လိပ်ခေါင်းရောဂါ၊ ဂရင်ဂျီနာစတဲ့ ခန္ဓာကိုယ်အောက်ပိုင်း ရောဂါ တွေ ကို တရုတ်ဆရာဝန်တွေ က ကုသပေးနေတဲ့ ဆေးကုခန်းတွေ ရန်ကုန် မှာ ဖွင့်လှစ် မှု များလာတယ်လို့ စုံစမ်းသိရှိရပါတယ်။
အဲ့ဒီ ဆေးခန်းတွေမှာ ဆေးကုသမှုကုန်ကျစရိတ်တောင်းယူတာများပြားပြီး ရောဂါမသက်သာတဲ့လူနာတွေလည်း များနေတယ်လို့ သွားရောက်ကုသဖူးတဲ့လူနာတွေနဲ့ ဆရာဝန်အသိုင်းဝိုင်းမှသိရပါတယ်။
အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံ အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍဟာ တဖြည်းဖြည်း ဆိုးရွားလာပါတယ်။
ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ နည်းပါးလာခြင်းနဲ့ ကုသစရိတ်နဲ့ဆေးဝါးဈေးနှုန်းတွေ အလွန်အမင်းမြင့်တက်လာတဲ့ အတွက် နာမကျန်းဖြစ်နေတဲ့ ပြည်သူတွေ အနေနဲ့ ရောဂါကိုထိရောက်စွာကုသပေးမယ့် ဆရာဝန်ထက် ကုသစရိတ် ဈေးသက်သာတဲ့ ဆေးခန်း ဆေးရုံ တွေ ကို သာ ဦးစားပေးရွေးချယ်လာရချိန်မှာ အခွင့်ကောင်းယူပြီး ယခုလို တရုတ်ဆေးခန်းတွေဟာ ကြေငြာအားကောင်းကောင်းဖြင့် ကုသစရိတ်ရာခိုင်နှုန်း လျော့ပေါ့ပေးမယ်ဆိုတဲ့ စွဲဆောင်မှုမျိုးတွေနဲ့ လုပ်ဆောင်လာတာ တွေ့ရပါတယ်။
၎င်းဆေးကုခန်းတွေဟာ လိင်ပိုင်းဆိုင်ရာ ရောဂါနဲ့ခန္ဓာကိုယ်အောက်ပိုင်းရောဂါ တွေ ကို အဓိက ကုသပေးကာ လူမှုကွန်ယက်စာမျက်နှာတွေ မှာ ကြေငြာကာ လူနာတွေ ကို ဆွဲဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
ဆေးကုသရာမှာလည်း မြန်မာစကားနားမလည်တဲ့ တရုတ်ဆရာဝန်တွေက လူနာ ကို မြန်မာစကားပြန်ကတစ်ဆင့် ပြောဆို ကုသပေးနေတာ ဖြစ်ကာ ပြည်တွင်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆရာဝန် များနဲ့ ကုသတဲ့ ပုံစံ မတူညီမှု တွေ တွေ့ရှိရတယ်လို့ သိရပါတယ်။
""ရန်ကုန်မှာ လိပ်ခေါင်းခွဲခဲ့တဲ့ လူနာတစ်ယောက် ခွဲထားတာတစ်လရှိပြီ မသက်သာလို့ဆိုပြီး လာတိုင်ပင်တယ်သူပြောတာတော့ ခွဲပေးတဲ့ဆရာဝန်က တရုတ်လိုပြောတာ ကြားထဲမှာစကားပြန်နဲ့ပြောရတယ်တဲ့ အဲ့ဆေးခန်းက စာအုပ်လဲပါတယ် အဲ့စာအုပ်ထဲမှာ အခြားဟာတွေ လက်ရေးသပ်သပ်ရပ်ရပ်နဲ့သေချာရေးထားတယ် ဒါပေမယ့် Operation Note တော့ မပါဘူး၊ ဆရာဝန် နာမည်မပါဘူး ထူးခြားတာက OPD အနေနဲ့ ခွဲတယ် ခွဲပြီးနောက်နေ့မှာ ၇ရက် ဆက်တိုက် IV DW 250ml ဆက်တိုက်သွင်းထားတယ် ဘယ် Surgeon မှ ဒါမျိုးမလုပ်ဘူးလေ အခုက ဗမာစကားလည်းမပြောတတ်ဘူး ဆိုတော့ ဆရာဝန်တောင် ဟုတ်ရဲ့လား တွေးမိတယ်""လို့ လူမှုကွန်ယက်စာမျက်နှာတွင် ဆရာဝန်တစ်ဦးကသူရဲ့ကိုယ်တွေ့အခြေနေကို ပြောကြားထားပါတယ်။
အခုလို သွားရောက်ကုသတဲ့ လူနာတွေ မှာ ကာလကြာသည်အထိ မသက်သာဘဲ အခြား ဆရာဝန်များနဲ့ ထပ်မံ ကုသရပေမယ့် ၎င်းတရုတ်ဆေးခန်း တွင် ကုသစရိတ်မှာကျပ်သိန်း၂၀မှ ကျပ်သိန်း၃၀အထိ ပေးရတယ်လို့ လူနာတွေထံကသိရပါတယ်။
