ARTICLE

ရန်ကုန်မြို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်း စိန်ခေါ်မှု

CoverLogo
343 Views
 
အသက် ၂၀ အရွယ် အရပ်အမောင်းအသင့်အတင့် နဲ့ အသားခပ်လတ်လတ် ရှိတဲ့ ဖိုးစံ တစ်ယောက် ရန်ကုန်မြို့မှာ အလုပ်လျှောက်ဖို့ ပြင်ဆင်နေပါတယ်။ သည်းကြီးမည်းကြီးရွာနေတဲ့ မိုးစက်တွေအောက်မှာ CV ဖောင်နဲ့ ထောက်ခံစာ လေဘာကတ် စတဲ့အထောက်အထားစာရွက်တွေကို မိုးရေမထိအောင် ဖိုင်တွဲလေးထဲ ထည့်ထားပါတယ်။
 
တက္ကသိုလ်ဝင်တန်းတက်နေစဉ်မှာ စစ်အာဏာသိမ်းမှုဖြစ်သွားပြီး ကျောင်းဆက်မတက်တော့ဖို့ ဆုံးဖြတ်ခဲ့ပြီး အာဏာသိမ်း ၃ နှစ်ကျော်လာချိန်မှာတော့ အလုပ်အကိုင်ရေရာမှုမရှိသေးသလို ကိုယ့်ဝမ်းစာကိုယ်ရှာဖွေစားသောက်ဖို့ အမေ့အိမ်ကနေ ထွက်လာခဲ့တာပါ။
အရင်ဆုံး ဈေးအချိုဆုံးအဆောင်လေးမှာ ငှားနေပါတယ်။ လျှပ်စစ်မီးမရလို့ ချက်ပြုတ်လို့မရဘဲ ထမင်းကိုလည်း အပြင်ကနေ ဝယ်စားရတာပါ။ဖိုးစံ က ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်တစ်ခုကနေ ရန်ကုန်ကိုတက်လာခဲ့တာပါ။ တစ်စတစ်စနဲ့ သတိထားမိလာတာကတော့ သူ့လို အရွယ်တူတွေလဲ သူ့လိုပဲ အလုပ်အကိုင်တွေ ရှာဖွေနေကြတယ်ဆိုတာပါပဲ။
 
"အလုပ်လျှောက်ဖို့ စီဗွီဖောင်ပြင်ရတယ်လေ ရက်ကွက်ရုံးမှာ ထောက်ခံစာ လေဘာကတ် တွေ သွားလုပ်ရတာ အစုံလိုက်ကို ၇၀၀၀ ပေးရတယ် ကျွန်တော့လို လုပ်နေတဲ့လူတွေအများကြီးပဲ"လို့ သူကပြောပါတယ်။
 
ပြည်တွင်းစစ်မီးဟာ တိုင်းရင်းသားဒေသ နေရာတော်တော်များများကို ပြန့်နှံ့လာချိန်မှာတော့ ပြည်မဖြစ်တဲ့ ရန်ကုန်မြို့ဟာ အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလာ သူတွေအတွက် ခိုလှုံရာနေရာတစ်ခု ဖြစ်လာပါတယ်။
 
တိုက်ပွဲတွေမရှိသေးတဲ့ ရန်ကုန်မြို့နဲ့ တိုးချဲ့မြို့နယ်တွေဟာ လက်ရှိမှာတော့ အေးချမ်းသယောင် အသွင်ယူကာ ရွှေ့ပြောင်းအလုပ်သမားတွေ၊ စစ်ရှောင်တွေ နဲ့ အကြောင်းအမျိုးမျိုးနဲ့ ရွှေ့ပြောင်းရောက်ရှိလာသူ အများအပြားနဲ့ စည်ကားနေပါတယ်။ အထူးသဖြင့် ပညာရေး တပိုင်းတစနဲ့ ၁၆ နှစ်အထက် လူငယ်တွေဟာ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေရှာဖို့ မျှော်လင့်ချက်ကြီးစွာ ရှာဖွေနေကြပါတယ်။
 
