တိုင်းဒေသကြီး နဲ့ပြည်နယ် ၅ ခုက သိန်းနဲ့ချီတဲ့ ရေဘေးသင့်သူတွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အရေးပေါ်စားနပ်ရိက္ခာ အကူအညီပေးနေတယ်လို့ သြဂုတ် ၇ ရက်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ဇွန်လနှောင်းပိုင်းလောက် ကစပြီး မုတ်သုံမိုးသည်းထန်စွာရွာသွန်းတဲ့ အတွက် မြန်မာနိုင်ငံမှာ လူပေါင်း နှစ်သိန်းကျော် ရေဘေးသင့် ထိခိုက်ခဲ့ရပြီး အများအပြားဟာ ယာယီအိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဂြိုဟ်တုဓာတ်ပုံတွေအရ ယခုဩဂုတ်လ ၆ ရက်ထိ လူ ရှစ်သိန်းခွဲကျော် (၈၅၅၀၀၀) လောက် ရေလွှမ်းမိုးတဲ့နေရာတွေမှာ နေထိုင်နေတာတွေ့ရတယ်လို့ ရေးထားပါတယ်။
မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာမလုံလောက်မှု အရေးပေါ်အခြေနေရောက်နေတဲ့ အချိန်မှာ အခုလိုရေဘေးသင့်ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ WFP ဌာနေကိုယ်စားလှယ် Paolo Mattei က ပြောထားပါတယ်။
နိုင်ငံတစ်ဝန်း လူ ၁၃ သန်းကျော်ဟာ စားနပ်ရိက္ခာ မဖူလုံတဲ့ အတွက် ရုန်းကန်နေရချိန်မှာ အခုလို ရေလွှမ်းမိုးတာ ကြောင့် ပိုဆိုးဝါးစေတယ်လို့ ဆိုပါတယ်။
ပဲခူး၊ ကချင်၊ ကရင်၊ မကွေးနဲ့ စစ်ကိုင်းက ရေဘေးသင့်သူ အနည်းဆုံး ၁၂၀၀၀၀ ကို WFP က ငွေ၊ ဆန်၊ အထူးစီမံထားတဲ့ အဟာရပြည့်ဝ အစားအစာ စတာတွေ ထောက်ပံ့တယ်လို့ ကြေညာချက်မှာဖော်ပြပါတယ်။
ဒါ့အပြင်နိုင်ငံအတွင်း ရေကြီးရေလျှံ မှု တွေ ဆက်လက်ကြီးနေတာနဲ့အမျှ အခြေအနေကို WFP က စောင့်ကြည့်နေပြီး လိုအပ်သလို ထပ်မံတုံ့ပြန်ဆောင်ရွက်ဖို့ ပြင်ဆင်ထားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဓါတ်ပုံများ- STN ( ကရင်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများ)