေအများကြီး အလုပ်မဖြစ်ဘူးဆိုတာ က သူတို့ ကိုယ်တိုင် မလုပ်တဲ့ ဟာလဲ ပါတာပေါ့ နော်။ ဒါပေမယ့် အခုလို အချိန်မျိုးမှာ ရွှေပြောင်း အလုပ်သမားတွေ ဆီက ရတဲ့ အလှူငွေတွေ တော်လှန်ရေးအတွက် ထည့်ဝင်ငွေတွေ့  ဒီဟာကို အလှူခံဖို့ သက်သက်ပဲ လောက်ပဲသဘောထားနေတာ လားလို့ မေးစရာရှိတော့ တယ် ဘာဖြစ်လိုလဲဆိုတော့။ အလုပ်သမားဝန်ကြီးဌာနရဲ့ ဒီရွှေ့ပြောင်း အလုပ်သမားတွေကိစ္စမှ မဟုတ်ဘူး ပြည်တွင်းအလုပ်သမားတွေအတွက် လဲ ဘာမှ အလုပ်မဖြစ်ဘူး အဲ့တာတွေ ပြင်ဆင်သင့်ပြီ မလုပ်နိုင်ဘူးဆိုရင် လဲ ထောက်ပံ့ခဲ့တဲ့ အလုပ်သမားတွေကို အားနာသင့်ပြီ အဲ့ဝန်ကြီးဌာန အနေနဲ့ အဲ့ဘတ်ဂျတ်တွေကို မသုံးသင့်တော့ဘူး ဖျက်သိမ်းရင်လဲ ဖျက်သိမ်းသင့်ပြီ အခုချိန်မှ ကိုယ့်ဘာသာကိုယ်မဝေဖန် မဆန်းစစ် နိုင်ဘူးဆိုရင် ဘာမှသုံးစားမရတဲ့ ဌာနပဲ ဖြစ်မှာပေါ့။”လို့ ပြည်တွင်းအလုပ်သမားအရေးလှုပ်ရှားသူက အလုပ်သမားတွေအပေါ် ရပ်တည်မှုနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ပါတယ်။


စစ်အုပ်စုရဲ့ လုပ်ရပ်ဟာ နွေဦးတော်လှန်ရေးကာလမှာ ပြည်ပရောက်မြန်မာအလုပ်သမားတွေရဲ့ ထောက်ပို့ကိစ္စရပ်တွေကို လျော့ကျစေချင်လို့ပဲဖြစ်ဖြစ် နိုင်ငံခြားဝင်ငွေ လိုအပ်နေတဲ့ စစ်ကောင်စီရဲ့ လိုလားချက်ကို ဖြည့်ဆည်းဖို့ပဲဖြစ်ဖြစ် အခုလို စစ်ကောင်စီဘက် က ခြိမ်းခြောက်အကျပ်ကိုင်လာမှုအပေါ် တော်လှန်ရေးအစိုးရတရပ်အနေနဲ့ အတိုင်းအတာတခုထိ ရပ်တည်ပေးသင့်တယ်လို့ ဆိုပါတယ်။


စစ်ကောင်စီအနေနဲ့ ပြည်ပရောက်ရွှေ့ပြောင်းအလုပ်သမားတွေထံက ဝင်ငွေခွန်တောင်းခံရာမှာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရမဲ့ ကိစ္စရပ်တွေအထိပါ ထိခိုက်လာနိုင်ပြီး သက်တမ်းတိုးခြင်းကို ရပ်ဆိုင်းလိုက်ပါကလည်း အိုဗာစတေးဖြစ်ပြီး အခက်အခဲတွေ ရင်ဆိုင်ရတော့မှာဖြစ်တယ်လို့ ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ အလုပ်သမားတစ်ဦးကပြောပါတယ်။