လူစည်ကားလာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိဖို့ ဘယ်လောက်အတိုင်းအတာအထိ ယှဉ်ပြိုင်ရယူရမလဲဆိုတာ မသိနိုင်သေးပါဘူး။မကြာသေးခင်က လုပ်သားလိုအပ်ချက်တွေနဲ့ ရုန်းကန်နေခဲ့ရတဲ့ ရန်ကုန်ဟာ အခုချိန်မှာတော့ အလုပ်အကိုင် အခွင့်အလမ်းအတွက် ရွေးချယ်မှုတွေ ပြုလုပ်လာတယ်လို့ ပြည်တွင်း ရွှေ့ပြောင်းလုပ်သားတွေရဲ့ ပြောစကားအရ သိရပါတယ်။
“အစကတော့ အလုပ်နေရာ ကျိန်းသေတယ်ဆိုလို့ လိုက်လာလိုက်တာ။ အခုကျ ညီမမှာက HR သင်တန်းဆင်း လက်မှတ်မရှိလို့၊ အတွေ့အကြုံ မရှိသေးလို့တို့ ဖြစ်လာတယ်။ အစကတော့ အဲဒါတွေ မပြောဘူး။ သူတို့သင်ပေး မယ်ချည်း ပြောတာပါ”လို့ စစ်တွေဒေသက ရွှေ့ပြောင်းလာသူ မနှင်းအေး (အမည်လွှဲ)က ပြောပါတယ်။
 
မနှင်းအေးကတော့ စစ်တွေမြို့ အထွေထွေအုပ်ချုပ်ရေးရုံးမှာ အလုပ်လုပ်ခဲ့တဲ့ ဝန်ထမ်းတစ်ဦးပါ။ လက်ရှိမှာတော့ ရန်ကုန်မြို့မှာ ‌ပြောင်းရွှေ့အခြေချနေတာဖြစ်ပြီး ‌မိသားစုနဲ့အတူ ရခိုင်မုန့်တီ၊ အသုပ်စတာတွေကို ရောင်းချ နေပါတယ်။
 
“စက်ရုံအလုပ်ကို ရုံးပိုင်းဆိုတော့ ဝင်မယ်တွေးတာပေါ့နော်။ သူတို့ကလည်း လိုတယ်ပြောတာကို။ စက်ချုပ်ကျ ကိုယ်လည်း မလုပ်နိုင်ဘူး။ အခုကျတော့ ကိုယ့်အနားပတ်လည်မှာ ရှာမရတော့ဘူး။ မြို့ထဲပိုင်း သွားနေပြီး လုပ်ရင်ကောင်းမလားတော့ ယောကျာ်းနဲ့ တိုင်ပင်နေတယ်။ ကြာလာတော့ ယောက္ခမတွေကလည်း သိပ်မကြည်တော့ဘူး”လို့ ရွှေပြည်သာမြို့နယ်ထဲမှာ သူရင်ဆိုင်နေရတဲ့ အခက်အခဲကို ပြောပါတယ်။
 
လက်ရှိမှာ မြို့သစ်တွေမှာ အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလုပ်သားတွေ တိုးလာပါတယ်။ ငွေကြေးတတ်နိုင် သူတွေကတော့ အိမ်၊ ခြံ၊ မြေ ဝယ်ယူတာ၊ လုံးချင်းငှားရမ်းနေထိုင်မှုတွေရှိပြီး အများစုကတော့ အဆောင်လိုင်းခန်းလို နေရာတွေမှာပဲ လူစူလူဝေးနဲ့ နေထိုင်နေရပါတယ်။
 
