မြန်မာတွေရဲ့ စီးပွားရေးမြို့တော်ရန်ကုန်ဟာ ဒီမိုကရေစီအစိုးရလက်ထက်မှာ ဖွံ့ဖြိုးမှုအရိပ်အရောင်တွေသန်းနေခဲ့တာပါ။
လမ်းမထက်မှာ အမှိုက်ကင်းရှင်းရေး၊ ရေမြောင်းထဲအမှိုက်မပစ်ချရေး၊ နောက်ဖေးလမ်းကြား သန့်ရှင်းသပ်ရပ်ရေး စတဲ့ မြို့ပြရဲ့ အခြေခံလိုအပ်ချက်တွေကို ပြည်သူကနေ ပြည်သူကို အသိပညာပေး ထိန်းကျောင်းခြင်းနဲ့လုပ်ခဲ့တာ အတိုင်းအတာတခုထိ အောင်မြင်ခဲ့ပါတယ်။
အမှိုက်သရိုက်တွေနဲ့ ညစ်ပေစုတ်ပြတ်တဲ့ နောက်ဖေးလမ်းကြားတွေဟာလည်း လူငယ်တွေ အမှတ်တရဓာတ်ပုံရိုက်ချင်စရာ ဥယျာဥ် တွေအဖြစ် ပြောင်းလဲခဲ့တာပါ။
ဒါတွေဟာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာတော့ တဖြေးဖြေး ပျောက်ကွယ်သွားပါတော့တယ်။
သန့်ရှင်း သပ်ရပ်ခဲ့တဲ့ ရန်ကုန်မြို့ရဲ့လမ်းမတွေဟာ အာဏာသိမ်းပြီး ၄ နှစ်နီးပါးအကြာမှာတော့ အမှိုက်သရိုက်တွေရှုတ်ပွပြန့်ကျဲနေပါတော့တယ်။
ဒီမိုကရေစီခေတ်က လမ်းဘေးစျေးသည်တွေ ကို စနစ်တကျနေရာချထားပေးခဲ့ပေမယ့် ဒီအချိန်မှာတော့ စည်းကမ်းမဲ့၊ ပိုင်ရာဆိုင်ရာတွေနဲ့ပေါင်း ၊တွေ့သမျှ ပလက်ဖောင်းစျေးတက်ရောင်းနေကြတာကိုလည်းတွေ့ရပါတယ်။
အလုပ်အကိုင်တွေရှားပါးလာခြင်း၊ ကုန်စျေးနှုန်း ကြီးမားခြင်းနဲ့ အလုပ်လက်မဲ့နှုန်းမြင့်မားခြင်းတွေက ရန်ကုန်မြို့ရဲ့ လမ်းမတွေထက်မှာ လမ်းဘေးစျေးသည်၊ အိမ်ခြေရာမဲ့၊ တောင်းရမ်းစားသောက်သူတွေနဲ့ ပလုံကောက်တဲ့လူဦးရေသိသိသာသာတိုးပွားလာတာကိုမြင်လာရတာပါ။
အရပ်သားအစိုးရခေတ်က ပလုံကောက်သူ၊ တောင်းရမ်းစားသောက်သူတွေကို တွေ့ရဖို့ခက်ခဲပေမယ့် စစ်အာဏာသိမ်းပြီး ၄နှစ်နီးပါးရှိလာချိန်မှာတော့ နေရာအနှံ့လက်ညိုးထိုးမလွဲတွေ့လာရပါတယ်။
(ဒီဆောင်းပါးကို ရေးသားတဲ့အချိန်မှာ စာရေးသူမှာ တခုအလွန်းစိုးရိမ်ပြီး ချိတုန်ချတုန် ဖြစ်ရပါသေးတယ်။ လှိုင်သာယာကျူးတွေကို ရှင်းလင်းတဲ့အချိန် ကျူးတွေကို ဘယ်လိုနည်းလမ်းနဲ့ရှင်းရမယ်ဆိုတာထက် လူမိုက်ဆန်ဆန် အာဏာရှင် ရှင်းနည်းရှင်းခဲ့တဲ့ နည်းအတိုင်း ဒီဆောင်းပါး လိုင်းပေါ်တက်လာရင် အိမ်ခြေယာမဲ့တွေကို ဘာကြောင့်များလာတာလဲမစဥ်းစားဘဲ ပျောက်ရင်ပြီးရော အတင်းလိုက်ဖမ်းဆီးမှာလဲ စိုးမိပါတယ်)