“အေဂျင်စီနဲ့ သွားတဲ့လူတွေ အရစ်ကျစနစ်နဲ့ သွားကြတဲ့လူတွေရှိတယ် ၂၅ ရာခိုင်နှုန်းကလည်း မပို့လို့မရဘူးဆိုတဲ့ပုံစံဖြစ်နေတာ စစ်ကောင်စီကိုတော့ အခွန်မပေးချင်ဘူး တခြားနည်းလမ်းရှိနိုင်မလားဆိုတာ စဉ်းစားနေကြရတယ် တချို့ဆို ပတ်စပို့ သက်တမ်းမတိုးဖို့ တချို့ဆို ဂျပန်နိုင်ငံသားလျှောက်ဖို့ တောင်စဉ်းစားနေတယ်”လို့ မြန်မာအလုပ်သမားတစ်ဦးကပြောဆိုပါတယ်။


ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ အလုပ်သမားတွေအနေနဲ့ စစ်ကောင်စီက သတ်မှတ်ထားတဲ့ အခွန် ၂ ရာခိုင်နှုန်းဖြစ်တဲ့ ယန်း ၂၀၀၀ ခန့်ပေးသွင်းဖို့ အတွက် အခက်အခဲတွေရှိနေပြီး စစ်အုပ်စုဆီ စီးဆင်းသွားမယ့် ငွေကြေး အရင်းအမြစ်လည်း မဖြစ်စေချင်ဘူးလို့ ဆိုကြပါတယ်။


အဲ့ဒီလို အကျပ်အတည်းတွေကြောင့် ပတ်စ်ပို့ သက်တမ်းတိုးရာမှာအခက်အခဲရှိနိုင်ပြီးတော့ ဂျပန်နိုင်ငံမှာအလုပ်လုပ်ကိုင်ရာမှာလည်း အခွန် ၃၀ ရာခိုင်နှုန်းအထိ ဆောင်ထားရပြီး ကုန်ဈေးနှုန်းမြင့်တက်မှု လူနေမှုစရိတ်ကြီးမြင့်တာတွေကြောင့် လည်း ငွေကြေးပိုလျှံမှု မရှိတာကြောင့်လည်း အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။


ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ စစ်ကောင်စီထံကို စီးဆင်းမဲ့ ငွေကြေးပေးသွင်းမှုကို အတတ်နိုင်ဆုံးရှောင်ရှားလိုကြပြီး အခွန်မဆောင်နိုင်မဲ့နည်းလမ်းမျိုးစုံကြံဆနေကြရတယ်လို့ လည်း ဆိုပါတယ်။


“အဓိကကတော့ အခွန်မဆောင်ချင်လို့ပေါ့နော် အခွန်က ဆောင်စရာမလိုဘူးလို့ထင်တယ် ဂျပန်ဘက်မှာလည်း အခွန် က တစ်လကို ၃၀ ရာခိုင်နှုန်းလောက်ဆောင်ရတယ် ဝင်ငွေခွန် ဘာခွန် ညာခွန်တွေ အကုန်လုံးပေါ့ အခုဒီဟာက ဆောင်စရာမလိုဘူးလို့ထင်တယ် မဆောင်ချင်ဘူးပေါ့ အဲ့ဒါမဆောင်ရအောင်ဘဲ လုပ်ချင်တာ သူတို့ဘက်က နိုင်ငံခြားငွေရအောင်နည်းလမ်းရှာနေတာဆို‌တော့  မပေးချင်ဘူး အဲ့တာကြောင့် မပေးချင်ကြတာ ငွေလွှဲတာလည်း တတ်နိုင်သလောက်သူတို့ဆီမရောက်အောင် လုပ်ပေမဲ့ အေဂျင်စီနဲ့လာတဲ့လူတွေကျတော့ မဖြစ်မနေဆောင်နေရတာတွေရှိတယ် မတတ်နိုင်ဘူးပေါ့”လို့ ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူတစ်ဦးကပြောဆိုပါတယ်။


အဝေးရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ အခုလို အလုပ်လုပ်ကိုင်ရာမှာ မြန်မာပြည်ကို ပြန်လာဖို့ နဲ့ ပတ်စပို့သက်တမ်းတိုးဖို့အတွက် ပြဿနာတစုံတရာရှိနေပြီး စစ်အုပ်စုအနေနဲ့ကလည်း မြန်မာနိုင်ငံက မိသားစုဝင်တွေကို စာရင်းကောက်တာ ခြိမ်းခြောက်အကျပ်ကိုင်တာတွေ လုပ်လာမှာကိုလည်း စိုးရိမ်နေရတယ်လို့ သိရပါတယ်။


“အမှန်အတိုင်းပြောရရင် ဒါမျိုးက အတွေ့အကြုံမရှိထားတော့ ဘယ်လိုလုပ်ရင်အကောင်းဆုံးဖြစ်မလဲဆိုတာ အကြံဉာဏ်ပေးနိုင်တာမျိုးရှိရင်ကောင်းမယ်”လို့ အလုပ်သမားဖြစ်သူကပြောပါတယ်။


ဒီအခါမှာ စစ်အုပ်စုကို တွန်းလှန်မှုမရှိဘဲ ကိုယ်တိုင် ဘဏ္ဍာရေးအရ ဖြည့်ဆည်းနေရတဲ့ နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်အလုပ်သမားရေးရာအဖွဲ့တွေအနေနဲ့ စစ်အုပ်စုကို မငြင်းဆန်နိုင်သလို အလုပ်သမားတွေအပေါ် မတရားမှုတွေ ကျူးလွန်နေရာမှာလည်း ရေငုံနှုတ်ပိတ်နေနေတာဖြစ်တယ်လို့ ဆိုပါတယ်။


 “နောက်တခုက UN အဖွဲ့တွေ အနေနဲ့ အခုလို အခွန်ငွေနဲ့ပတ်သက်ပြီးတော့ ဘာမှ မကြားဘူး ဖြစ်နေတယ်။ နောက်တခုက ကျတော့ သိသလောက်ဆိုရင် ILO က စစ်အုပ်စုအပေါ်မှာ ဆက်ဆံရေးက ကသန်းရွှေလက်ထက် ကထက်တောင်ပျော့ညံ့နေသေးတယ်  ဆက်ဆံပုံက ပြီးတော့ သူတို့ ကိုယ်တိုင် စစ်အုပ်စုရဲ့ ဒေါ်လာ ဘဏ္ဍာတိုက်ကို ဖြည့်နေတဲ့ အေဂျင်စီတွေဖြစ်နေတယ် UN Agency တွေအကုန်က ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ က ဟိုကနေ ပရောဂျက်တွေအတွက် ငွေတွေဝင်လာ မယ် ပြီးရင် စစ်ကောင်စီဘဏ်ထဲဝင်သွားမယ် သူတို့ ဘယ်လောက်နဲ့ ရမလဲ ၂၁၀၀ နဲ့ စစ်တပ်က သက်မှတ်ထားတဲ့ အတိုင်းပဲ ရမှာ အပြင်ပေါက်ဈေးနဲ့ရမှာ မဟုတ်ဘူး ဆိုတဲ့ အခါကျတော့ သူတို့ကိုယ်တိုင် စစ်ကောင်စီအတွက်  ဒေါ်လာဖြည်ဆည်းပေးနေသလိုဖြစ်နေတယ်  “ILO အလုပ်သမားတွေမကယ်တင်ခင် သူတို့ကိုယ်တိုင်သူတို့ ကယ်တင်ရမှာ”လို့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ရပ်တည်မှုအခြေအနေနဲ့ပတ်သတ်ပြီး အလုပ်သမားအရေးလှုပ်ရှားသူက ဝေဖန်ပြောဆိုပါတယ်။


စစ်ကောင်စီရဲ့ အခုလို ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် အခွန်ကောက်ခံမှုဟာ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်တဲ့ ပုံစံမျိုးလို့ ရှု့မြင်လို့ရပါတယ်။စစ်အုပ်စုအနေနဲ့ ပြည်သူတွေအပေါ်မှာ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်တွေကို မရှက်တမ်းလုပ်ဆောင်နေပေမဲ့ ပြည်သူ့အစိုးရအနေနဲ့ တော့ မှန်မှန်ကန်ကန်လုပ်ဆောင်ဖို့လိုပြီး အမည်ခံရုံသက်သက်နဲ့ ရှေ့ဆက်နိုင်မှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။