ဒီအခြေအနေမှာ စားဝတ်နေ‌ရေး အခက်အခဲ ဖြစ်လာပြီးတော့ စီးပွားရေးအတွက် ဈေးရောင်းချသူတွေနဲ့ လုပ်ငန်းခွင် ဝင်ရောက်လိုသူတွေ များလာတာပဲ ဖြစ်ပါတယ်။
 
အလုပ်အကိုင် အခွင့်အလမ်းအတွက် ကန့်သတ်မှုတွေများတဲ့ ရန်ကုန်မြို့ကြီးမှာ အရင်ကလိုပဲ လိုအပ်ချက် ပေါင်းများစွာအတွက် တောင်းခံနေတဲ့ အသိအမှတ်ပြုလက်မှတ်တွေနဲ့ ထောက်ခံစာတွေကလည်း ရွှေ့ပြောင်း လုပ်သားတွေအတွက်တော့ ဝန်ထုပ်ဝန်ပိုးတွေဖြစ်လာပါတယ်။
 
ထောက်ခံစာတစ်စောင်ကို ကျပ်တစ်ထောင်ကစပြီး ကျပ်ငါးထောင်အထိ ပေါက်ဈေးရှိနေပြီး အဆင့်ဆင့် တောင်းခံနေတဲ့ ထောက်ခံစာတွေနဲ့ ဓာတ်ပုံ၊ လေဘာကတ်စတာတွေအတွက်လည်း ငွေကြေးကုန်ကျ စရိတ်တွေ မနည်းလှပါဘူး။
“ကိုယ့်နယ်က ထောက်ခံစာမပါတော့ ရပ်ကွက်ထောက်ခံစာအတွက်ကို တစ်သောင်းပေးလိုက်ရတယ်။ သူတို့က ပြောသေးတယ်။ ငါတို့က နင့်သနားလို့ ကူညီတာတဲ့။ ပိုက်ဆံကျ ယူထားတယ်။ နောက်လေဘာကတ်မှာလည်း လူမစောင့်ချင်ရင် အမြန်ကြေးရှိတယ်။ ကိုယ့်ဘာသာစောင့်နိုင်ရင်တော့ သိပ်မကုန်ဘူး။ ရဲစခန်းလည်း ထောက်ခံစာအတွက် တစ်ထောင်ပေးရတယ်။ ဓာတ်ပုံရိုက်ခတွေကလည်း ဈေးကြီးတယ်။ မီးပျက်ရင် ပိုပေးရ တယ်။ အလုပ်ကရမယ်၊ မရဘူး မသိသေးဘူး။ ကြိုကုန်တာက သောင်းဂဏန်း ဖြစ်နေပြီ”လို့ အလုပ်ရှာဖွေနေတဲ့ မသီတာ (အမည်လွှဲ)က ပြောပါတယ်။
 
ဒါဟာ အလုပ်ရှာဖွေလိုသူတွေကြုံနေရတဲ့ ပထမဆုံး အခက်အခဲပါ။ စစ်အာဏာ သိမ်းခါစကတော့ ဒီလိုထောက်ခံစာ တောင်းယူတာကို လုပ်ငန်းရှင်တွေက ရပ်နားထားခဲ့ပေမယ့် အခုချိန်မှာတော့ ထောက်ခံစာအစုံ ကို ပြန်လည်တောင်းယူနေတာပဲ ဖြစ်ပါတယ်။
 
“ထောက်ခံစာတွေက အလုပ်ရမှ ပေးရမယ်ဆိုတော်သေးတယ်။ အခုက ထောက်ခံစာကျတော့လည်း တစ်လတွင်း ဆိုတာက ပါသေး။ အလုပ်ရှာရတာလည်း မလွယ်ဘူး။ ထောက်ခံစာကို ရက်စွဲလေးအလွတ်ထားပေးပါ ပြောတော့ လည်း မလုပ်ပေးဘူး။ ပြောရမယ်ဆို တော်တော်ကို စိတ်တိုတယ်”လို့ မသီတာ ပြောပါတယ်။
 
