ARTICLE

ပျောက်ဆုံးသွားသော လုပ်အားရှင်များ

CoverLogo
470 Views

ပြည်တွင်းမှာ တစ်နိုင်တစ်ပိုင် လုပ်ငန်းလုပ်ကိုင်သူကစလို့ လုပ်သားအင်အား ထောင်နဲ့ချီလည်ပတ်နေတဲ့  လုပ်ငန်းရှင်ကြီးတွေပါ လတ်တလောရင်ဆိုင်တွေ့ကြုံနေရတဲ့ အခက်အခဲတခု ကတော့ လုပ်သားရှားပါးမှုဆိုတဲ့ပြဿနာပဲဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်အဖြစ် တရားဥပဒေစိုးမိုးမှုကင်းမဲ့တာကြောင့်  ပြည်ပထွက်ခွာသူမြင့်တက်လာတာ၊ ကုန်ဈေးနှုန်းကြီးမြင့်ပြီး လုပ်အားခနည်းပါးလို့ ပြည်ပထွက်ခွာတာနဲ့ စစ်မှုထမ်းဥပဒေနဲ့ အတင်းအကြပ် စစ်သားစုဆောင်းမှုကြောင့် ပြည်ပကိုနည်းအမျိုးမျိုးနဲ့ထွက်ခွာဖို့ ကြိုးပမ်းကြတာ စတာတွေဟာ စိုးရိမ်စရာအနေအထားထိ ရောက်ရှိနေပြီဖြစ်ပါတယ်။

ဒီအတိုင်ခင်ကာလတွေမှာတော့ အလုပ်သမားတွေကို  အလုပ်ရှင်တွေ စိတ်ကြိုက် သတ်မှတ်ချက်တွေနဲ့အညီ ရွေးချယ်ခဲ့ပေမယ့် ဒီကနေ့မှာတော့ အခြေအနေ အရပ်ရပ်က ပြောင်းပြန်တွေ ဖြစ်လာပါတယ်။ ဒါဟာလည်း စစ်အာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့ ပြဿနာတွေထဲက တစ်ခုပါပဲ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာပြည်မှာ ပုံမှန်လည်ပတ်နေတဲ့အရာဟာ မရှိတော့သလောက်ဖြစ်သွားပါတယ် ။ တစ်ချို့လုပ်ငန်းကဏ္ဍတွေဟာ ရပ်တန့်သွားသလို၊ တစ်ချို့ကတော့ ဆက်လက်လည်ပတ်နိုင်အောင် ထိန်းညှိမှုတွေ လုပ်ဆောင်ကြရသလို တစ်ချို့နေရာတွေမှာတော့  ပြောင်းပြန်တွေဖြစ်လာပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူငယ်တစ်ချို့ဟာ  ခုခံတော်လှန်ဖို့အတွက် တော်လှန်ရေးအဖွဲ့တွေဆီ ဝင်ရောက်တာ၊ အာဏာရှင်အုပ်ချုပ်မှု ယန္တရား ဖြစ်တဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ မနေလိုတာကြောင့် ပြည်ပထွက်ခွာမှုတွေ များပြားလာပါတယ်။ အဲဒီအခြေအနေကစလို့  ပြည်တွင်းမှာ လုပ်သားရှားပါးမှုအခြေအနေကို စတင်ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ်မှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးချိန်မှာတော့ လူငယ်အများစုဟာ ပြည်ပကို မဖြစ်မနေထွက်ခွါဖို့လုပ်ဆောင်လာကြပါတော့တယ်။ အသက်(၁၈)နှစ်ကနေ (၃၅)နှစ်အတွင်းက အမျိုးသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးလုပ်ဆောင်လာချိန်မှာတော့  မြန်မာနိုင်ငံဟာ လူငယ်တွေမနေသင့်တော့တဲ့ နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။ 