“ပြောချင်တာက ဝန်ကြီး ဌာန ဝန်ကြီးအဆင့်တာဝန်ယူထားတဲ့လူတွေလည်းကိုယ့်တာဝန်ကိုယ်သိပြီးတော့ ဆောင်ရွက်ဖို့လိုသလို စာပဲထုတ်ထုတ်ဘာပဲထုတ်ထုတ် အလုပ်သမားတွေကို အသိပေးတာမျိုးပဲဖြစ်ဖြစ် ဒါတွေတော့ လုပ်နိုင်လို့ လုပ်တယ်ဆိုတာမျိုး ခုဟာက မသိချင်ယောင်ဆောင်တဲ့ပုံဖြစ်နေတယ် သူတို့က ကမ်ပိမ်းလုပ်မှ သတိရတာမျိုးဖြစ်နေတယ် အလုပ်မဖြစ်တာကို အလုပ်ဖြစ်ချင်ယောင်ဆောင်နေတာမျိုးပေါ့ အကြီးအကျယ်တွေပြောပြီး ၃ နှစ်တောင်တိုင်လာပြီ ဒီပုံစံမျိုးနဲ့ ရှေ့ဆက်သွားရင် အလုပ်သမားတွေဆက်ပြီးတွန်းနိုင်ဖို့က အားလျော့သွားမှာပေါ့ သူတို့စိတ်ထဲမှာရှိပေမယ့် အလုပ်သမားတွေကိုလည်း ဖိနှိပ်တယ် တော်လှန်ရေးရန်ပုံငွေလည်းလည်းနည်းသွားတာပေါ့”လို့ ယင်းကပြောဆိုပါတယ်။


“အစိုးရတရပ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်တယ်ဆိုရင် ဝန်ကြီးဌာနတွေလည်းဖွဲ့စည်းထားတာဆို‌တော့ အဲ့ဒီရဲ့တာဝန် အဲ့ဒီရဲ့ ဂုဏ်ပုဒ်အတိုင်း ရပ်တည်နိုင်အောင်ကြိုးစားမှသာ ကျနော်တို့က အစိုးရလို့ မြင်လို့ရမယ် အစိုးရ တရပ်လို့လည်းလေးစားလို့ရမယ် အလုပ်သမားတွေအနေနဲ့လည်း အားကိုးယုံကြည်လာလိမ့်မယ် အစိုးရလို့ ပြောတယ် ဝန်ကြီးဌာနလို့ပြောတယ် ဖွဲ့တယ် ဒါက ဝန်ကြီးဌာနတစ်ခုရဲ့ အလုပ်တောင်မဟုတ်ဘူး စီအက်အို လုပ်ငန်းတစ်ခုရဲ့ လုပ်ငန်းဆောင်တာလောက်တောင်မလုပ်နိုင်ဘဲနဲ့ ဝန်ကြီးဌာနလို့ ကျနော်တို့က မမြင်နိုင်ဘူး အစိုးရလည်း အစိုးရလို့ မမြင်နိုင်ဘူး အဲ့လိုပဲပြောချင်တယ်”လို့ ဆိုပါတယ်။


စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေပျောက်ဆုံးလာတာ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ တရားဥပဒေစိုးမိုးမှုကင်းမဲ့နေတာဖြစ်လို့ အလုပ်လုပ်ကိုင်နိုင်တဲ့ မြန်မာလူငယ် အများစုဟာ ပြည်ပနိုင်ငံအသီးသီး ကို နည်းလမ်းအမျိုးမျိုးနဲ့ထွက်ခွာပြီး ရွှေ့ပြောင်းလုပ်သားတွေအဖြစ် ရပ်တည်နေရတာဖြစ်ပါတယ်။ 


