မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဘက်စွန်းစွန်းက စစ်ကိုင်းတိုင်းဆိုတာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ နဲ့ မကွေးတိုင်းတို့ နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တိုင်းဒေသကြီး တခုဖြစ်ပါတယ်။
အဲ့ဒီမှာ ဆိုရင် ရိုးရာမပျက်တောင်သူလုပ်ငန်းတွေထွန်းကားပြီး ယဥ်ကျေးသိမ်မွေ့တဲ့ဒေသခံတွေ ဘုရားပုထိုးတွေပေါများလှတဲ့နေရာလေးတခုပါ။ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိပါတယ်။ အဲ့ဒီ့ထဲမှာမြောင်မြို့နယ်လေးလဲပါဝင်ပါတယ်။
သာမာန်တောင်သူမိဘနှစ်ပါးကပေါက်ဖွားလာတဲ့မရွှေခက်(အမည်လွှဲ)ဟာ တက္ကသိုလ်တခုမှာ အထူးပြုမေဂျာတခုနဲ့ဘွဲ့ရပြီးနောက်မှာတော့ မိဘတွေရှိရာရွာလေးမှာပဲတောင်သူအလုပ်ကိုလုပ်ရင်းနေထိုင်ခဲ့တာပါ။
"အေးအေးချမ်းချမ်းပဲ အမေတို့နဲ့တောင်သူလုပ်ငန်းလေးဝိုင်းလုပ်ရင်း ဘဝကိုဖြတ်သန်းနေခဲ့တာပါ"လို့မရွှေခက်ကဆိုပါတယ်။
ဒါပေမယ့်မရွှေခက်တို့ရဲ့ အေးချမ်းမှု့ကိုစစ်အာဏာရှင်ဆိုတဲ့လူတစ်စုက၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး နင်းချေ ဖျက်ဆီးလိုက်ပါတော့တယ်။
စစ်တပ်ရဲ့မတရားအာဏာသိမ်းမှု့ကိုဆန့်ကျင်ကြတဲ့ အမြို့မြို့အနယ်နယ်က သန်းပေါင်းများစွာသောပြည်သူလူထုကြီးဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပေမယ့် အာဏာရှင်လက်ကိုင်တုတ် ရဲနဲ့စစ်တပ်ကပြည်သူတွေကိုရက်ရက်စက်စက်ဖြိုခွင်းခဲ့ပါတယ်။
"ကျမဒီလက်နက်ကိုင်တော်လှန်ရေးလမ်းကိုရွေးချယ်ခဲ့တာ စစ်တပ်က ကျမတို့ရွာတွေကိုနေ့စဥ်နဲ့အမျှဝင်ပြီးဒုက္ခပေးတယ် အိမ်တွေမီးရှို့တယ် သြဂုတ်လမှာ ကျမတို့ပြည့်သူကာကွယ်ရေးရဲဘော်တွေကို စစ်တပ်ကသတ်ဖြတ်ခဲ့တယ် အဲ့ဒီ့ခံစားချက်မျိုးစုံကြောင့်ဖြစ်တယ်"လို့ သူမကဆက်ပြောပါတယ်။
သူမအနေနဲ့လက်ရှိအချိန်မှာ မြိုင်အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့အမျိုးသမီး ပြောက်ကြားတပ်ဖွဲ့ထဲဝင်ရောက်လာခဲ့တာဟာ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှု့တွေကြောင့်ဖြစ်တယ်ဆိုတာငြင်းလို့မရတဲ့အခြေအနေတခုပါ။
သာမန်ဆိုရင်တော့ ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းရတာကြိုက်တဲ့ သူမကအကြမ်းဖက်စစ်ကောင်စီကိုအမြစ်ဖြတ်ဖို့လက်နက်ကိုင်ပြီး ခုခံတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ရပါတော့တယ်။
"ပုံမှန်ဆိုကျမ ယာလုပ်ငန်းလေးလုပ်ပြီးအေးအေးဆေးဆေးဖြတ်သန်းချင်တာ ခုကျမရဲ့ပစ်မှတ်ကအကြမ်းဖက်စစ်တပ်ကိုအမြစ်ဖြတ်ဖို့ပဲ"လို့သူမကပြတ်ပြတ်သားသားဆိုပါတယ်။