အလုပ်အကိုင်အခွင့်အလမ်းလိုအပ်ချက်ဟာ စစ်အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းမှာကတည်းက တဖြည်းဖြည်းမြင့်တက်လာခဲ့တာပါ။ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ တစ်ကိုယ်ရည်လုံခြုံမှု အားနည်းတာ၊ ကျပ်ငွေတန်ဖိုး ကျဆင်းတာနဲ့ စားဝတ်နေရေး အခက်အခဲတွေကြောင့် ပြည်ပမှာ သွားရောက်လုပ်ကိုင်လိုသူ များပြားခဲ့ပြီး လုပ်သားအင်အား လိုအပ်ချက်ရှိခဲ့တာပါ။
လက်ရှိမှာတော့ အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလာသူတွေ များလာတဲ့အတွက် အလုပ်အကိုင် လိုအပ်ချက် ပြန်လည်မြင့်တက်နိုင်ဖွယ်ရှိနေပါတယ်။
 
"အမှန်အတိုင်းပြောရရင် CV ဖောင်ဖိုးတင် ၃ သောင်းကျော်နေပြီကုန်တာ အလုပ်တွေ သွားလျှောက်လိုက်တိုင်း ပြန်အကြောင်းကြားမယ်ဆိုတာပဲပြောနေတာ ချက်ချင်းခန့်တဲ့ အလုပ်က တစ်လ ၁ သိန်းခွဲ ဆိုတာနဲ့ ဝင်လုပ်လိုက်ရတယ်၊ မလုပ်ရင် ငတ်တော့မှာလေ " လို့ အလုပ်လိုက်လျှောက်နေတဲ့ ဖိုးစံကပြောပါတယ်။
 
ရန်ကုန် မြို့တွင်းလိုနေရာမျိုးတွေမှာရော စက်မှုဇုန်မြို့နယ်တွေမှာပါ လိုက်လံ လျှောက်ထားအပြီး နောက်ဆုံးတော့ တစ်လ တသိန်းခွဲရတဲ့အလုပ်ကိုသူရွေးချယ်လိုက်ရပါတယ်။
 
လက်ရှိမှာ အလုပ်အကိုင် အခွင့်အလမ်းတွေဟာ တစ်နိုင်တပိုင် အသေးစားလုပ်ငန်းတွေအတွက်တော့ အရင်လို ပေါပေါများများ မရှိသေးပါဘူး။ လုပ်ငန်းကျွမ်းကျင်မှု ပါမလာရင်တော့ အလုပ်တော်တော်များများကို အစမ်းခန့် လတွေမှာ တစ်သိန်းခွဲ ဝန်းကျင်နဲ့ လုပ်ကိုင်ရဖို့ရှိတာပါ။
 
ကုန်ပစ္စည်းပြတ်လပ်တာ၊ အရောင်းအဝယ် ကျဆင်းတာ၊ ရောင်းချလိုသူများပြီး ဝယ်ယူလိုသူ နည်းလာတာစတာတွေကြောင့်လည်း တစ်နိုင်တစ်ပိုင် လုပ်ငန်းတွေက ဆက်လက်ရပ်တည်နိုင်ဖို့ အားတင်းနေရပြီး လုပ်သားသစ် ခေါ်ယူဖို့ အလှမ်းဝေးနေပါတယ်။
“အစက အလုပ်သမားတကယ် ရှာနေတာ။ အဲဒီအချိန်တုန်းကတော့ မရဘူး။ ကလေးအလုပ်သမားတွေ လာမေး တော့လည်း မခန့်ဖြစ်လိုက်ဘူး။ အခုကျ ဆိုင်နားမှာကို ရခိုင်ဘက်က ပြောင်းလာတဲ့သူတွေရှိတယ်။ သူတို့လည်း အလုပ်ရှာနေတယ်။ ဒါပေမယ့် ကိုယ်ကမခန့်နိုင်တော့ဘူး။ ကိုယ်ဆိုင်တောင် ပစ္စည်းမရလို့ အရင်ရက်တွေက နှစ်ပတ်နီးပါးလောက် နားလိုက်ရတယ်။ အခုလည်း ရတော့ရပေမယ့် ဈေးအရမ်းများလို့ ဝယ်အားက သိပ်မရှိဘူး။ အရောင်းအဝယ်ပါးတယ်။ လူတွေပိုကျပ်တည်းလာတယ်။ အဲဒီတော့ အလုပ်သမားခေါ်ဖို့က မလွယ်တော့ဘူး။ အသိဆိုင်တော်တော်များများ အဲဒီလိုဖြစ်နေတယ်။ အရောင်းအဝယ်က မှန်းမရ။ အခြေအနေက ဘာမှန်းမသိတော့ ကိုယ့်ဘာသာပဲ ထိန်းလုပ်နေတယ်”လို့ ဂတ်မီးဖိုနဲ့ ဆက်စပ်ပစ္စည်း ရောင်းချသူတစ်ဦးက ပြောပါတယ်။
 