ဒါတင်မကသေးပါဘူး။ ခိုးဆိုးလုနှိုက်တွေကလဲ နေ့စဥ်နဲ့အမျှ ပေါများလာတာတွေ့နေ၊ ကြားနေရပါတယ်။
"ဟိုနေ့ညက ဟိုလမ်းမှာ ရေမော်တာဖြုတ်ခိုးခံရပြန်ပြီ၊ စက်ဘီးပါသွားပြန်ပြီ။ ဘယ်လမ်းမှာ ကား back မှန် ဖြုတ်ခံရပြန်ပြီ"စတာတွေကလဲ ရန်ကုန်သားတွေအတွက် မနက်တိုင်းကြားနေရတဲ့ နံနက်ချိန်ခါတေးသံသာဖြစ်နေပါပြီ။
ဒီလိုအသေးအဖွဲ ခိုးယူမှုလေးတွေတင်မကဘဲ ဓားပြဆန်ဆန် အနုကြမ်းစီးမှု၊ လူသတ်မှုတွေကလည်း မကြာခဏကြားနေရပါတယ်။
ဒီမိုကရေစီအစိုးရလက်ထက်မှာရန်ကုန်ရောက်လာတဲ့စာရေးသူအဖို့ နှစ်လုံး သုံးလုံးလောင်းကစားအကြောင်းပြောသံတခါမှမကြားခဲ့ရပါဘူး။
အခုတော့ ရန်ကုန်မြို့လယ်ခေါင်မှာတင် ဒီအသံတွေကြားနေရတာပါ။ လူငယ်တွေကြားမှာလည်း တချို့ဆို Bus ကားပေါ်မှာတောင်မရှောင် စလော့ဂိမ်း၊ ငါးပစ်ဂိမ်းတွေကစားနေကြတာကို မြင်နေရပါတယ်။
ဒီလိုဘာကြောင့်ဖြစ်လာရတာလဲဆိုရင် အလုပ်အကိုင်ရှားပါးခြင်းနဲ့ ဝင်ငွေနည်းပါးခြင်းတွေကြောင့် လူတွေဟာ အလွယ်ရပေါက်ကို လိုချင်လာကြတာပဲဖြစ်ပါတယ်။
ဒီမိုကရေစီအစိုးရလက်ထက်မှာ စည်းစနစ်နဲ့သွားနေတဲ့ရန်ကုန်ဟာ အာဏာသိမ်းပြီးနောက်မှ အကုန်ဗရမ်းပတာတွေဖြစ်ရပါတော့တယ်။
ယခင်က ကားပါကင်လုလို့မရတာကနေ ယခုအချိန်မှာတော့ ကားပါကင်လေးတခုကြောင့် အကြီးအကျယ်ရန်ပွဲတွေဖြစ်ပြီး ထိပ်ပေါက်ခေါင်းကွဲတဲ့အဆင့်ထိ ဖြစ်လာတာမျိုးတွေကိုပါ တွေ့လာရတာပါ။
ရန်ကုန်မြို့က ဒီမိုကရေစီအစိုးရလက်ထက်က စက်လှေကားတွေတပ်ဆင်တည်ဆောက်ခဲ့တဲ့ လူကူးခုံးကျော်တံတားတွေဟာလဲ အာဏာသိမ်းပြီးနောက်မှာ လည်ပတ်နိုင်ခြင်းမရှိတော့ဘဲ အစွန့်ပစ်ခံဖြစ်နေပါတယ်။
အဆိုပါလူကူးခုံးကျော်တံတားတွေဟာ ပြည်သူတွေအသုံးပြုမှုနည်းပါးလာပြီးအခုတော့ အိမ်ခြေယာမဲ့တွေရဲ့နားခိုရာဖြစ်နေကာ ညစ်ပတ်နံစော်လို့သာနေပါတယ်။
