NEWS

နိုဝင်ဘာ ပထမတပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်

CoverLogo
102 Views

Myanmar Labour News မှာ အောက်တိုဘာ ၂၈ ရက်ကနေ နိုဝင်ဘာ ၃  ရက်နေ့အထိ  တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့  ပြည်တွင်းအလုပ်သမားရေးရာ ၊ ပြည်ပ ရွှေ့ပြောင်းသတင်း၊  ရာသီဥတုသတင်း၊ ဒေသတွင်း သတင်းနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားပါတယ်။

ရည်ရွယ်ချက်ကတော့ တစ်ပတ်တာအတွင်း ပြည်တွင်းပြည်ပ အလုပ်သမားရေးရာနဲ့ ဒေသဆိုင်ရာ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၈

ထိုင်းနိုင်ငံ  ပရာကျင်ဘူရီခရိုင် ကဘင်ဘူရီ ရှိ စက်ရုံ တစ်ခု ရဲ့ ဓါတုရည်သိုလှောင်ကန် ပေါက်ကွဲ တာကြောင့် စက်ရုံ မှာ အလုပ် လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားနှစ်ဦး သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းဌာန တွေရဲ့ ဖေါ်ပြချက်အရသိရပါတယ်။ 

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနက အလုပ်သမားဥပဒေပါ ရပိုင်ခွင့်တွေ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို သင်ထောက်ကူပြုမော်တော်ယာဉ် အသုံးပြုကာ က အသိပညာပေးဆွေးနွေးတာတွေ လုပ်ဆောင်တယ်လို့ သတင်းထုတ်ပြန်ပေမယ့် လက်တွေ့မှာတော့ အခွင့်အရေးချိုးဖောက်ခံရတာတွေကို  တိုင်ကြားမှုတွေ ပြုလုပ်ပေမယ့်လည်း သက်ဆိုင်ရာ ဦးစီးဌာနတွေကလျစ်လှူရှုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ပြည်ပကိုအလုပ်ထွက် လုပ်ကြတဲ့သူတွေအနေနဲ့ အလည်အပတ် PV နိုင်ငံကူးလက်မှတ်ကနေ အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်ပြောင်းလဲ လျှောက်ထားလိုပါက ယနေ့အောက်တိုဘာ၂၈ကနေစကာ ပြောင်းလဲဖို့လက်ခံဆောင်ရွက်ပေးတော့မယ်လို့မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက ထုတ် ပြန်ပါတယ်။ 

J-Land Myanmar စက်ရုံ အချိန်ပိုမဆင်းလို့ဆိုပြီး မန်နေဂျာက အများရှေ့မှာ ဆဲဆိုတယ်လို့ အလုပ်သမား တွေက ပြောပါတယ်။

ထိုင်းနိုင်ငံ မဟာချိုင် ဝပ်ကေသုန်အနီး မှာ နေထိုင်တဲ့ မြန်မာအလုပ်သမား ၈ ဦးထံ မှ  ပွဲစားတစ်ဦးက အလုပ်ရှာပေးမယ်ဆိုကာ ငွေများ လိမ်လည်သွားတဲ့ အတွက် နစ်နာသူအလုပ်သမားတွေက အလုပ်သမားအဖွဲ့စည်းထံ အကူညီတောင်း တိုင်ကြားခဲ့တာမှ ပွဲစားဆိုသူက ငွေများပြန်ပေးခဲ့တယ်လို့ ထိုင်းရောက်အလုပ်သမားအရေးကူညီပေးနေတဲ့(MHAC) မဟာမိတ်အဖွဲ့ထံ က သိရပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန် ဝန်ဆောင်မှုလမ်းရှိ  GTIG Guohua Glory အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင် ထိခိုက်မှုကြောင့် ဦးခေါင်းပိုင်း ထိခိုက်ဒဏ်ရာရပြီး  အောက်ပိုင်းသေသည်အထိ ဖြစ်သွားနိုင်သော စက်ရုံအလုပ်  သမားတစ်ဦးကို စက်ရုံဘက်မှ ဆေးကုသပေးတာမရှိဘဲ နစ်နာကြေးအနေနဲ့ ငွေကျပ် သိန်း ၅၀ သာပေးရန် ပြောဆိုခဲ့တယ်လို့  စုံစမ်းသိရှိရ ပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ရုံးရှေ့တွင်ဖွင့်လှစ်ထားသော လူမှုဖူလုံရေးရုံးသည်ကိုယ်ဝန်ဆောင်အမျိုးသမီး မီးဖွားခွင့်ပိုက်ဆံများကိုမပေးဘဲ ပယ်ချတာကြောင့် ၁၀ နှစ်တာလူမှုဖူလုံရေးကြေးသွင်းခဲ့တဲ့အတွက် နစ်နာမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ အလုပ်သမားရဲ့ပေးစာကိုဖော်ပြခဲ့ပါတယ်။

