စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားတွေအနေနဲ့ စက်ရုံအတွင်းနဲ့ စက်ရုံပြင်ပ သွားလာ ကြရာမှာလုယက်မှုတွေ ကြောင့် လုံခြုံမှု့မရှိ ဖြစ်နေတယ်လို့ ရန်ကုန်မြို့က စက်မှုန်ဇုန်တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား တွေက ပြောပါတယ်။
လက်ရှိ လုယက်မှု ဖြစ်စဉ်တွေ သိသိသာသာမြင့်မားနေတာကြောင့် အလုပ်သွား အလုပ်ပြန်တွေမှာ စိုးရိမ်မှုတွေရှိနေတဲ့အပြင် စစ်ကောင်စီတပ်တွေရဲ့ စစ်ဆေးမှု့တွေကလည်း အလုပ်သမား တွေရဲ့ လုံခြုံမှုကို ကင်းမဲ့စေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
"မလုံခြုံတော့တာ ကိုယ်နိုင်ငံမှာနေရပြီး စစ်လို့ ဆေးလိုက်နဲ့ ပြန်ပြောရင်လည်း လက်နက်ကိုင်ပြီး ဟောက် လိုက်၊ ရိုက်လိုက်နဲ့ ၊ အပြင် သွားရင်ကို မလုံခြုံ တော့ဘူး"လို့ မှော်ဘီမြောင်းတကာစက်မှု့ဇုန်မှာ အလုပ် လုပ်ကိုင်နေတဲ့ စက်ရုံအလုပ်သမားတဦးက MLN ကို ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းနောက်ပိုင်း စက်ရုံတွေအတွင်းမှာလည်း အလုပ်သမား အခွင့်အရေး ချိုးဖောက် မှုတွေ များပြားနေတဲ့အပြင် စစ်ကောင်စီတပ်တွေဟာ အမျိုးသမီး အလုပ်သမားတွေကို နှုတ်နဲ့ စော်ကား ပြောဆိုတာရှိနေတယ်လို့ အမျိုးသမီး အလုပ်သမားတွေက ပြောပါတယ်။
"စက်ရုံက ပြန်လွှတ်တာ နောက်ကျတယ် ။ ပြန်ကျတော့လည်း စစ်ဆေးခံရတယ်။ ကျမတို့ အမျိုးသမီး တွေကို စစ်ရင် ရိသဲ့သဲ့လုပ်တာမျိုး ကြုံရတယ်။ ပြောရရင် ဒီကာလမှာ လုံးဝမလုံခြုံဘူး"လို့ တောင်ဒဂုံ စက်မှုဇုန်မှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
Myanmar Labour News ရဲ့ စုံစမ်းမှုတွေအရ တောင်ဒဂုံ နဲ့ ဒဂုံဆိပ်ကမ်း မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း အလုပ်ပြန်နောက်ကျတဲ့ အလုပ်သမားအချို့ကို အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ဟန်ဆောင်ပြီး လုယက်မှု ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။
"အပြန်မှာ မင်း PDF နဲ့ဆက်စပ်တယ် မေးစရာရှိတယ်ဆိုပြီး တက္ကစီပေါ်တင်ခေါ်သွားတာ။ ကားပေါရောက် တော့ အလုပ်ကပါလာတဲ့ ပိုက်ဆံကို လုတယ်။ ကျင်စက်နဲ့တို့တယ်၊ ဓါးနဲ့ထိုးတယ်။ ကံကောင်းလို့ မသေပဲ လွတ်လာတာ"လို့ တောင်ဒဂုံမြို့နယ်က ကိုယ်တိုင် လုယက်ခံခဲ့ရတဲ့ အလုပ်သမားတဦးက ပြောပါတယ်။