စစ်တပ်ရဲ့လူထုအပေါ်ရက်စက်မှု့တွေ ညှဥ်းပန်းနှိပ်စက်မှု့တွေကိုမခံနိုင်တော့တဲ့အဆုံး လူငယ်တွေဟာစစ်တပ်ကိုခုခံတိုက်ခိုက်ဖို့ဆုံးဖြတ်ရင်း ဒေသခံပြည်သူ့ကာကွယ်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေဖွဲ့စည်းပြီး တော်လှန်ရေးစတင်ခဲ့သလို ဒီထဲမှာ အမျိုးသားတွေသာမက မရွှေခက်လိုအမျိုးသမီးငယ်တွေပါခဲ့ပါတယ်။
မရွှေခက်ရှိနေတဲ့ စစ်ကိုင်းတိုင်းမြောင်အခြေစိုက်အဖွဲ့ MyaungWomenWarriors-MWW အမျိုးသမီးပြောက်ကြားစစ်သည်တော်များအဖွဲ့လည်းပါဝင်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်ကောင်စီမှ မတရားအာဏာသိမ်းလိုက်သည့်နေမှစတင်ပြီး အမျိုးသမီးလူထုသည်လည်း သပိတ်ကြောင်းများပေါင်းစုံတွင် ကျားမ တန်းတူ သပိတ်မှောက်ခြင်းမှစတင်ပြီး ယနေ့ဒီလိုတိုက်ပွဲဝင်ရန်ပြင်ဆင်နေသည့်အမျိုးသမီးများဖြစ်လာခဲ့တာဖြစ်တယ်လို့အဖွဲ့ရဲ့ကြေညာချက်တခုမှာထုတ်ပြန်ထားပါတယ်။
မရွှေခက်ရဲ့လက်နက်ကိုင်လမ်းစဥ်ကိုရွေးချယ်ခဲ့တဲ့အပေါ် MLN ကမေးမြန်းရာမှာတော့-
"ကျမ MWW ထဲဝင်ရောက်ဖြစ်ခဲ့တာကတော့ စစ်တပ်က ကျမတို့ရွာတွေကိုနေ့စဥ်နဲ့အမျှဝင်ရောက် ဖျက်ဆီးတာတွေ ပြည်သူတွေကို အကြမ်းဖက်တာတွေကို အဲ့ဒါတွေအပေါ်မှာအများကြီးမူတည်ခဲ့တယ် အဲ့ဒီ့စိတ်ခံစားမှု့မျိုးစုံကတထောင့်တနေရာကပါခဲ့တယ်"လို့သူမကဖြေပါတယ်။
စစ်ကိုင်းတိုင်းမှာ သြဂုတ်လနောက်ပိုင်းကစတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်အကြားတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်တပ်ဖက်က အလောင်းမင်းတရားနာမည်နဲ့စစ်ဆင်ရေးကြီးတခုလုပ်ပြီး ချေမှုန်းဖို့ကြိုးစားပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ခုခံတိုက်ခိုက်မှု့တွေကြောင့်နောက်ဆုတ်ခဲ့ရပါတယ်။
ဒါပေမယ့်စစ်တပ်က ဒီတိုင်းနောက်မဆုတ်ခဲ့ဘဲ စစ်ဆင်ရေးလမ်းကြောင်းတလျောက်က ရွာတွေပြည်သူတွေကိုဖျက်ဆီးမီးရှို့သတ်ဖြတ်မှု့တွေလုပ်ဆောင်ခဲ့လို့ ကနီဒေသမှာဆိုဒေသခံ ၅၀၀၀ ဝန်းကျင်လောက်အိုးပစ်အိမ်ပစ်ပြီးထွက်ပြေးတိမ်းရှောင်နေကြရဆဲပါ။
ဒီလိုပြည်သူတွေအပေါ်အကြမ်းဖက်တိုက်ခိုက်နေတဲ့စစ်တပ်ကို အမျိုးသမီးစစ်သည်တဦးအနေနဲ့ခုခံတိုက်ခိုက်မယ့်မရွှေခက်မှာတခြားရည်ရွယ်ချက်တခုလဲရှိပါသေးတယ်။
"ကျမက ကျား၊မ တန်းတူအခွင့်အရေးမြန်မာပြည်မှာရစေချင်တယ် အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ရင်ဘောင်တန်းနိုင်ခွင်ကို မြှင့်တင်ပေးချင်တယ် ကျမတို့ဖက်တွေမှာဆို အကိုတွေကအခွင့်အရေးပိုရတယ် တနေရာရာသွားမယ်ဆိုလဲမိန်းကလေးမို့လို့ဆိုတာမျိုးတွေရှိတယ် မိဘဆီကခွင့်ပြုချက်တောင်းရင်တောင်မိန်းကလေးမို့လိုဆိုတာမျိုးတွေပျောက်စေချင်တယ်"လို့သူမကဆက်ပြောပါတယ်။