"စစ်ရာဇဝတ်မှုတွေမှာ ရင်းနှီးမြုပ်နှံနေတာ အဆုံးသတ်"“Airbus: End investment in AVIC”ခေါင်းစဥ်နဲ့ လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစု ဆန္ဒ​ဖော်ထုတ်ခဲ့ပါတယ်။

အောက်တိုဘာ ၂၉

ထိုင်းနိုင်ငံ၊ အုန်းနွဲ့အုန်းယိုင်မှာ မြန်မာအလုပ်သမား အချင်းချင်းသတ်ကာ  လက်ဝတ်ရတနာပစ္စည်းတွေ လုယက် ယူဆောင်သွားခဲ့မှု အောက်တိုဘာ ၂၅ရက် ည၁၀နာရီ ခွဲ လောက်က  ဖြစ်ပွားခဲ့တယ်လို့ထိုင်းနိုင်ငံအခြေစိုက် WAG အလုပ်သမားမဟာမိတ်အဖွဲ့ ထံ က သိရပါတယ်။ 

မြန်မာနိုင်ငံတစ်ဝန်းမှာ ရှိတဲ့ စစ်ကောင်စီလက် အောက်ခံ အကျဉ်းထောင် ​တွေမှာ မှာ အကျဉ်းသားတွေရဲ့ ကိုယ်ရေးအချက်အလက်အချို့ကို ထောင်အာဏာပိုင်တွေက ထပ်မံကောက်ယူတာတွေ ပြုလုပ်နေတဲ့ အတွက် မဲ မသာမာမူနဲ့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းမှာကို အကျဉ်းသားတွေ အနေနဲ့ စိုးရိမ်နေတယ်လို့  မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ထားပါတယ်။ 

၂၀၂၄ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလအတွင်း ထိုင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သား ၅၂၆၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ FE5 တနင်္သာရီ အဖွဲ့ရဲ့ စစ်တမ်းအရ သိရပါတယ်။

Myanmar QI Yuan Garment စက်ရုံက အမျိုးသားလုပ်သားတွေ ဆဲဆိုခိုင်းစေခံရပြီး လစားလုပ်သားအဖြစ် ခန့်ထားတာ မရှိဘူးလို့ သိရပါတယ်။ စက်ရုံအတွင်းက အမျိုးသားလုပ်သားတွေဟာ စက်ချုပ်လုပ်ငန်းအပြင် မတ်တပ်ရပ် လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက် တွင် အလုပ်အတူတူ လုပ်ကိုင်တဲ့ မြန်မာအလုပ်သမား ၄ဦး မှာ အရက်သောက်ရင်း စကားများရန် ဖြစ်ရာ ကနေ ၂ဦးသေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေ ရဲ့ဖေါ်ပြချက်အရသိရပါတယ်။ 

ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ် အတွင်း ဘေးတွဲ ဆိုင်ကယ် တွေ ကို စစ်ကောင်စီက အမိုးကိုင်းတွေ အကာတွေ ကို ဖြုတ်ချ ခိုင်းပြီး အမိုးကိုင်းမဖြုတ်ဘဲ မောင်းနှင်တဲ့ ဘေးတွဲ ဆိုင်ကယ်တွေ ကို တွေ့ရှိပါက ငွေကြေးတောင်းတာတွေရှိသလို ဆိုင်ကယ်သိမ်းတာတွေပါ ပြုလုပ်တယ်လို့ မြို့နယ်အတွင်းရှိ ဒေသခံတွေထံက သိရပါတယ်။