လက်ရှိမှာ လူငယ်အများစုဟာ ပြည်ပနိုင်ငံအသီးသီးကို ထွက်ခွာနိုင်ဖို့ ကြိုးပမ်းနေကြပြီး ပြည်တွင်းမှာ အလုပ် ဆက်လက် လုပ်ကိုင်ဖို့ကိုတော့ စိတ်ဝင်စားမှု မရှိကြတော့ပါဘူး။  လုပ်ငန်းရှင်တွေအတွက်လည်း လုပ်သားရှားပါးမှုဆိုတဲ့ ပြဿာနာကြီးကို ရင်ဆိုင်နေကြရပြီဖြစ်ပါတယ်။ 

ခွန်အားအပြည့်ရှိတဲ့ အလုပ်ကိုအင်နဲ့အားနဲ့ ရုန်းကန်လုပ်ဆောင်နိုင်တဲ့၊ လုပ်နိုင်ကိုင်နိုင်တဲ့အရွယ်ကောင်းတွေ ပြည်ပကိုထွက်ခွါနေကြတာကြောင့်  စားသောက်ဖွယ်ရာရောင်းချတဲ့ နေရာတွေမှာဆိုရင် ကလေးအလုပ်သမားတွေကိုပါ အသုံးပြုရတဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။ 

“ကျွန်တော်က ကလေးလုပ်သား ခိုင်းဖို့ကို တစ်ခါမှမတွေးဖူးဘူး။ ဘာလို့ဆို အလုပ်သမားကို ထိုက်တန်တဲ့ လစာ ပေးတယ်။ မျှတတဲ့လုပ်အားကို ယူတယ်။ ကလေးလုပ်သားကျ အကုန်လုံး ကိုယ်ခိုင်းသလို မဖြစ်ဘူး။ လစာကြ တော့ တစ်ဆိုင်လုံးမှာ သူတစ်ယောက်တည်း လျော့ပေးလို့ မရဘူး။ အဲဒီတော့ ပေးရတာနဲ့ ခိုင်းရတာ မတန်ဘူး။ မကြိုက်ဘူး။ ဒါပေမယ့် အခုကျ လူခေါ်ပေမယ့် မရတော့ ကလေးလုပ်သားတွေလည်း ထည့်သုံးနေရတယ်”လို့ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်သူကိုမျိုး(အမည်လွှဲ)က ပြောပါတယ်။

ဒါဟာ လုပ်ငန်းလုပ်ကိုင်သူတစ်ချို့ ရင်ဆိုင်တွေ့ကြုံနေရတဲ့ အခြေအနေပါ။ ဒီဖြစ်ရပ်တွေဟာ စစ်မှုထမ်း ဥပဒေ ကို စတင်ကျင့်သုံးစဉ်မှာ စတင်ကြီးထွားခဲ့တာဖြစ်ပြီး ယခုနှစ်သင်္ကြန်ကာလကစတင်ကာ လုပ်သားမရှိတာကြောင့် ဆိုင်တစ်ချို့ လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲတဲ့အထိ ဖြစ်ခဲ့ပါတယ်။

စစ်အာဏာမသိမ်းခင်ကတော့ရန်ကုန်မြို့ဟာ အနယ်နယ် အရပ်ရပ်က ပြည်တွင်းရွှေ့ပြောင်း လုပ်ကိုင်သူတွေ အခြေစိုက်ရာ နေရာတစ်ခု ဖြစ်ခဲ့ ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်မြို့ထဲနေထိုင်သူတွေတောင် အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် ရွှေ့ပြောင်းသွားလာတာတွေ လုပ်ဆောင်နေကြရပါတယ်။ 

စစ်မှုထမ်း ဥပဒေကို ဖိအားပေး ပြီး အကောင်အထည်ဖော်ချိန်မှာတော့ လူငယ်တွေဟာ မွေးရပ်မြေမှာ မနေရဲတော့တဲ့ ပြဿာနာကြီးက ကြီးမားလာပါတော့တယ်။