စစ်ရေးပဋိပက္ခတွေနဲ့အတူမြန်မာနိုင်ငံမှာစစ်ရာဇဝတ်မှု့တွေအပါအဝင်စစ်ဆင်ရေးဒေသတွေမှာ အမျိုးသမီးတွေအပေါ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု့တွေ အကြမ်းဖက်မှု့တွေအများအပြားကြုံတွေ့လာရပါတယ်။
ဒီအခြေအနေကိုမိန်းကလေးတယောက်ဖြစ်တဲ့မရွှေခက်မနှစ်မြို့ပါဘူး။
"ခန္ဓာကိုယ်ဖွဲ့စည်းပုံကွာတာနဲ့သူတို့လုပ်သမျှခံနေစရာမလိုဘူး စစ်ကောင်စီရဲ့ဒီလိုအကြမ်းဖက်မှု့တွေကိုရှုံ့ချတယ် ကိုယ့်အမေကိုယ့်နှမတွေလို့တွေးစေချင်တယ်"လို့သူမကပြောပါတယ်။
စစ်ကောင်စီကိုတော်လှန်တဲ့နေရာမှာ အမျိုးသားတွေသာမက အမျိုးသမီးတွေကလဲမြို့ပြသပိတ်တိုက်ပွဲတွေပြောက်ကြားလှုပ်ရှားမှု့တွေအပြင် ပြည်သူ့ကာကွယ်ရေးတပ်တွေမှာလဲ ကျရာနေရာကတာဝန်ယူနေတာပါ။
စစ်ကောင်စီကိုအံတုဖို့ တော်လှန်ရေးလုပ်ချင်တဲ့အမျိုးသမီးတွေနဲ့ လက်နက်ကိုင်လမ်းစဥ်မှာထပ်ပြီးပါဝင်ချင်တဲ့အမျိုးသမီးတွေကလဲအများအပြားရှိနေဆဲပါ။
"ခုကျမတို့အဖွဲ့ထဲကိုဝင်ချင်တဲ့ ညီမတွေကိုပြောကချင်တာကမဝင်ရလို့မလုပ်ရလို့ စိတ်အားငယ်စရာမလိုဘူး၊ တော်လှန်ရေးဆိုတာ လက်နက်ကိုင်ပြီးတိုက်တာမှတော်လှန်ရေးဆိုတာမျိုးမဟုတ်တဲ့အတွက် ရရာနည်းလမ်းကပါဝင်ပြီး တိုက်ပွဲတွေမှာပူးပေါင်းဖို့လုပ်ပါလို့ပြောချင်တယ်" လို့သူမအဖွဲ့ဖြစ်တဲ့ MWW ကိုဝင်ရောက်လိုတဲ့အမျိုးသမီးတွေအတွက် သတင်းစကားပါးပါတယ်။
အမျိုးသမီးတွေအနေနဲ့စစ်ကောင် စီတပ်တွေလှုပ်ရှားနေတဲ့နယ်မြေတွေမှာရှိနေတယ်ဆိုရင် တကိုယ်ရေစာ လုံခြုံရေးအတွက်ပြင်ဆင်ထားသင့်တယ် လို့သူမကဆိုပါတယ်။
နိုင်ငံနဲ့အဝှမ်းအာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်နေတဲ့နေရာမှာ Myaung Women Warriors လိုအမျိုးသမီးတပ်ဖွဲ့တွေ အမျိုးသမီးသပိတ်အင်အားစုတွေအများအပြားရှိနေပြီး လက်ရှိအချိန်မှာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ်အကြမ်းမဖက်ရေးရက်သတ္တပတ်လှုပ်ရှားမှု့ မှာလဲတက်တက်ကြွကြွပူးပေါင်းဆောင်ရွက်နေကြပါတယ်။
(ယခုဆောင်းပါးတွင်ပါဝင်သည့်မရွှေခက်(အမည်လွှဲ)ဆိုသည့်အမျိုးသမီးငယ်မှာမြောင်အမျိုးသမီးပြောက်ကြားစစ်သည်တော်များအဖွဲ့ဝင်တဦးဖြစ်ပြီး Myanmar Labour News မှသူမ၏လုံခြုံရေးနှင့်အဖွဲ့လုံ့ခြုံရေးအတွက်လုံ့ခြုံရေးဆိုင်ရာအချက်အလက်များကိုချန်လှပ်ဖော်ပြထားပါတယ်။
မှတ်ချက်- အမျိုးသမီးစစ်သည်ရဲ့ အမည်ကို မြန်မာမျိုးရင်း ရတနာ ရွှေခက် သစ်ခွ Dendrobium Lindleyi အမည်မှ ယူငင်အသုံးပြုထားပါတယ်။