မြစိမ်းရောင်းစက်မှုဇုန်က AQUA SHOE စက်ရုံမှာ ဥပဒေ သတ်မှတ်အချိန်ပိုထက် ပိုမိုခိုင်းစေတာကြောင့် အလုပ်သမား အများစု သွားလာရေး ခက်ခဲပြီး နေအိမ်အပြန် နောက်ကျတာတွေ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

Prettxe Myanmar အထည်ချုပ်စက်ရုံတာဝန်ရှိသူတွေက အောက်တိုဘာ ၂၇ ရက် တနင်္ဂနွေနေ့မှာ  အချိန်ပို ခေါ်ယူ လုပ်ကိုင် ခိုင်းပြီး၊ နောက်ရက် တနင်္လာနေ့မှာလည်း အောနိုက်(ညနက်) အချိန်ပို ဆင်းခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန် အနော်ရထာဗဟိုရ်လမ်း မြေတိုင်းအမှတ် ( -) မှာ ဖွင့်လှစ်ထားတဲ့ ETERNAL FASHION CO,LTD အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်တာတွေကျူးလွန်နေပြီး တာဝန်ယူမှုမရှိဘဲ လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

အောက်တိုဘာ ၃၀

၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းမှာ  မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတာတွေကြောင့် စစ်တပ်သုံး လောင်စာဆီနဲ့ စက်ကိရိယာတွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီငါးခုကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူရတာဖြစ်တယ်လို့ အောက်တိုဘာ ၂၉ရက်မှာ ယူကေသံရုံးကထုတ်ပြန်ထားပါ တယ်။ 

ထိုင်းနိုင်ငံ ပါကျင်ပူလီခရိုင် ကပင်ပူလီရှိ သတ္ထူစက်ရုံ ဓာတုဆေးကန် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမား နှစ်ဦး အပါအဝင် ထိခိုက်ခဲ့တဲ့ အလုပ်သမားတွေ နစ်နာကြေး ရရှိဖို့ အတွက် MHACမဟာမိတ်အဖွဲ့ နဲ့ အတူ သက်ဆိုင်ရာ အေဂျင်စီတို့ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံအတွင်း နှစ်ရှည်လများနေထိုင် နေတဲ့​ရွှေ့ပြောင်း နေထိုင်သူ နိုင်ငံခြားသား ၅ သိန်းခန့်ကို ထိုင်းနိုင်ငံသား ဖြစ်ခွင့်ပေးဖို့   ထိုင်းအစိုးရက  သဘောတူခွင့်ပြုလိုက်တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ 

လာအိုနိုင်ငံ ဗီရန်ဂျင်း ၃ ကန်နယ်မြေမှာဖွင့်လှစ်ထားတဲ့ BEST GARMENT (LAOS) CO.LTD မှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားအနေနဲ့ လုပ်ငန်းခွင်မှာ ည ၉ နာရီအထိ အခကြေးငွေမပေးဘဲ အချိန်ပိုဆင်းခိုင်းနေခြင်းကို တာဝန်ရှိသူတွေသိရှိအောင် ဖော်ထုတ်ရန်ကြိုးပမ်းတဲ့အတွက် အလုပ်မှ ဥပဒေမဲ့ ထုတ်ပယ်ခံရတာကြောင့် နစ်နာခဲ့ရတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံ၊ ရွှေလီမြို အခြေစိုက် အောကယ်(AOHE) အထည်ချုပ်စက်ရုံက မြန်မာအထည်ချုပ်အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုတယ်ဆိုပြီး လုပ်ခလစာမပေးဘဲ တရုတ်လုံခြုံရေး ရဲတပ်ဖွဲဆီ အပ်နှံခဲ့တယ်လို ကိုယ်တိုင် ဖမ်းဆီးခံရတဲ့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။

အောက်တိုဘာ ၃၁

တရုတ်ပြည် လုံချမ်းခရိုင်၊ ကျန်ဖုံမြို့မှာ ဖွင့်လှစ်ထားတဲ့ Longhuan DEPlN Garment Limited  အလုပ်ရှင်က အလုပ်သမားတွေရဲ့ ကျွမ်းကျင်ကြေးတွေကို အကြောင်းမဲ့ လျှော့ချသလို အောလင်းတွေ၊ အောနိုက်တွေ ကို လည်း အလုပ်သမားတွေရဲ့ဆန္ဒမပါဘဲ အခမဲ့အတင်းအကြပ် ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါ တယ်။ 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်၊ အမှတ်(၆)တွင်ဖွင့်လှစ်ထား သော Universl Apparel Co, ltd အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းပေါ်မှာ  'ကြောက်ခတ်ကိုမှောက်ပစ်' ကြွေးကြော်သံ ဓာတ်ပုံဘောင်ကိုသုံးပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ရန်ကုန်လူထုသပိတ်အဖွဲ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