ဒီလိုအခြေအနေတွေကြောင့်လည်း လုပ်သားရှားပါးတဲ့ပြဿာနာက ပိုမိုဆိုးရွားလာပြီး တစ်နိုင်တစ်ပိုင် လုပ်ငန်း တစ်ချို့မှာ ကလေးလုပ်သားတွေ ပိုသုံးလာတာနဲ့ အကြီးစားလုပ်ငန်းတွေလည်း ရပ်နားလိုက်ရတဲ့အထိ ရှိလာ ပါတယ်။

တိရစ္ဆာန်အစာနဲ့ ကြက်သားပေါက်တွေ ထုတ်လုပ်ရောင်းချနေတဲ့ CJ Feed Myanmar ရဲ့ ထုတ်ပြန်ချက်ကလည်း လုပ်သားရှားပါးလာတဲ့ပြဿာနာကို မီးမောင်းထိုးပြနေပါတယ်။ CJ Feed Myanmar ကုမ္ပဏီဟာ မေလ(၂၈)ရက်ကစပြီး လုပ်ငန်းခေတ္တရပ်နားတော့မယ်လို့ အသိပေးကြေညာလိုက်တာဖြစ်ပါတယ်။  ကုမ္ပဏီအနေနဲ့ ကုန်ထုတ်လုပ်ဖို့ လုပ်သားအင်အား မလုံလောက်တာအပြင် အရောင်းအဝယ် ခက်ခဲလာတာ၊ ကုန်ကြမ်းစရိတ်တွေ တိုးမြှင့်လာတာနဲ့ ကုန်ကြမ်းရရှိဖို့ ခက်ခဲလာတွေကြောင့်  လုပ်ငန်းရပ်နားတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ထပ်ပြီးတော့လုပ်သားအင်အား ရှားပါးလာတာကို သိသိသာသာပြနေတဲ့ မြင်ကွင်းတွေကတော့ ကလေးလုပ်သား တွေကို အရင်ကထက် ပိုတွေ့လာရတာနဲ့ အသက်အရွယ်ကြီးမြင့်သူတွေပါ လုပ်ငန်းခွင်တွေမှာဝင်ရောက် လုပ်ကိုင်လာတာပဲ ဖြစ်ပါတယ်။

“အစကတော့ နယ်ဒေသကလူတွေ ပြည်ပထွက်ကုန်ကြလို့ အလုပ်သမား မရှိဘူးပေါ့။ အခုက ရန်ကုန်မှာကို အလုပ်သမားဆိုတာ ရှားလာတာ။ အခုကျ လုပ်ငန်းရှင်ကြီးတွေတောင် အလုပ်သမားရှားလို့ဆိုပြီး ညည်းလာ တယ်”လို့ ကလေးအလုပ်သမားတွေ အသုံးပြုနေရတဲ့ ကိုမျိုးက ဆိုပါတယ်။

လုပ်သားအင်အား ရှားပါးလာတာကြောင့် ကလေးလုပ်သားတွေ ခေါ်ယူအသုံးပြုရတာ၊ အလုပ်ခေါ်ရာမှာ ကန့်သတ် တဲ့ အသက်အရွယ်ကို တိတိကျကျ မသတ်မှတ်နိုင်တာနဲ့ လုပ်ခလစာ တိုးပေးတာတွေကိုပါ လုပ်ဆောင်နေကြ ရပါတယ်။ ဒါပေမယ့်လည်း လုပ်သားအင်အား ရှားပါးတဲ့ပြဿာနာကို အဖြေရှာနိုင်တဲ့ အခြေအနေတော့ ရှိမနေပါဘူး။

စစ်မှုထမ်းဖို့ကို အမျိုးသားရော၊ အမျိုးသမီးကိုပါ စာရင်းတွေ ကောက်ယူထားပေမယ့် လက်ရှိမှာတော့ အမျိုးသား တွေကိုပဲ စတင်ခေါ်ယူနေတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေကိုပါ စစ်မှုထမ်းဖို့ ထပ်မံခေါ်ယူလာရင်တော့ လုပ်သား ရှားပါးမှု ပြဿာနာဟာ ဒီထက်ပိုမို ဆိုးရွားလာမှာပဲ ဖြစ်ပါတယ်။ 