ဒါ့အပြင် ဈေးကွက်တွင်း ရောက်နေတဲ့ ကလေးလုပ်သားတွေကိုလည်း ဆိုင်ရှင်အများစုက လုပ်ခလစာ သက်သာ တာကြောင့် ပိုမိုသုံးစွဲချင်တယ်လို့လည်း သူကပြောပါတယ်။ ဒါဟာ လုပ်ခလစာသက်သာတဲ့အပြင် ခိုင်းစေရ ပိုမိုလွယ်ကူတာ၊ ထိန်းချုပ်ဖို့ လွယ်ကူတာစတဲ့ အားသာချက်တွေကြောင့်လို့လည်း သိရပါတယ်။
 
ပြည်တွင်းမှာ အလုပ်အကိုင် လိုအပ်ချက်ကို ပြန်လည်သုံးသပ်မယ်ဆိုရင်လည်း အများစုဟာ ကာယလုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်လိုနေတာဖြစ်ပြီး ဉာဏနဲ့လုပ်ကိုင်ရတဲ့ အလုပ်အကိုင်တွေအတွက်တော့ ဝင်ရောက်လုပ်ကိုင် လိုသူကတော့ နည်းပါးနေပါတယ်။
“ရုံးမှာတော့ အလုပ်ခေါ်တယ်။ ဒါပေမယ့် ပညာရှင်ပိုင်းပဲ ပြောရမလား။ ဒါပေမယ့် ပြဿနာက ခေါ်တဲ့ရာထူးနဲ့ မဆိုင်တဲ့ တစ်ခြားအလုပ်တွေပါ တွဲခေါ်တာပဲ။ ပညာရှင် နှစ်ယောက်လောက် သုံးရမယ့်နေရာမှာ ကုမ္ပဏီဘက်က တစ်ယောက်ပဲ သုံးချင်တယ်။ လုပ်ခလစာကျတော့လည်း အပိုမပေးဘူး။ ခက်တာက သူတို့ပေးတာနဲ့ လုပ်ပေးရ တာ မတန်တော့ ကျွမ်းကျင်အဆင့်တွေကျ မလာတော့ဘူး။ ထိုင်းဘက်သွားဖို့ကို ပိုအားသန်လာတယ်”လို့ ပုဂ္ဂလိက ကုမ္ပဏီက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
နယ်ဒေသတွေက ရွှေ့ပြောင်းလာသူ အများစုဟာ အစွန်အဖျား မြို့နယ်တွေကိုပဲ ပြောင်းရွှေ့တာ များနေပြီး အလုပ် အကိုင် အခွင့်အလမ်းအတွက်တော့ နီးစပ်ရာနေရာမှာပဲ လုပ်ကိုင်လိုကြတာ ဖြစ်ပါတယ်။ ခရီးဝေးကို နေ့စဉ် လိုင်းကားတိုးပြီး သွားရောက်လုပ်ကိုင်ဖို့ အခက်အခဲရှိတယ်လို့ တစ်ချို့က ပြောပါတယ်။
 