Myanmar Jiale Fashion Co., Ltd အထည်ချုပ် စက်ရုံ ပိုင်ရှင်က (တစ်ကဒ်) အထည်ကြေးငွေ တွေကို ဖြတ်တောက် ရယူထားပြီး အဲ့ဒီငွေတွေကို ပြန်လည်ထုတ်ပေးဖို့အတွက် ရက်အတိအကျ သတ်မှတ်မပေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ 

ရွှေလင်ဗန်းစက်မှုဇုန်က Mai Yi Bei Garment Manufacturing Co,.Ltd အထည်ချုပ်စက်ရုံက သီတင်းကျွတ်ပိတ်ရက် နေရပ်ပြန်အလုပ်သမားတွေကို အလုပ်ပြန်ဝင်တာ တစ်ရက်နောက်ကျလို့ ဆိုပြီး အလုပ်ရှင်ဘက်မှ သီတင်းကျွတ်ပိတ်ရက်အတွက် ဒေးကြေးကိုမပေးဘူးလို့ ပြောဆိုနေတယ်လို့ သိရပါတယ်။  

ဟိန္ဒူဘာသာဝင်တွေရဲ့ ရိုးရာအဝတ်အစားတွေ ဝတ်ဆင်ပြီး အပျော်အပျက်သရုပ်ဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်အပေါ် ကိုရှိုင်းထက်အောင်(ခ) ဟာဆယ်ယွန်က အောက်တိုဘာ ၂၄ရက်တွင် ဖေ့ဘွတ်ခ်မှာ ဝေဖန်ခဲ့ပါတယ်။ အဆိုပါ ရုပ်ရှင်အကြောင်းဝေဖန်သူ ကိုရှိုင်းထက်အောင်ကို စစ်ကောင်စီက ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံက​နေ ခိုးယူခံခဲ့ရတဲ့ မွေးကင်းစကလေးငယ်ကို သင်္ဃန်းကျွန်းမြို့နယ်မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ သင်္ကန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက်၊ မေတ္တာ ၂ လမ်းထဲက တိုက်ခန်းတစ်ခန်းမှာနေထိုင်တဲ့အသက် ၂၀ အရွယ် အမျိုးသမီးလက်ထဲကနေ အောက်တိုဘာ ၃၁ ရက် မွန်းလွဲပိုင်းမှာ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။  

ပြည်သူတွေအပေါ်အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်များနှင့် မြို့ပြတွေပေါ်အထိ တိုက်လေယာဥ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကို ရပ်တန့်ပေးရန် လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲက​နေ တောင်းဆိုလှုပ်ရှားမှုကို ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့မှာပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

နိုဝင်ဘာ ၁

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် ၄ ကျောက်စိမ်းလမ်း အမှတ် - မှာဖွင့်လှစ်ထားတဲ့ Sunrise Myanmar Fashion Garment မှာ အထက်ပါ ကဲ့သို့ လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးချိုးဖောက်မှုတွေနဲ့ လောင်းကစားတွေလုပ်ကိုင်နေတာလို့ အလုပ်သမားတွေကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေ လေးပုံတစ်ပုံနှုန်းဖြစ်တဲ့ လူဦိးရေ စုစုပေါင်း လူဦးရေ ၁၃.၃ သန်း စားနပ်ရိက္ခာအခက်အခဲ ကြုံနေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အောက်တိုဘာ ၃၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လုပ်ခလစာတွေကို ဘဏ်လမ်းကြောင်းကတစ်ဆင့် မိသားစုဆီ ပြန်လည်ပေးပို့မယ်ဆိုရင် လွှဲပေးတဲ့ ပမာဏာနဲ့ တန်ဖိုးညီမျှတဲ့ လျှပ်စစ်သုံးမော်တော်ယာဉ်တွေ တင်သွင်းခွင့်ပြုမယ်လို့ စစ်ကောင်စီက မက်လုံးပေးတာတွေကို စတင်လုပ်ဆောင်ပါတယ်။