သေချာတာတစ်ခုကတော့ လမ်းဆုံလမ်းခွနဲ့ ခုံးကျော်တံတားတွေမှာ CCTV ကင်မရာတွေ အပြည့် တပ်ဆင်ထားပြီး တော်လှန်ရေးလုပ်ဆောင်တဲ့လူငယ်တွေကို မျက်ခြည်မပျက်စောင့်ကြည့်နေတယ်လို့ ယူဆလို့ရလောက်အောင်ကို များပြားနေတာပါ။
အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ဖွင့်လှစ်တဲ့ မြေအောက်ဥမင်လူးကူးတံတားတွေဆိုတာကလည်း ဒီမိုကရေစီလက်ထက်က ကြိုးပမ်းခဲ့တာတွေဖြစ်ပါတယ်။
ဒါကို ခပ်ရိုင်းရိုင်းပြောရရင် သူများမစင်ပုံကားရားခွလို့ စစ်ခေါင်းဆောင်ကတော့ သူရဲ့ကြိုးပမ်းမှုလိုလို ခပ်တည်တည်ပါပဲ။ အထူးသဖြင့်ပြောရရင် အာဏာမသိမ်းခဲ့ရင် အခုလောက်ဆိုရင် စည်းကားနေမယ့် ဒလတံတားဟာလဲ အာဏာသိမ်းလိုက်တာကြောင့် ခုထိ မပြီးနိုင်သေးဘဲရှိနေပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ သူ့လက်ထက်မှာ စီးပွားရေးတိုးတက်တယ်လို့တော့ "ငါ့စကားနွားရ" ပြောပေမယ့် မြေပြင်မှာတော့ ဆန်ဝယ်ဖို့တောင်ပိုက်ဆံမရှိလို့ အငတ်ခံနေရတဲ့ပြည်သူတွေ အခြားနယ်ဒေတွေတင်မက ရန်ကုန်မှာတောင် ဒုနဲ့ဒေးပါပဲ။
၂၁ ရာစုရဲ့ ဆယ်စုနှစ် သုံးခု အနားရောက်လာချိန်မှာ ရန်ကုန်မြို့ကိုတောင် လျှပ်စစ်မီးပုံမှန်မပေးနိုင်တဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ အုပ်ချုပ်သူတွေအနေနဲ့ ဘယ်လိုများ သူ့လက်ထက်မှာ စီးပွားရေးတိုးတက်တယ်လို့ပြောရဲတာတုန်းဆိုပြီး "အရှက်သိက္ခာမရှိ"လို့ဘဲ လို့ဖြေရမှာပါ။
ရန်ကုန်မြို့ကိုတောင် လျှပ်စစ်မီးပုံမှန်မပေးနိုင်ပေမယ့် မအလတို့ နေအိမ် တွေရှိတဲ့ ကြက်ပြေးက ကြက်တန်းမှာတော့ ၂၄ နာရီမီးတွေထိန်လင်းလို့ပါ။ အဲဒီလောက်ကို ပြည်သူတွေအပေါ် စေတနာထားတဲ့ ဘုရားစူး ခေါင်းဆောင်ကြီးတွေပါ။
ရန်ကုန်မြို့ရဲ့ လမ်းမတွေထက်က မီးစက်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ "တဖုန်းဖုန်း၊ တဒိုင်းဒိုင်း"နဲ့ သူတို့ခင်ဗျာအလုပ်ဖြစ်နေတယ်လို့တောင်ဆိုရမှာပါ။
