အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ဆန္ဒဖော်ထုတ်ဖို့ ကြိုးပမ်းတဲ့ အမျိုးသမီးတဦးကို အကြမ်းဖက်ခဲ့တဲ့ မြန်မာပလာဇာကို ပြည်သူတွေက လူမှုရေးပစ်ဒဏ်အနေနဲ့ စတင် Boycott ပြုလုပ်လာကြပါပြီ။
ဒီအကြောင်းအရာနဲ့ အတူ နိုဝင်ဘာ ၂၅ ရက်ရဲ့ သတင်းအကျဉ်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရသူ ဦးရေဟာ ၁၂၉၃ ဦးရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ စစ်တမ်းအရ သိရပါတယ်။
ဖော်ဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၂၅ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၀၄၇၅ ဦးရှိပြီး ထိုအထဲမှ ၃၁၁ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။ထိုအထဲမှ ၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

ပြည်တွင်းခုခံတော်လှန်မှု့
မန္တလေးမြို့၊ စုပေါင်းရုံးဝင်း ယာဉ်ထိန်းရဲရုံးရှေ့အနီးမှာ နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီဘက်တော်သား ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိကာ သေဆုံးဖွယ်ရှိကြောင်း ပေါက်ကွဲမှု အခြေ အနေကို မျက်မြင်တွေ့ရှိရသူ ပြည်သူများထံမှ သိရတာပါ။
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းနှင့် ၁၀၇ လမ်းထောင့်တွင်လည်း ယနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်က ဗုံးပေါက်ကွဲပြီး ထိခိုက်သူမရှိကြောင်း သိရပါတယ်။
အလားတူ ယနေ့ နံနက် ၁၀ နာရီ မန္တလေးဈေးချိုတော်အနီး ၂၇ လမ်း နှင့် ၈၅ လမ်းထောင့်ဗုံးတွေ့ရှိရပြီး စည်ပင်ရုံးနှင့် အမရပူရမြို့တွင် ဗုံများ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။
ယနေ့ နံနက် ၆ နာရီ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရုံးနီး CCTV ကေဘယ်လ်ပုံး ဗုံးခွဲခံရကြောင်း၊ ယင်းနောက် ယနေ့ နံနက်ပိုင်းတွင်ပင် အမရပူရမြို့နယ် မှန်တန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အနီး မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း၊ အမရပူရမြို့ ဆည်တဲရပ်တွင် မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း၊ မှန်တန်းရပ်ကွက်၊ စစ်ကိုင်း-မန္တလေးသွားကားလမ်း၊ မြဝတီထရွန်ဇေးရှင်း ကုမ္ပဏီခြံဝင်းအနီးတွင်လည်း မိုင်းပေါက်ကွဲကြောင်း သိရှိရပါတယ်။
ရန်ကုန်ကတောင်မြောက်လမ်းဆုံအနီးက ရဲစခန်းကို အမည်မသိ အဖွဲ့တစ်ခုက လက်နက်ဖြင့် ပစ်ခတ်မှု ရဲတစ်ဦးသေဆုံးတဲ့အပြင်ဗုံးပေါက်ကွဲသံများလည်းထွက်ပေါ်လာတယ်လို့ဒေသခံတွေကထုတ်ဖော်ပြောဆိုပါတယ်။
ဖြစ်စဥ်ကတော့
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ တောင်မြောက်လမ်းဆုံးအနီးရှိ ရဲစခန်းကို ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်အချိန် အမည်မသိ အဖွဲ့တစ်ခုက သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားပြီး ရဲတစ်ဦး သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်များနှင့်ဒေသခံများ၏ ပြောဆိုချက် အရသိရတယ်လို့ဆိုပါတယ်။
အလားတူ တောင်ဒဂုံတွင် ယနေ့ မွန်းလွဲ ၂ နာရီကလည်း အလွန်ကျယ် လောင်သော ဗုံးပေါက်ကွဲသံကြားရကြောင်း ဒေသခံများက ပြောဆိုကြပါတယ်။
ကချင်ပြည်နယ် အင်းတော်ကြီးဒေသ၊ K.I.A တပ်ရင်း ၂၆ စခန်းကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ပေမယ့် ထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် အင်းတော်ကြီးဒေသရှိ ကချင်လွတ်လပ်ရေးတပ်မတော် K.I.A တပ်ရင်း ၂၆ စခန်းတစ်ခုအား ယနေ့နံနက်အစောပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း K.I.A သတင်းရင်းမြစ်ထံမှ သိရှိရတယ်လို့ပြည်တွင်းအခြေစိုက်သတင်းဌာနတွေကဖော်ပြပါတယ်။