နိုဝင်ဘာ ၂

မန္တလေး တွင် အ​ခြေချလာပြီး တရုတ်နိုင်ငံကို ပို့ဆောင်ကာ တရုတ်မယား ပြုလုပ် ဖို့ အတွက်  Facebook, TikTok ကတစ်ဆင့် စည်းရုံး ခံရသူ အမျိုးသမီးငယ် ၁၄ဦး ကို ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးသူတွေ ကို ဖမ်းမိ ခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဦးထွန်းညိုလမ်း၊ စက်မှုဇုန် (၃) ၊အမှတ် (-)တွင်ဖွင့်လှစ်ထား​သော    Ruby Lion Manufacturing စက်ရုံက အလုပ်သမားတွေဟာ  လုပ်အားများခေါင်းပုံဖြတ်ခံရပြီးမှ  စက်ရုံပိတ်လိုက်ပြီး  စက်ရုံပိတ်နစ်နာကြေးပါမရသေးဘဲဖြစ်နေတယ်လို့ သိရပါတယ်။ 

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာ သတင်းသမားတွေ ကြောက်ရွံ့ရမှုကင်းစွာဖြင့် လွတ်လပ် စွာ အလုပ်လုပ်နိုင်သော နိုင်ငံတစ်နိုင်ငံကို ဦးတည် ရည်မှန်ထားတယ်လို့ သတင်းသမားများအပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေး အပြည်ပြည်ဆိုင်ရာနေ့မှာ NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ က နိုဝင်ဘာ ၂ ရက်က ထုတ်ပြန်ထားပါတယ်။ 

Xin Rui Co, Ltd အထည်ချုပ်စက်ရုံ အလုပ်သမား ၅ ဦးကို ဥပဒေမဲ့ အလုပ်ထုတ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားညွှန်ကြားရေး ဦစီးဌာန (အလရ) ဦးစီးမှူးရဲ့ ညွှန်ကြားချက်ကို ဆန့်ကျင်ပြီး အခုလို အလုပ်ထုတ်ခဲ့တာလို့ သိရပါတယ်။ 

BONTECH MANUFACTURING COMPANY LIMITED  အချိန်ပို အောလင်းအောနိုက်တွေကို အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ အတင်းကျပ်ခေါ်ယူ ခိုင်းစေနေတယ်လို့ အလုပ်သမား တွေက ပြောပါတယ်။ 
“အောနိုက်ကို တစ်လ အကြိမ် (၂၀)နီးပါးခေါ်တယ်။  အောနိုက်မခေါ်ရင် ည ၉ ခွဲအထိခေါ်တယ်။ ဒါက စက်လိုင်းတွေ။ တခြားဌာနတွေဆို  ည(၈)/(၇ခွဲ) အဲလိုတွေ ခေါ်ခိုင်းတာ"  လို့ အလုပ်သမားတဦးက ပြောပါတယ်။  

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ ဝန်ဆောင်မှုလမ်း၊ အမှတ် - တွင်ဖွင့်လှစ်ထားတဲ့  GTIG Guohua Glory အထည်ချုပ်စက်ရုံက အလုပ်သမားတစ်ဦးဟာ လုပ်ငန်းခွင် ထိခိုက်မှုကြောင့် ထိခိုက်မှုကြီးကြီးမားမားဖြစ်သွားခဲ့တာကြောင့် အလုပ်သမားအား ဆေးကုသမပေးတာ ကြောင့်လုပ်ငန်းရှင်ကို တိုင်ကြားထားတယ်လို့သိရပါတယ်။ 

"ဆေးကုသပေးဖို့ငြင်းပြီး နစ်နာကြေးသိန်း၅၀ပဲပေးမယ်လုပ်တာ။ တိုင်ထားတယ်"လို့ အလုပ်သမားတွေကို  ကူညီဆောင်ရွက်ပေးနေသူကဆိုပါတယ်။ 