မီးစက်ထုတ်တဲ့ကုမ္ပဏီ၊ ဆိုလာထုတ်တဲ့ ကုမ္ပဏီနဲ့ ရောင်းချသူတွေကတော့ အာဏာသိမ်းတာကိုတောင်ကျေးဇူးတင်ရမယ့်အဖြစ်ပါ။
အရင်ကဆို မီးပျက်တာနဲ့ ဘာကြောင့်ပျက်တာလဲ တန်းခေါ်တန်းကိုင်တဲ့ YESC Call center နံပတ် 1717ကလည်း အခုဆို ကိုင်မယ့်သူမဲ့နေပါပြီ။ မီးပျက်လို့ ဖုန်းဝိုင်းခေါ်တိုင်းကိုင်ရရင်လဲ 1717ဖြေတဲ့သူ ပါးစပ်အမြှုပ်ထွက်သေမယ်ထင်ပါတယ်။ ဒါကြောင့် မကိုင်တော့တာထင်တယ်လို့အကောင်းဘက်ကတွေ့ရင်း ဖြေရပါတယ်။
အခုဆိုရင် ရန်ကုန်မြို့ကိုတောင် တရက် ၄ နာရီပဲမီးပေးနိုင်တဲ့ အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံအဖက်ဖက်က ယိုယွင်းနေတာ သူတို့နဲ့မဆိုင်ဘူးဆိုပြီး မျက်နှာပြောင်တိုက်လို့ကောင်းတုန်းပါ။
မင်း အောင်လှိုင်တို့လူတစုဟာ တကယ်ဂုဏ်သိက္ခာအရှက်တရားတစက်ကလေးမှမရှိတဲ့ စစ်ဗိုလ်ချုပ်အမည်ခံ ပြည့်တန်ဆာခေါင်းတွေပါပဲ။
ရန်ကုန်သားတွေဟာ ဒီမိုကရေစီအစိုးရလက်ထက်က တနေ့ကုန် ၁၀ မိနစ်လောက်မီးပျက်ရင် စောဒကတတ်ကြပေမယ့် အခုဆိုရင် တနေကုန်မှမီး ၁ နာရီလောက်ထလာတာကို "ဟေးးး "လို့ထအော်ပြီး ပျော်နေရတဲ့အခြေအနေတွေရယ်ပါ။
ဘယ်လောက်တောင်ဆိုးရွားလာသလဲဆိုရင် "ရေ"ကိုတောင် "ချွေ"တာနေရပါပြီ။ အာဏာသိမ်းပြီးကတည်းက ကျပ်တည်းလာတဲ့ အခြေအနေအရပ်ရပ်မှာ ပြည်သူတွေဟာ ထမင်းနဲ့ဟင်းစားဖို့ကိုတောင်ချွေတာနေရတာနဲ့တင်မပြီးသေး အစစအရာရာချွေတာနေရတာပါ။
နောက်ဆိုရင် ရှူတဲ့လေကိုပင် ချွေတာရတော့မယ့် အနေအထားဖြစ်လာပါတော့မယ်။
ပြည်သူတွေကိုသာ ချွေတာခိုင်းနေပေမယ့် စစ်ဗိုလ်ချုပ်တွေရဲ့ထမင်းဝိုင်းကတော့ ဟင်းအမဲစုံစုံလင်လင်နဲ့ပါ။ အောက်ခြေစစ်သားတွေကတော့ ခြင်းကြားလေးကို လွယ်ကာပိုးလို့ ရူးရှဲလက်ဖက်လောက်နဲ့ တင်းတိမ်နေတော့လဲ စစ်ဗိုလ်ချုပ်တွေအဖို့ အဆင်ပြေနေတာပဲဖြစ်ပါတယ်။