 “စစ်မှုထမ်းဖို့ လူစခေါ်မယ်ကြားကတည်းက ကလေးကို အလုပ်ထွက်ခိုင်းလိုက်တာ။ အန်တီတို့နေတာက မြို့အစွန်လေ။ မြို့ထဲက ဆိုင်အလုပ်ကပြန်လာရင်တော့ ည(၈)နာရီကျော်မှ အိမ်ရောက်တာ။ သူပြန်မရောက်မချင်း စိတ်မအေးရဘူး။ သားကအသက် (၂၄)ထဲမှာဆိုတော့ စစ်မှုထမ်းဖို့လည်း အရွယ်ကောင်းဖြစ်နေတယ်။ အဲဒါကြောင့် ထိုင်းပဲရရ၊ မလေးရှားပဲရရ အလုပ်သွားလုပ်ဖို့ ပြင်နေတယ်။ ဒီမှာတော့ မထားချင်တော့ဘူး”လို့ ရွှေပြည်သာ မြို့နယ်မှာ နေထိုင်တဲ့ မိခင်တစ်ဦးက ပြောပါတယ်။ 

သူရဲ့ပြောစကားအရတော့ သူ့သားအလုပ်လုပ်ကိုင်နေတဲ့ စားသောက်ဆိုင်မှာ လူငယ်တွေမကြာခဏ အလုပ်ကနေ ထွက်သွားတာတွေဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ အကြပ်အတည်းတွေ များလာလေလေ ပြည်ပထွက်ခွာဖို့ ကြိုးပမ်းလေ ဖြစ်လာမယ့် အခြေအနေကို စစ်ကောင်စီကလည်း ကြိုတင်ကန့်သတ်တာတွေ လုပ်ဆောင်လာပါတယ်။ 

လက်ရှိမှာတော့ ပြည်ပကို လုပ်သားစေလွှတ်နေတဲ့ အေဂျင်စီတွေရဲ့ ပြောစကားအရတော့ အသက်(၂၃)နှစ်အောက်နဲ့ (၃၁)နှစ်အထက် အမျိုးသားတွေကိုသာ ပြည်ပသွားရောက် လုပ်ကိုင်ခွင့် ပြုထားတယ်လို့ သိရပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ပြည်တွင်းက အရွယ်ကောင်းအမျိုးသားတွေကို ထိန်းသိမ်းနိုင်မယ့် အခြေအနေတော့ ရှိမနေပါဘူး။

လူငယ်အများစုကတော့ ပြည်ပကို တရားဝင်နည်းလမ်းနဲ့ ရောက်ရှိဖို့ အားစိုက်နေမှာ မဟုတ်ပါဘူး။ ငွေကြေး တက်နိုင်သူတွေကတော့ ဗီဇာအမျိုးမျိုးနဲ့ ပြည်ပထွက်ခွာကြမှာဖြစ်ပြီး ငွေကြေးမတက်နိုင်သူတွေကတော့ တရားမဝင်လမ်းကြောင်းတွေနဲ့ သွားရောက်ကြမှာဖြစ်ပါတယ်။ 

ခေတ်လူငယ်တစ်ချို့ကလည်း အာဏာရှင်လက်အောက်မှာ စစ်မှုထမ်းရမှာထက် ပြည်တွင်းက တော်လှန်ရေး အဖွဲ့အစည်းတွေဆီ ဝင်ရောက်ဖို့ပဲ ကြိုးပမ်းနေကြပါတယ်။ အခုဆိုရင် ပြည်တွင်းမှာလည်ပတ်နေတဲ့ လုပ်ငန်းကဏ္ဍအသီးသီးမှာ လူအင်အားမလုံလောက်တော့တဲ့ အခြေအနေတွေက သိသိသာသာ မြင်တွေ့နေရပြီဖြစ်ပါတယ်။