နိုဝင်ဘာ ၃

ဂျပန် နိုင်ငံ မှာ ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့  နိုင်ငံကူးလက်မှတ်သက်တမ်း တိုးဖို့ စာတိုက်ကနေ လျှောက်ထားရာမှာ လျှောက်ထားသူရဲ့ ထက်ဝက်ခန့် မှာ အချက်အလက်မပြည့်စုံ တာတွေ ဖြစ်နေတယ်လို့ တိုကျိုမြို့ရှိ  မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။ 

စစ်ကောင်စီဟာဘေးတွဲဂါလီသမားတွေကိုကြပ်မတ်မှုတွေမျိုးစုံလုပ်နေပြီး လက်ရှိမှာဆိုင်ကယ်ဦးထုပ်မဆောင်းသူတွေကိုဒဏ်ရိုက်တာအပြင်အမိုးအကာတွေကိုဖြုတ်ဖို့လိုက်လံအသိပေးနေပါတယ်။ လူဦး​ရေ ထူထပ်များပြားတဲ့ ​ရွှေပြည်သာ လှိုင်သာယာ စတဲ့ စက်မှုဇုန်မြို့နယ်​တွေမှာ ဘေးတွဲဆိုင်ကယ်တွေမှာအမိုး အကာတွေမရှိတော့ရင် စီးတဲ့ခရီးသည်တွေနည်းလာပြီးစားဝတ်နေရေးပိုခက်လာနိုင်တယ်လို့ကယ်ရီသမားတွေကပြောပါတယ်။ 

ယခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာ စတင် အသက်သွင်းလာတဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေ ကြောင့် စစ်မှုမထမ်းလိုတဲ့ လူငယ်တွေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေကိုပါ သွားရောက် တိမ်းရှောင်ရင်း အခြားသော အခက်အခဲတွေနဲ့ လုံးပမ်းရင်ဆိုင်နေရတာကို "စစ်မှုထမ်းရှောင် ပြည်ပရောက် ဒုက္ခသားကောင်များ"ဆိုတဲ့ သတင်းဆောင်းပါးမှာဖတ်ရှု့နိုင်မှာပါ။

ရန်ကုန်-မန္တလေး အမြန်လမ်း တိုးဂိတ်တွင် နိုဝင်ဘာ၃ရက် မနက်အစောပိုင်းမှာ ကားငါးစီးဆင့်တိုက်ခဲ့လို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

ဂျပန်ကုမ္ပဏီ Diamond Rental Myanmar Co.,Ltd က အလုပ်သမား ၂၅  ယောက်ကို တဖက်သတ် စာချုပ် ဖျက်သိမ်းပြီး အလုပ်က အနားပေးခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဩဂုတ်၂၆ ရက်မှာ   အလုပ်သမား ၁၃ ဦးကို  ဂျပန်နိုင်ငံသားကုမ္ပဏီတာဝန်ရှိသူ နှစ်ဦးက ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက် အလုပ်က ရပ်နား ခဲ့တာလို့ သိရပါတယ်။

အခုဖော်ပြခဲ့တဲ့ တပတ်တာ သတင်းအနှစ်ချုပ်ကို ဆုလာဘ်ဖြူက စုစည်းပေးထားတာပါ။


Related posts

Cover
ဒီဇင်ဘာ တတိယတပတ်တာ တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Dec 22, 2024
Cover
ဒီဇင်ဘာ တတိယတပတ်တာ ကုန်ဈေးနှုန်းများစုစည်းမှု
Dec 22, 2024
Cover
ဒီဇင်ဘာလ ဒုတိယတပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက်
Dec 15, 2024
Cover
ဒီဇင်ဘာလ ဒုတိယတပတ်တာ ကုန်ဈေးနှုန်းများစုစည်းမှု
Dec 15, 2024
Cover
ဒီဇင်ဘာလ ပထမတစ်ပတ်တာ သတင်းအနှစ်ချုပ်ဖော်ပြချက်
Dec 08, 2024
Cover
ဒီဇင်ဘာလ ပထမတပတ်တာ ကုန်ဈေးနှုန်း စုစည်းမှု
Dec 08, 2024
Cover
တစ်ပတ်တာ သတင်းအနှစ်ချုပ် ဖော်ပြချက် ( နိုဝင်ဘာ ၂၅- ဒီဇင်ဘာ ၁)
Dec 01, 2024
Cover
တပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှု (နိုဝင်ဘာ ၂၅-ဒီဇင်ဘာ ၁)
Dec 01, 2024