""အွန်လိုင်းမှာကြော်ငြာထားတာတွေ့ပြီးသွားပြလိုက်တာ သူတို့က တခါထဲ တောင်းတာမဟုတ်ဘူး လိပ်ခေါင်း ဖြစ်လို့သွားပြတာ ခွဲရမယ် ၆သိန်းနဲ့၈သိန်းလောက်ပဲကုန်မယ် ပြောတယ် အဲ့တော့ အဲ့ကုန်ကျစရိတ်ဆိုရင် တတ်နိုင်တယ်ဆိုပြီး ခွဲလိုက်တာ ၇သိန်းခွဲ ကုန်တယ် အဲ့ဒါခွဲခန်းကနဲ့ခွဲတဲ့စရိတ်တဲ့ အခြားဆေးဖိုးတွေမပါသေးဘူး အားလုံး၁၀သိန်းကျော်ကုန်တယ် ခွဲပြီးတော့ အိမ်ပြန်လွှတ်တယ် အိမ်ကနေ ဆေးခန်းကို တပတ် လုံး လာပြရတယ် လာပြတဲ့ တစ်ရက်ကို ဆေးဖိုးဆိုပြီး၂သိန်းလောက်ကုန်တယ် လမ်းစရိတ်မပါသေးဘူး ပထမ မခွဲခင်ကတည်း အခုလို ကုန်ကျမယ်လို့ မပြောဘူး ၈သိန်းလောက်ပဲကုန်မှာခဏပဲ ဘာမှ မခံစားရဘူး သက်သာသွားမှာနဲ့ပြောတာ တစ်ချို့ဆို ဆက်ပြီးမကုနိုင်တော့လို့ ၂ရက်လောက်ပဲ ဆေးခန်းလာပြပြီး နီးစပ်ရာနဲ့ ပြရတာတွေရှိတယ် ""လို့ ဆေးကုခန်းမှာ ကုသနေဆဲ လူနာက ပြောပါတယ်။
ယခုလို ဆေးကုခန်းတွေ ကို ရန်ကုန်မြို့ အတွင်း လူသွားလာများတဲ့ လမ်းမကြီးပေါ် တွေမှာ အများပြား ဖွင့်လှစ် ထားတယ်လို့ သိရပါတယ်။
၎င်းဆေးကုခန်းတွေ မှာ ကုသခဲ့တဲ့ လူနာတွေ အနေနဲ့ ရောဂါအခြေနေ မပျောက်ကင်းသူတွေလည်းရှိသလို အခြေနေပိုဆိုးသွားတာတွေလည်းရှိတဲ့ အတွက် သတိထား ရှောင်ရှားဖို့ ပြည်တွင်းက ဆရာဝန် အချို့က လူမှုကွန်ယက်စာမျက်နှာတွေ မှာ ပြည်သူတွေ ကို သတိပေးတာတွေလည်းရှိပါတယ်။
"" သူတို့က လိင်ရောဂါနဲ့ခါးအောက်ပိုင်းရောဂါတွေ ကို ဘာလို့ အဓိကထားလဲဆိုရင် လူတွေက ဒီလိုကိစ္စဖြစ်ရင် ပွင့်ပွင့်လင်းလင်း ပြောဆိုကုသဖို့ကိုရှက်တယ် ရှက်တော့သေချာနားလည်တဲ့သူတွေ နဲ့ တိုင်ပင်တာမျိုးမလုပ်ဘဲ အွန်လိုင်းကဟာကိုပဲ မျက်စိမှိတ်ယုံလိုက်တယ်ပိုက်ဆံကုန်ပြီး မသက်သာဖြစ်နေလည်း နောက်တစ်ယောက်ပြောင်းပြရမှာရောရှက်တာရော နဲ့ ဆက်ပြကြတယ်၊ နောက်ဆုံးဘယ်လိုမှ မနေနိုင်တော့ဘူးဆိုမှ ဆရာဝန်တွေဆီရောက်လာတာ ကိုယ်အလိမ်ခံရတာကို ရှက်တာ တစ်ချက်နဲ့ကျိတ်ခံကြတယ် အဲ့ဒါနဲ့ နောက်ထပ် နောက်ထပ် လူတွေ အလိမ်ခံရတာတွေ ဖြစ်နေတာ""လို့ ဆရာဝန်တစ်ဦးမှသူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာအသိပေးရေးသားထားပါတယ်။
ပုဂ္ဂလိကဆေးရုံ ဆေးခန်းတွေအာဏာသိမ်းပြီးနောက်ပိုင်း ပိုမို ဖွင့်လှစ်လာပေမယ့် စစ်ကောင်စီ နဲ့ အလျဥ်းမသင့်တဲ့ ဆေးရုံဆေးခန်းတွေ မှာ အကြောင်း အမျိုးမျိုးကြောင့် ယာယီပိတ်ရတာမျိုးတွေရှိကာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မန္တလေးမြို့ ရှိ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း ၇ခုမှာ လိုင်စင်ပြဿနာကြောင့်ယာယီပိတ်လိုက်ရတယ်လို့ သိရပါတယ်။