“အနားက စက်ရုံလောက်ပဲ ဝင်ချင်တယ်။ မြို့ထဲထိ နေ့တိုင်းသွားပြီး အလုပ်လုပ်ဖို့လည်း လုပ်နိုင်မယ် မထင်ဘူး။ နောက်မြို့ထဲမှာ အဆောင်နေတာတို့၊ စရိတ်ငြိမ်း အလုပ်တို့လည်း မဝင်ချင်ဘူး။ ပြောရရင် စိတ်ဒဏ်ရာရတယ်လို့ ပဲ ပြောရမလား။ မိသားစုနဲ့ အလွတ်ရုန်းပြေးလာရတော့ မိသားစုတန်ဖိုးကို သိရတယ်။ တစ်ခုခုဆို လူမစုံတော့ရင် ဘယ်လိုလုပ်မလဲ။ ကိုယ်တစ်ယောက်တည်းခွဲနေဖို့လည်း ကြောက်စိတ်ရှိသွားတယ်။ ဒါက ကျွန်မခံစားမိတာပါ။ လူတိုင်းတော့ ဖြစ်မယ်မထင်ဘူး”လို့ နေရပ်စွန့်ခွာခဲ့ရသူတစ်ချို့ရဲ့ စိတ်ခံစားချက်ကို မထွေးလေး (အမည်လွှဲ)က ပြောပါတယ်။
 
ပြည်တွင်းမှာ စစ်မီးတောက်လောင်နေတဲ့ အချိန်ကာလမှာ နေရပ်စွန့်ခွာရသူတွေဟာ နေရာအနှံ့ရှိနေပါတယ်။ နေရာအသစ်၊ နယ်မြေအသစ်ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာသူတိုင်းဟာ စားဝတ်နေရေးအတွက် နည်းလမ်း မျိုးစုံနဲ့ ရုန်းကန်နေရပေမယ့် စိတ်ဒဏ်ရာတွေကတော့ ကိန်းအောင်းနေပါတယ်။
 
ဒီချိန်မှာ အလုပ်အကိုင်အသစ် ရှာဖွေဖို့အတွက် အခက်အခဲကလည်း မျိုးစုံရှိနေပါတယ်။ ဘာသာစကား အခက် အခဲ၊ လုပ်ငန်းခွင် ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့အခက်အခဲနဲ့ ထောက်ခံစာ အဆင့်ဆင့် တောင်းခံရတဲ့ အခက်အခဲ တွေလည်း ရှိနေပါတယ်။
“စိတ်ကလေ ပူတယ်။ စက်ရုံအလုပ်ဆိုတာ ကျွန်မမလုပ်ဖူးဘူး။ အခုကျမှ စလုပ်ရမှာဆိုတော့ စိတ်ထဲကြောက် တယ်။ ညီမတွေကတော့ စက်လိုင်းထဲ ဆဲတာ၊ အော်တာတွေ ရှိတယ်။ ဖိအားတွေရှိတယ်တော့ ပြောပြထားပေမယ့် အခုဝင်လုပ်ရမှာကို ကြောက်တယ်။ အဲလိုအဆဲခံဖို့ဆိုတာ ကျွန်မတစ်သက် မတွေးဖူးဘူးလေ။ အရင်ရောက်နေတဲ့ ညီမတွေကတော့ ရိုးနေပြီပြောတယ်။ ခံနိုင်ရည် ရှိဖို့တော့ ကြိုးစားရဦးမယ်”လို့ဆိုတဲ့ မထွေးလေးရဲ့ စကားသံက ပြည်တွင်းရွှေ့ပြောင်းလုပ်သားတစ်ဦးရဲ့ စိတ်သောကကို ဖော်ညွှန်းနေပါတယ်။
 