ပြည်သူငွေတွေနဲ့ ကြီးပွားချင်တိုင်းကြီးပွားနေတဲ့ စစ်အာဏာရှင်တွေဟာ နိုင်ငံရေးနည်းအရပဲဆွေးနွေးဆွေးနွေး အဆီအသားစားရတာများတဲ့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့နေရာကိုလွယ်လွယ်နဲ့ဖယ်ပေးမှာမဟုတ်ပါဘူး။ ဒါကိုသက်ဆိုင်သူတွေသတိချပ်စေချင်ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ရန်ကုန်ဟာ စစ်ဘေးမကြုံသေးပေမယ့် အချို့ရပ်ကွက်တွေမှာ အငတ်ဘေးကြုံနေရပါပြီ။ ရန်ကုန်လို စီးပွားရေးမြို့တော်ကိုတောင် အဆင်ပြေအောင်စီမံခန့်ခွဲနိုင်ခြင်းမရှိတဲ့ စစ်ကောင်စီဟာ သူတို့အကျိုးစီးပွားအတွက် အုန်းသီးလုံးလောက်ကိုယ့်အပြစ်ကိုဖင်ခုထိုင်ပြီး နှမ်းစေ့လောက်သူများအပြစ်ကိုတွင်တွင်ပြောနေပါတော့တယ်။
ဒါတွေဟာ အာဏာမသိမ်ခင်နဲ့ အာဏာသိမ်းပြီး မြင်ရတာလွယ်ကူတဲ့ ရန်ကုန်မြို့ရဲ့ပြောင်းလဲမှုတွေပဲဖြစ်ပါတယ်။
ရန်ကုန်မှာအာဏာမသိမ်ခင်အချိန်ကနေ အခုအာဏာသိမ်းပြီးအချိန်အထိ နေထိုင်နေတဲ့ပြည်သူတဦးရဲ့အမြင်ကနေရေးသားလိုက်ရတာပဲဖြစ်ပါတယ်။ ဒီထက်မကဆိုးရွားတာတွေလဲရှိနိုင်ပါတယ်။ ကိုယ့်နိုင်ငံမှာ နိုင်ငံသားမှတ်ပုံတင်ကိုင်ပြီးနေတာတောင် သန်းခေါင်စာရင်းတိုင်နေရတဲ့အခြေအနေအထိ ခေတ်ကနောက်ပြန်ဆုတ်သွားတာမြင်သာလှပါတယ်။
လက်ရှိပြည်သူတွေရဲ့ခက်ခဲမှုတွေအားလုံးဟာ အာဏာသိမ်းတဲ့နောက်ဆက်တွဲရဲ့ အကျိုးသက်ရောက်မှုတွေပဲဖြစ်ပါတယ်။ ဒီဒဏ်တွေကို အာဏာသိမ်းတာကိုမကြိုက်တဲ့သူတွေတင်မကဘဲ စစ်ကောင်စီကိုထောက်ခံတဲ့သူတွေပါ ခါးစည်းခံနေရတာ ငြင်းမရတဲ့အမှန်တရားပဲဖြစ်ပါတယ်။
အချုပ်အားဖြစ်ဆိုရရင်တော့ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကမ္ဘာနဲ့ကူးလူးဆက်သွယ်နေတဲ့ စီးပွားရေးမြို့တော်ရန်ကုန်သည်ပင် ဒီမိုကရေစီလက်ထက်ကထက် မြင်သာတဲ့ရုပ်ပိုင်းဆိုင်ရာတွေတင်မက မမြင်သာတဲ့စိတ်ပိုင်းဆိုင်ရာတွေပါ ဆုတ်ယုတ်လာပြီး ဒုက္ခမြို့တော်ကြီးတဖြေးဖြေးဖြစ်လာနေပါကြောင်း .....
#ပေးစာ #satire #ရန်ကုန်
#MyanmarLabourNews