ဒီအခြေအနေတွေကို လုပ်ငန်းရှင်တွေကလည်း မျှော်မှန်းထားပြီးဖြစ်ပေမယ့် လက်တွေ့အဆင်ပြေစေမယ့် နည်းလမ်းကတော့ ထွက်မလာသေးပါဘူး။

အမျိုးသားလုပ်သားတွေ အများဆုံးလုပ်ကိုင်ကြတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာဆိုရင် လုပ်သားရှားပါးမှု ဆိုးဆိုးရွားရွားဖြစ်ပေါ်နေတယ်လို့ ဆောက်လုပ်ငန်းရေးလုပ်ငန်းရှင်တွေကပြောပါတယ်။ လုပ်သားရှားပါးလို့ လုပ်အားခတိုးပေးပေမဲ့ အခက်အခဲတွေရှိနေတာလို့ ဆိုပါတယ်။

လုပ်သားအင်အား သိန်းနီချီပြီး အလုပ်အကိုင်ပေးနိုင်ခဲ့တဲ့ အထည်ချုပ်ကဏ္ဍမှာဆိုရင် သတ်မှတ်ထားတဲ့ အနည်းဆုံးအခကြေးငွေ ၄၈၀၀ ထောက်ပံ့ကြေး ၁၀၀၀ စုစုပေါင်း တရက်အခြေခံလုပ်ခ ၅၈၀၀ ဝန်းကျင်နဲ့ လုပ်အားခပေးချေနေပေမဲ့ လုပ်သားရှားပါးမှုကြောင့် ဒေးကြေး ၇၅၀၀ ကနေ ၈၀၀၀ ဝန်းကျင် အထိ တိုးမြှင့်ခေါ်ယူနေကြရပါတယ်။ဒါပေမဲ့ ဒီလိုဖြေရှင်းမှုကရော အလုပ်သမားအရေအတွက် အတော်များများကို စွဲဆောင်နိုင်ပါ့မလား စဉ်းစားစရာပါ။

“အခုစက်ရုံတွေဘက်က ဒေးကြေးတွေ တိုးပေးတာတွေ ရှိတယ်။ သမီးတို့ရုံးလည်း တိုးပေးမယ် ကြားထားတယ်။ ဒါပေမယ့် သူတို့တိုးပေးတဲ့နှုန်းက တစ်ထောင်လောက်ပဲရှိတယ်။ ဒီကရတဲ့လစာနဲ့ ပေါပေါများများစားဖို့ မလွယ် ဘူး။ အဲဒါကြောင့် ညီမနှစ်ယောက်လုံး ထိုင်းထွက်ဖို့ လုပ်နေတယ်”လို့ စက်မှုဇုန်အထည်ချုပ် အလုပ်သမားတစ်ဦးက ဆိုပါတယ်။

သူရဲ့ပြောစကားအရတော့ လက်ရှိမှာ ပြည်တွင်းက လုပ်ငန်းရှင်တစ်ချို့ဟာ ထိုင်းနိုင်ငံဘက်အခြမ်းမှာ စက်ရုံ ပူးပေါင်းဖွင့်လှစ်တာတွေ လုပ်ဆောင်နေပြီး  လိုင်းအလိုက် သွားရောက်လုပ်ကိုင်မယ့်သူတွေပါ ရှိနေတယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ ကျပ်ငွေတန်ဖိုး ကျဆင်းလာတာကလည်း  စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပြီး စားဝတ်နေရေး မလုံလောက်တဲ့ လုပ်ငန်းခွင်တွေမှာ လုပ်သားတည်မြဲဖို့ကလည်း ခက်ခဲနေပါတယ်။