စက်ရုံတွေနဲ့ အလုပ်ရုံတွေ ဘက်ကတော့ အလုပ်သမားတွေရဲ့ လုံခြုံရေးအပေါ် လျစ်လျူရှုထားပြီး အလုပ် ပြီးစီးဖို့ ဖိအားပေး စေခိုင်းနေတယ်လို့ အလုပ်သမားတွေ ကပြောပါတယ်။ ဒါ့အပြင် အလုပ်သမားတွေနဲ့ ဝန်ထမ်းတွေရဲ့ အခွင့်အရေးကိုကျော်လွန်ပြိး ခြိမ်းခြောက် ပြောဆိုတာတွေဟာ အာဏာသိမ်းပြီးနောက် များပြားလာတယ်လို့ သိရပါတယ်။
"ရုံထဲရောက်တော့ အဆဲအဆိုခံရ။ တခုခုဆို သွားပြောရင် ခြိမ်းခြောက်ခံရ။ ကျမကိုဆိုရင် နင့်ကို စစ်တပ် လက်ထဲအပ်လိုက်ရမလား ဆိုပြီး အပြောခံခဲ့ ရတာ"လို့ လှိုင်သာယာစက်မှုဇုန်မှာ အလုပ်ကိုင်နေတဲ့ အမျိုးသမီး တဦးက MLN ကို ပြောပါတယ်။
စစ်ကောင်စီကို ဆန့်ကျင်တဲ့ ပြည်လုံးကျွတ် ဆန္ဒဖော် ထုတ်ပွဲ တွေ၊ အသံတိတ်သပိတ် တွေ မစတင်မီ နေ့တွေ မှာဆို စက်မှုဇုန်ကော်မတီတွေ နဲ့ စစ်ကောင်စီ တပ်ဖွဲ့ တွေပေါင်းပြီး စက်ရုံပိုင်ရှင်တွေနဲ့ စက်ရုံ လုပ်သား တွေကို ပူးပေါင်းပါဝင်တာတွေ မလုပ်ဖို့ ခြိမ်းခြောက်တာတွေ ပြုလုပ်တယ်လည်း အလုပ်သမားတွေက ပြောဆို ပါတယ်။
“အရင်ကဆို အလုပ်သွားအလုပ် ပြန်ဘာမှ ကြောက်စရာမရှိဘူးလေ။ လွတ်လွတ် လပ်လပ် သွားလာလို့ ရတယ်။ ခုတော့ ကြောက်နေရတယ်။ ဆိုင်ကယ်တွေဆိုခဏခဏအလုခံတယ်။ တခါတလေ အသတ်ခံရ တယ်လို့ တောင် ကြားတယ်"လို့ ရွှေပြည်သာစက်မှု့ဇုန်က အထည်ချုပ်အလုပ်သမားတဦးက MLN ကို ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာ စက်မှုဇုန် ၃၀ ဝန်းကျင်ရှိပြီး အလုပ်သမားအများစုက ဒီ စက်မှုဇုန်တွေမှာ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ စက်မှုဇုန်အတွင်း ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုကဏ္ဍမျိုးစုံ လုပ်ကိုင်နေကြပြီး အလုပ်သမားအင်အား အများအပြားနဲ့ လုပ်ကိုင်နေတဲ့ စက်ရုံအမျိုးအစားကတော့ အထည်ချုပ်လုပ်ငန်းတွေ ဖြစ်ပါတယ်။
"အလုပ်သွားအလုပ်ပြန်လည်း မလုံခြုံသလို့ အပြင်စျေးထွက်ဝယ်ရင်တောင် မလုံခြုံတော့တဲ့ အခြေအနေပါ" လို့ မင်္ဂလာဒုံစက်မှဇုန်မှာ အလုပ်ကိုင်နေတဲ့ အလုပ်သမားတဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ထောင်နဲ့ ချီတဲ့ ရာဇဝတ်ဆိုင်ရာအကျဉ်းသားတွေ လွှတ်ပေးလိုက်တာကလည်း အခုလို လုယက်မှုတွေကို များပြားစေတယ်လို့ ဥပေဒဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ လက်ရှိ ခိုးဆိုးလုယက်မှုတွေကို ပေါ်ထင်ထင်လုပ်ကိုင်နေတာတွေနဲ့ အလုပ်သမားတွေအပေါ် စစ်ကောင်စီတပ်တွေရဲ့ စစ်ဆေးမှု တွေဟာလည်း တကိုယ်ရေ လုံခြုံရေးကင်းမဲ့သလို ဖြစ်နေတယ်လို့ MLN မေးမြန်းခဲ့တဲ့ အလုပ်သမား အများစုက ပြောပါတယ်။