အင်းတော်ကြီးဒေသ သုန်ပြင် (တုံပင်) ကျေးရွာအနီးရှိ K.I.A တပ်မဟာ ၈ နယ်မြေ၊ တပ်ရင်း ၂၆ စခန်းအား ယနေ့ နိုဝင်ဘာလ ၂၅ ရက် နံနက် ၁ နာရီခန့်တွင် ၁ ကြိမ်၊ ၂ နာရီခွဲတွင် ၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုမရှိကြောင်း ကချင်သတင်းရင်းမြစ်က ဆိုပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ စစ်ကောင်စီအခြေစိုက် စခန်းများအား နိုဝင်ဘာလ ၁၂ ရက် မှ ၁၅ ရက်နေ့အထိ K.I.A က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက တိုက်လေယာဉ်များ အသုံးပြုကာ အဆိုပါဒေသများတွင်လည်းဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
အလုပ်သမားရေးရာ
ထိုင်းမှာ မြန်မာ ၂၀၀ နီးပါး ထပ်မံဖမ်းဆီးခံရပြန်
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တောင်ဘက်မှာ ဒီနေ့ နိုဝင်ဘာလ ၂၅ ရက် မနက်ပိုင်းမှာ မြန်မာနိုင်ငံသား အယောက် ၂၀၀ နီးပါးဟာထိုင်းနိုင်ငံထဲတရားမဝင်ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကနေ ဘန်ကောက်ကိုသွားမယ့် သူတို့ကို မဲဆောက်မြို့တောင်ဘက်က ဖော့ဖရာ့မြို့နယ်ထဲမှာ ထိုင်းနယ်ခြားစောင့်ရဲက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
တော်လှန်သော သပိတ်စစ်ကြောင်းများ ချီတက်မှု
ရန်ကုန်၊ မန္တလေး တနသ်ာရီ စစ်ကိုင်း နဲ့ မကွေးတိုင်းတို့မှာ စစ်အာဏာရှင်တော်လှန်ရေး လူထု သပိတ်စစ်ကြောင်းတွေ ဟာ နည်းမျိုးစုံနဲ့ ထွက်ပေါ်လျက်ရှိနေပါတယ်။

ပြည်သူများဖမ်းဆီးခံရမှု့နှင့်မတရားပြုကျင့်ခံရမှု့
mask တပ်တဲ့ပြည်သူတွေကိုစစ်ကောင်စီကရိုက်နှက်တာတွေကိုလွန်ခဲ့တဲ့ရက်ပိုင်းကစပြီးလုပ်ဆောင်နေပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းကပဲရန်ကုန်မြို့လည်ကောင်မှာပြည်သူတွေကိုမတ်စ်မတပ်ဖို့ လျှာထိုးဦးထုတ်မဆောင်းဖို့နဲ့ နေကာမျက်မှန်မတပ်ဖို့လိုက်အော်ပြီးတဲ့နောက်မှာ လက်တွေ့ကြုံခဲ့ရသူတွေကသတင်းဌာနတွေကိုထုတ်ဖော်ပြောဆိုလာတာပါ။
မြန်မာပလာဇာလုံခြုံရေးဝန်ထမ်းနဲ့လုံခြုံရေးမန်နေဂျာမှဆန္ဒပြလူငယ်တွေကိုထိုးကြိတ်ဖမ်းဆီးမှုကိုYRFမှအပြင်းအထန်ရှုံ့ချလိုက်ပါတယ်။
ယနေ့ နိုဝင်ဘာလ (၂၅) ရက်နေ့၂၀၂၁ ခုနှစ်တွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ Myanmar Plaza၏ Promotion Area တွင် အကြမ်းမဖက် တပါးသူကို မထိခိုက်စေသော Soft Strike Campaign တစ်ခုကို LGBT ကွန်ယက်မှ တက်ကြွလှုပ်ရှားသူများသည် လုပ်ဆောင်နေချိန်တွင် Myanmar Plaza Shopping Center ၏ လုံခြုံရေးဝန်ထမ်း အချို့က ထိုးကြိတ်ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့အပေါ်ရန်ကုန်အခြေစိုက်တော်လှန်ရေးအဖွဲ့တခုဖြစ်တဲ့ Yangon Revolution Force ကအပြင်းအထန်ရှုံ့ချကန့်ကွက်တယ်လို့ဒီကနေ့မှာပဲကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။
ဒီလိုအကြမ်းဖက်တဲ့လုပ်ရပ်လုပ်ကိုင်ခဲ့တဲ့မြန်မာပလာဇာမှာပြည်သူတွေကစျေးမဝယ်ပဲ လူမှုရေးပြစ်ဒဏ် အနေနဲ့ Boycott လုပ်ကြဖို့စီစဥ်နေကြသလို ပလာဇာမှာ ဖွင့်လှစ်ထားတဲ့ ဆိုင်အချို့ဆိုရင် ဆက်လက်ဖွင့်လှစ်ဖို့အစီအစဉ်ကို ရွေ့ဆိုင်းတာတွေ ပြုလုပ်လာကြပါပြီ။
ဒါကတော့ ဒီကနေ့အတွက် သတင်းအကျဉ်းချုပ်စုစည်းမှု ဖြစ်ပါတယ်။