နောက်ထပ် လုပ်သားအင်အားလိုအပ်ချက်ရှိတဲ့ ကဏ္ဍတခုကတော့ လယ်ယာစိုက်ပျိုးရေးပဲဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာ စက်ပစ္စည်းတွေနဲ့ အဓိက လုပ်ကိုင်နေရပေမဲ့ လိုအပ်တဲ့ လူအင်အားအရင်းအမြစ်က ပြည်ပနိုင်ငံတွေကိုရောက်ရှိနေသလို ဆက်လက်ထွက်ခွာမယ့်သူတွေလည်း များပြားနေတာပါ။ ဒါကြောင့် လယ်ယာလုပ်ငန်းခွင်တွေမှာလည်း လူငယ်အရေအတွက် နည်းပါးလာသလို နေ့စားအလုပ်သမားတွေခေါ်ယူရာမှာလည်း အခက်အခဲတွေရှိနေတယ်လို့ လယ်ယာစိုက်ပျိုးသူတွေထံက သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ တတိယအကြိမ်မြောက် စစ်သားသစ်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီ အဖွဲ့ဝင်ကာကွယ်ရေးဝန်ကြီးက မေလ(၂၀)ရက်က ပြောဆိုခဲ့ပါတယ်။ နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါကလည်း ပြည်တွင်းကနေ အကြောင်းအမျိုးမျိုးနဲ့ တိမ်းရှောင်ဖို့ ကြိုးပမ်းနေသူတွေကို တပ်လှန့် လိုက်သလိုပါပဲ။

လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့ လုပ်ကိုင်မယ့်သူတွေ မရှိတော့တာ၊ ရှိပြီးသား လုပ်သားအရင်းအမြစ် တွေကို တန်ဖိုးထားထိန်းသိမ်းမှု မရှိတာ စတာတွေဟာ သိပ်မကြာခင်မှာတော့ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေ ရပ်နားရတော့မယ့် အခြေအနေထိ ခြိမ်းခြောက်လာဦးမှာပါ။ ဒီအခြေအနေတွက်လည်း လုပ်ငန်းရှင်တွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ လိုနေပြီဆိုတာ ဒီအခင်းအကျင်းတွေက သတိပေးနေတာပါ။

လက်ရှိပြည်တွင်းမှာလည်ပတ်နေဆဲ လုပ်ငန်းတွေအနေနဲ့လည်း အလုပ်သမားအခွင့်အရေးချိုးဖောက်တာ၊ လုပ်အားခဖြတ်တောက်ပြီး ဂုတ်သွေးစုပ်အမြတ်ထုတ်တာတွေ ရှောင်ရှားပြီး တိုင်းပြည်ရဲ့ အလုပ်သမားတွေကို တန်ဖိုးရှိသော အရင်းအမြစ်များအဖြစ်ဆက်လက်ထိန်းသိမ်းဖို့လိုအပ်နေတယ်ဆိုတာ မီးမောင်းထိုးပြနေပါတော့တယ်။

 


Related posts

Cover
ကျပ်နှစ်ထောင် နောက်ကွယ်က ခါးသီးမှု
Dec 31, 2024
Cover
ပြည်ပထွက်ခွာလိုသူတွေအတွက် ရန်ကုန်လေဆိပ်ရဲ့ အိမ်မက်ဆိုး
Dec 26, 2024
Cover
စစ်မှုထမ်းအယောင်ပြ ဖမ်းဆီးငွေညှစ်မှုတွေပါ ပြုလုပ်လာ
Dec 24, 2024
Cover
အဓမ္မ စစ်မှုထမ်းခိုင်းစေရန် ပေါ်တာဆွဲမှုမှာ အကာကွယ်မဲ့နေတဲ့အလုပ်သမားထု
Dec 22, 2024
Cover
အဖြေရှာဖို့ ခက်ခဲသေးတဲ့ ကလေးလုပ်သားပုစ္ဆာ
Dec 21, 2024
Cover
ကျပ်တည်းခက်ခဲလာတဲ့ အခြေခံပြည်သူတွေရဲ့ဒုက္ခ
Nov 26, 2024
Cover
ညီမမေသူ သို့ ပြန်စာ - ၁
Nov 19, 2024
Cover
"ကိုမင်း ဈေးထဲ လမ်းလျှောက်ထွက်ခြင်း"
Nov 18, 2024