အဲ့ဒီလို ရွှေ့ပြောင်းလုပ်ကိုင်နေတဲ့အလုပ်သမားတွေထဲက အချို့ဟာ တော်လှန်ရေးအစိုးရတရပ်ဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ပို့အဖြစ် ဘဏ္ဍာငွေ ရှာဖွေပေးတာနဲ့ လုပ်အားခရဲ့ ချွေးနဲစာတွေကို လှူဒါန်းပြီး နွေဦးတော်လှန်ရေး ၃ နှစ်တာကာလမှာ အင်နဲ့အားနဲ့ ပါဝင်နေကြတာပါ။


အခုလို ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ မတရား ခြိမ်းခြောက် အကျပ်ကိုင်မှုအပေါ် စုစုစည်းစည်းနဲ့ ပြန်လည်တုံ့ပြန်ဖို့လိုအပ်နေတယ်လို့ ဆိုပါတယ်။


“အလုပ်သမားတွေကို ပြောချင်တာကတော့ တတ်နိုင်သရွှေ့တော့ အချင်းချင်းစုစည်းပြီးတော့  နုကြည် NUG က မလုပ်ဘူးဆိုရင် အလုပ်သမားတွေစုဖွဲ့ပြီး နိုင်ငံတကာကို တောင်းဆိုတာမျိုး ကိုယ်အလုပ်လုပ်နေတဲ့အစိုးရစာပို့ပြီး တောင်းဆိုတာမျိုး သူတို့ ကတော့ ဖြေရှင်းပေးမှာမဟုတ်ဘူး သိသွားအောင်ပေါ့ စစ်အုပ်စုရဲ့ မတရားမှုကို အားလုံးသိအောင် လုပ်ဖို့လိုတယ် အားလုံးညီညွတ်ကြမယ်ဆိုရင် စုစည်းပြီး သဘောထားမှတ်ချက်တောင်းတာမျိုး အကောင့် တစ်ခုဖွင့်ပြီးတော့ နိုင်ငံတကာရောက်မြန်မာတွေ လက်မှတ်စုဆောင်းတာမျိုး ထိ ရောက်တေဲ့ နိုင်ငံတကာက အားကောင်းခိုင်မာတဲ့အဖွဲ့အစည်းတွေဆီ တောင်းဆိုဖို့လိုတယ် အချင်းချင်းစုစုစည်းစည်းနဲ့ လုပ်နိုင်ဖို့လိုအပ်တယ်”လို့ ၎င်းရဲ့ အမြင်ကိုပြောဆိုပါတယ်။


Related posts

Cover
အကျဉ်းစံတို့ရဲ့ ဘဝများ
May 15, 2024
Cover
အရွယ်ကောင်းအမျိုးသားတွေရဲ့ ဘဝကို ချုပ်ကိုင်ချယ်လှယ်လာတဲ့ စစ်ကောင်စီ
May 08, 2024
Cover
ချောက်ရေနံမြေက အလုပ်သမားအခွင့်အရေးချိုးဖောက်မှု အခြေအနေများ
May 07, 2024
Cover
နေ့စားခ ကျပ်တစ်သောင်း လွန်ဆွဲပွဲ
May 06, 2024
Cover
"ဒီလောက်ထိ ဒုက္ခတွေကို  ကြံ့ကြံခံနေနိုင်တဲ့အတွက် အလုပ်သမားတွေကို အံ့လဲ ဩတယ် ဂုဏ်လဲယူပါတယ်"
May 05, 2024
Cover
ပုကြွယ် သင်္ကြန်ပွဲမသိပါ
Apr 19, 2024
Cover
ပြည်သူ့စစ်၊ စစ်မှုထမ်းဥပဒေကြားက “ဆွမ်းခံရင်း ငှက်သင့်” ရသည့် အထည်ချုပ်လုပ်သား
Mar 11, 2024
Cover
ခွင့်တရက်၊ ဂိတ်ပက်စ် နှင့်  အသက်တချောင်းအား ငြင်းဆိုခြင်း
Mar 08, 2024