လက်ရှိမှာ မထွေးလေးတို့လို စိတ်သောကတွေနဲ့ ပြည်တွင်းရွှေ့ပြောင်းလုပ်သားတွေ ဘယ်လောက်တောင် တိုးလာလဲ ဆိုတာကိုတော့ တိကျတဲ့ ကိန်းဂဏန်းတွေ ဖော်ပြနိုင်တာ မရှိသေးပါဘူး။ ဒါပေမယ့် သေချာတာက တော့ ရန်ကုန်မြို့ကြီးက လိုအပ်တဲ့ ပမာဏာထက် ကျော်လွန်နေတာတော့ အသေအချာပါပဲ။ ဒီလိုလူတွေ တိုးလာတာနဲ့အမျှ မြို့ပြတွင်းက သောကသံတွေကလည်း ပိုမိုကျယ်လောင်လာတော့မှာပါပဲ။
 
စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေပေးမယ့် ပြည်ပကုမ္ပဏီတွေဟာလည်း ပြည်တွင်းက စွန့်ခွာနေကြသလို ပြည်တွင်းက လုပ်ငန်းရှင်တွေကလည်း အလုပ်အကိုင် အခွင့်အလမ်းတွေကို ပေါပေါများများ ခေါ်ယူနိုင်စွမ်း ကျဆင်းလာကြပါတယ်။ အလုပ်သမားဝန်ကြီးဌာနကလည်း ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖော်ဆောင်ဖို့ထက် အခွန်အခနဲ့ အကျိုးစီးပွားရရှိရေးကိုသာ အားစိုက်နေပါတယ်။
 
အာဏာရှင်အုပ်ချုပ်ရေး ယန္တရားတွေ တည်ရှိနေတဲ့ ရန်ကုန်မြို့ကြီးဟာ ရွှေပြောင်းလူငယ်တွေအတွက် မှီခိုအားထားရာ နောက်ဆုံးရင်ခွင်ဖြစ်လာနေပါတယ်။အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်ကောင်းမွန်ဖို့ ၊ သင့်တင့်တဲ့လုပ်ခလစာရရှိဖို့ နဲ့ လူနေမှု အဆင့်အတန်းတွေ တိုးတက်ပြောင်းလဲဖို့အတွက်ကတော့ ပြည်သူတွေအားလုံး စစ်အာဏာရှင်ကျဆုံးရေး အတူတကွတိုက်ပွဲဝင်မှ သာလျှင် ပေါ်ပေါက်လာနိုင်တဲ့အခင်းအကျင်းတစ်ခုဖြစ်လာနေပါတယ်။

Related posts

Cover
ပြည်ပထွက်ခွာလိုသူတွေအတွက် ရန်ကုန်လေဆိပ်ရဲ့ အိမ်မက်ဆိုး
Dec 26, 2024
Cover
စစ်မှုထမ်းအယောင်ပြ ဖမ်းဆီးငွေညှစ်မှုတွေပါ ပြုလုပ်လာ
Dec 24, 2024
Cover
အဓမ္မ စစ်မှုထမ်းခိုင်းစေရန် ပေါ်တာဆွဲမှုမှာ အကာကွယ်မဲ့နေတဲ့အလုပ်သမားထု
Dec 22, 2024
Cover
အဖြေရှာဖို့ ခက်ခဲသေးတဲ့ ကလေးလုပ်သားပုစ္ဆာ
Dec 21, 2024
Cover
ကျပ်တည်းခက်ခဲလာတဲ့ အခြေခံပြည်သူတွေရဲ့ဒုက္ခ
Nov 26, 2024
Cover
ညီမမေသူ သို့ ပြန်စာ - ၁
Nov 19, 2024
Cover
"ကိုမင်း ဈေးထဲ လမ်းလျှောက်ထွက်ခြင်း"
Nov 18, 2024
Cover
"ဝေးကွာလာသည့် ပြည်ပအိမ်မက်များ”
Nov 17, 2024